Print

Age spots (အမည်းစက်/တင်းတိပ်)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

Age spots ကို liver spots ဟုလည်းခေါ်ကာ အသက်အရွယ်ကြီးသူများ၏ အရေပြားတွင် ဖြစ်ပေါ်တတ်သော အမည်းစက်များကို ခေါ်ဆိုခြင်းဖြစ်သည်။အရွယ်အစားကွဲပြားကာ အများအားဖြင့် မျက်နှာ၊ လက်၊ လက်မောင်းနှင့် ပုခုံး၊ အထူးသဖြင့် နေလောင်ဒဏ်အခံရဆုံးနေရာများတွင်ဖြစ်ပေါ်လေ့ရှိသည်။အများအားဖြင့် အသက်၅ဝကျော်သူများတွင်ဖြစ်လေ့ရှိသော်လည်း အသက်ငယ်ရွယ်သူများ အထူးသဖြင့် နေပူဒဏ်အောက်တွင် အလုပ်လုပ်ရသူများတွင်လည်း တွေ့ရတတ်သည်။တစ်ခါတရံ ကင်ဆာပုံစံနှင့် ဆင်တူတတ်သော်လည်း အန္တရာယ်မရှိသောကြောင့် ကုသရန်မလိုအပ်ပေ။ အမြင်လှရန်အတွက်မူ အရောင်ချွတ်ဓာတ်ပစ္စည်းများပါသော ဆေးများသုံးပြီး ကုသနိုင်သည်။အမည်းစက်များမဖြစ်စေရန် နေလောင်ကာခရင်မ်များလိမ်းပေးခြင်းဖြင့်သော်လည်းကောင်း၊ နေပူဒဏ်မခံခြင်းဖြင့်သော်လည်းကောင်း ကြိုတင်ကာကွယ်နိုင်ပါသည်။


လက္ခဏာများ

အသားဖြူသည်မည်းသည်မဟုတ်ဘဲ အသားအရည်မရွေးတွင်ဖြစ်ပွားနိုင်သည်။ သို့သော် အသားဖြူသောသူများတွင် ပိုမိုဖြစ်ပွားတတ်သည်ကို တွေ့ရှိရသည်။


လက္ခဏာများအနေဖြင့်

- ပြန့်သော မကြွသောမျက်နှာပြင်ရှိပြီး ဘဲဥပုံသဏ္ဍာန်ရှိတတ်သည်။

- အညိုရောင်၊ မီးခိုးရောင် သို့ အမည်းရောင်ရှိတတ်သည်။

- အများအားဖြင့် မျက်နှာ၊ လက်၊ လက်မောင်းနှင့် ပုခုံး၊ အထူးသဖြင့် နေလောင်ဒဏ်အခံရဆုံးနေရာများတွင်ဖြစ်ပေါ်လေ့ရှိသည်။

- အရွယ်အစားအနေဖြင့် မဲှ့ခြောက်အရွယ်အစားမှစ၍ လက်မဝက်အရွယ်လောက်ထိရှိတတ်ပြီး အစုလိုက်ရှိနေတတ်ကြသော်ကြောင့် အလွယ်တကူ သတိပြုမိနိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

အမည်းစက်များသည် ရောင်ခြယ်ဆဲလ်များပုံမမှန်အလုပ်လုပ်သောကြောင့်ဖြစ်ရခြင်းဖြစ်သည်။ နေပူဒဏ်သည် ရောင်ခြယ်ဆဲလ်များမှ ရောင်ခြယ်ဓာတ် melanin ထုတ်လုပ်မှုကို များစေသည်။ မကြာခဏ နေလောင်ဒဏ်ခံရသော အရေပြားတွင် melanin ဓာတ်များစုပုံလာရာမှ ဖြစ်ပေါ်လာသည်။


ဖြစ်နိုင်ချေများသူများ

အသက်အရွယ်မရွေးမည်သူမဆိုဖြစ်ပွားနိုင်သော်လည်း အောက်ပါ အချက်များရှိပါက ပိုမိုဖြစ်နိုင်ခြေများသည်။

- ဆံပင်အနီရောင်နှင့် အသားဖြူသော လူဖြူမျိုး ဖြစ်လျှင်

- ပြင်းထန်သော နေလောင်ဒဏ်ကို မကြာခဏ ခံစားရသောလူဖြစ်လျှင်


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အများအားဖြင့် အန္တရာယ်ရှိလေ့မရှိသော်ကြောင့် ဆေးကုသစရာလည်း မလိုပေ။သို့သော် အရောင်ပြောင်းသည်သော်လည်းကောင်း၊ ပုံသဏ္ဍာန်ပြောင်းသည်သော်လည်းကောင်း melanoma အရေပြားကင်ဆာ လက္ခဏာများဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့်သွားရောက်ပြသသင့်သည်။

အောက်ပါအချက်များရှိပါက ဆရာဝန်နှင့်သွားရောက်ပြသသင့်သည်။

- အရောင်မှာ မည်းနက်လာလျှင်

- အရွယ်အစားကြီးထွားမှုမြန်လျှင်/အချိန်တိုအတွင်းကြီးလာလျှင်

- ဘေးနှုတ်ခမ်းသားမှာ မညီမညာဖြစ်လာလျှင်

- အရောင်မညီမညာဖြစ်လျှင် 

- ယားခြင်း၊ နီခြင်း၊ နာကျင်ခြင်း၊ သွေးထွက်ခြင်းများရှိလျှင်


စစ်ဆေးမှုများ

- ဆရာဝန်နှင့် ပြသ၍ စစ်ဆေးခြင်း

- အသားစယူ၍ စစ်ဆေးခြင်း ( ကင်ဆာဟုတ်မဟုတ်ခွဲခြားသိရှိနိုင်ရန်ဖြစ်သည်။ အများအားဖြင့် ထုံဆေးပေးပြီး ပြုလုပ်သည်။ )


ကုသခြင်း

အများအားဖြင့် အန္တရာယ်မရှိသောကြောင့် ကုသရန်မလိုအပ်ပေ။ အမြင်လှရန်အတွက်မူ အောက်ပါ နည်းလမ်းများသုံးပြီး ကုသနိုင်သည်။


(၁) သောက်ဆေးဖြင့် ကုသခြင်း

(၂) လေဆာနည်းလမ်းဖြင့် ကုသခြင်း Laser and intense pulsed light therapy

(၃) အအေးဓာတ်ဖြင့် ကုသခြင်း Freezing (cryotherapy)

(၄) အရေပြား ခြစ်ခြင်း Dermabrasion and microdermabrasion

(၅) ဓာတုပစ္စည်းဖြင့် ချေးတွန်းခြင်း


အထက်ပါနည်းလမ်းများသည် တစ်ခုချင်း ဘေးထွက်ဆိုးကျိုးများစွာရှိရာ အရေပြားအထူးကု ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ပြုလုပ်သင့်သည်။


ကာကွယ်ခြင်း

အမည်းစက်များမဖြစ်စေရန် နေလောင်ကာခရင်မ်များလိမ်းပေးခြင်းဖြင့်သော်လည်းကောင်း၊ နေပူဒဏ်မခံခြင်းဖြင့်သော်လည်းကောင်း ကြိုတင်ကာကွယ်နိုင်ပါသည်။


အခြားသိသင့်သော အချက်များ (ရှိလျှင်)


Ref: Mayo clinic

Translated by Dr. Greenbud



Related Articles


Advertisment 18