Tetanus (မေးခိုင်ရောဂါ)
21-Nov-2016မေးခိုင်ရောဂါဆိုသည်မှာ Clostridium tetani ဟုခေါ်သည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားနိုင်ပြီး ခန္ဓာကိုယ်၏ အာရုံကြောစနစ်ကို ထိခိုက်ကာ ကြွက်သားများ နာကျင်တောင့်တင်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မေးရိုးနှင့် လည်ပင်းကြွက်သားများ ထိနိုင်သည်။
လက္ခဏာများ
ခန္ဓာကိုယ် အတွင်းသို့ ပိုးဝင်ရောက်ပြီး တစ်ပတ်အတွင်းတွင် ရောဂါလက္ခဏာများ ပေါ်နိုင်ပါသည်။ သို့သော် အချို့သူများတွင် ပိုးဝင်ရောက်ပြီး အပတ်ပေါင်းများစွာကြာမှ လက္ခဏာပေါ်နိုင်ပါသည်။
- မေးရိုးနှင့်လည်ပင်းကြွက်သားများ တောင့်ခြင်း
- မျိုချရခက်ခြင်း
- ဗိုက်ကြွက်သားများ တောင့်ခြင်း
- ခန္ဓာကိုယ်အနှံ့ ကြွက်သားများ နာကျင်တောင့်တင်းခြင်း၊ အထူးသဖြင့် ဆူညံသံ၊ အလင်းရောင် ထိတွေ့မှုတို့ကြောင့် ခံစားရမှု ပို၍ဆိုးနိုင်ပါသည်။
- ဖျားခြင်း
- ချွေးထွက်ခြင်း
- သွေးပေါင်ချိန်တက်ခြင်း၊ ကျခြင်း၊
- နှလုံးခုန်မြန်လာခြင်း စသည်တို့ကိုလည်း ခံစားရနိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
ဘက်တီးရီးယားရောဂါပိုးသည် မြေကြီး၊ နွားချေး၊ သစ်သား၊ သံစသည်တို့တွင် ရှိနေတတ်သည်။ ထိုအရာများနှင့် ထိခိုက်မိလျှင်၊ သို့မဟုတ် အနာထဲသို့ မသန့်ရှင်းသော ဖုန်မှုန့်များ ဝင်သောအခါ ထိုအနာမှတဆင့် ဘက်တီးရီးယားပိုးမှ ထုတ်သောအဆိပ်ကြောင့် အာရုံကြောစနစ်ကို ထိခိုက်နိုင်သည့်ရောဂါ ဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
- မေးခိုင်ကာကွယ်ဆေး မထိုးထားသူများ၊ သို့မဟုတ် ကာကွယ်ဆေးထိုးချိန်ပြည့်အောင် မထိုးသူများ။
- အတွင်းထဲထိနက်သော အနာများ။
- အခြား ဘက်တီးရီးယားရောဂါပိုးများ ရှိခြင်း။
- အနာပတ်ဝန်းကျင်တွင် နီရဲရောင်ရမ်းနေခြင်း။
နောက်ဆက်တွဲပြဿနာများ
- ကြွက်သားများ အလွန်အမင်း တောင့်တင်းနေသည့်အတွက် အတွင်းရှိ အရိုးများကျိုးခြင်း။
- ရောဂါသက်သာစေရန် သုံးစွဲသောဆေးများ၊ ရောဂါကြောင့် အချိန်ကြာမြင့်စွာ နေရခြင်းကြောင့် ကိုယ်ခန္ဓာ လှုပ်ရှားမှုများ ချောမွေ့စွာ မပြုလုပ်နိုင်တော့ခြင်း။
- အသက်သေဆုံးခြင်းတို့အထိ ဖြစ်နိုင်ပါသည်။
စစ်ဆေးမှုများ
ဆရာဝန်မှ ရောဂါနှင့် ပတ်သက်သည့် ရာဇဝင်များ မေးမြန်းခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် သိရှိနိုင်ပါသည်။
ကုသခြင်း
- ရှေးဦးစွာ အနာကို သန့်ရှင်းအောင် ပြုလုပ်ရမည်။
- ဆေးဝါးများအနေဖြင့် ဘက်တီးရီးယားပိုးသတ်ဆေးများ ပေးခြင်း
- မေးခိုင်အဆိပ်ဖြေဆေးပေးခြင်း
- မေးခိုင် ကာကွယ်ဆေးထိုးခြင်း
- အိပ်ဆေးများ ပေးခြင်းနှင့်
- အခြားလိုအပ်သည့် ဆေးဝါးကုသနည်းများကို ပြုလုပ်ရပါမည်။
မေးခိုင်ရောဂါဖြစ်လျှင် ဆိုးရွားပါက အထူးကြပ်မတ်ကုသဆောင်တွင် အရေးပေါ်ကုသရန်အပြင် လိုအပ်ပါက အသက်ရှူစက်ဖြင့် ကုသရန်ပါ လိုအပ်ပါသည်။
ကာကွယ်ခြင်း
မေးခိုင်ရောဂါသည် အလွယ်တကူ ကာကွယ်၍ရသော ရောဂါဖြစ်သည်။ ငါးမျိုးစပ်ကာကွယ်ဆေး( Pantavalent vaccine) - အသက် ၂ လ၊ ၄လ၊ ၆လ တို့တွင် မပျက်မကွက် ထိုးသင့်သည်။ အချို့သူများတွင် ခုခံအားဓာတ် တစ်သက်တာလုံး ရရှိသွားသော်လည်းအချို့သူများတွင် Booster ထပ်ဆောင်းထိုးရန် လိုအပ်ပါသည်။ ထို့အပြင် အနာဖြစ်သွားပါကသန့်ရှင်းအောင်ထားပါ။ လိုအပ်ပါက ပိုးသတ်ဆေးသောက်သင့်သည်။ အနာမသန့်ပါက ပတ်တီးစည်းခြင်း၊ စည်းလျှင်လည်း ရက်ပေါင်းကြာမြင့်စွာ ထားခြင်းကို ရှောင်ကြဉ်ရမည်။
Ref: Mayo clinic