Print

Bone Spurs (အရိုးအတက်ထွက်ခြင်း)

  13-Aug-2018
Preview Image

အရိုးအတက်ထွက်ခြင်း ဆိုသည်မှာ အရိုးမျက်နှာပြင်မှ အရိုးအပို ထွက်လာခြင်းကိုခေါ်သည်။ အများအားဖြင့် အရိုးအပိုများသည် အရိုးတစ်ခုနှင့် တစ်ခုဆက်သွယ်သည့် နေရာများတွင် ဖြစ်လေ့ရှိသည်။ ထို့အပြင် ကျောရိုးမကြီးတွင်လည်း အရိုးအတက် ထွက်နိုင်သည်။အရိုးအတက်ထွက်ခြင်းကို အဓိကဖြစ်စေသည့် အကြောင်းအရာမှာ အဆစ်အမြစ်များ တိုက်စားပြီး ရောင်ရမ်းသည့်ရောဂါ (osteoarthritis) ကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ အရိုးအတက်ထွက်ရာတွင် လက္ခဏာမပြပဲ နှစ်နှင့်ချီ၍ ရှိနေတတ်သည်။ အရိုးအတက်ထွက်ရာတွင် ဖြစ်ပွားသည့်နေရာနှင့် ကျန်းမာရေးကို ထိခိုက်မှု ရှိမရှိပေါ် မူတည်၍ ကုသမှု လိုအပ်မှုရှိမရှိကို ဆုံးဖြတ်ရသည်။


လက္ခဏာများ

အများအားဖြင့် အရိုးအတက်ထွက်ပါက လက္ခဏာပြလေ့မရှိပါ။ အခြားကိစ္စအတွက် ဓာတ်မှန်ရိုက်မှသာ မိမိတွင် အရိုးအတက်ထွက်နေသည်ကို သိလေ့ရှိသည်။ အချို့ကိစ္စများတွင်မူ နာခြင်း၊ အဆစ်မလှုပ်နိုင်ခြင်း စသည့်လက္ခဏာများဖြစ်တတ်သည်။  အရိုးအတက်ရောဂါ၏ လက္ခဏာများမှာ ဖြစ်ပွားသည့်နေရာပေါ် မူတည်၍ ဒူးခေါင်းတွင် အရိုးအတက်ထွက်ခြင်း - အရိုးအတက် ရှိနေခြင်းကြောင့် ဒူးခေါင်းအကွေးအဆန့်တွင် နာခြင်း၊ လှုပ်ရှားမှုတွင် အနှောင့်အယှက်ပေးခြင်းများ ဖြစ်နိုင်သည်။

  • ကျောရိုးဆစ်တွင် အရိုးအတက်ထွက်ခြင်း - အရိုးအတက်ကြောင့် ကျောရိုးဆစ်များ ကျဉ်းလာခြင်း၊ ကျောရိုးထဲရှိ အာရုံကြောများကို ထိခိုက်ပြီး ခြေ၊လက် ထုံကျဉ်ခြင်း၊ အားလျော့ခြင်းများ ဖြစ်နိုင်သည်။
  • တင်ပါးဆုံရိုးတွင် အရိုးအတက်ထွက်ခြင်း - လှုပ်ရှားမှုတွင် နာကျဉ်ခြင်းနှင့် ပုံမှန်လှုပ်ရှားနိုင်သည့် အနေအထားမလုပ်နိုင်ခြင်း များဖြစ်နိုင်သည်။
  • လက်မောင်းရိုးတွင် အရိုးအတက်ထွက်ခြင်း - အရိုးအတက်၏ ပွတ်တိုက်မှုကြောင့် လက်မောင်းတစ်ဝိုက်ရှိ ကြွက်သားများနှင့် အရွတ်ထိခိုက်ရာမှ အရွတ်ရောင်ရမ်းခြင်း (Tendinitis) ဖြစ်နိုင်သည်။
  • လက်ချောင်းတွင် အရိုးအတက်ထွက်ခြင်း တို့ဖြစ်နိုင်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

အရိုးအတက်ထွက်ခြင်းကို အဓိကဖြစ်စေသည့် အကြောင်းအရာမှာ အဆစ်အမြစ်များတိုက်စားပြီး ရောင်ရမ်းသည့်ရောဂါ (osteoarthritis) ကြောင့်ဖြစ်သည်။  အဆစ်အမြစ်များ တိုက်စားပြီး ရောင်ရမ်းသည့်ရောဂါ(osteoarthritis) ကြောင့် အရိုး၏အဆုံးတွင်ရှိသော အရိုးနုများပျက်စီးသောကြောင့် ခန္ဓာကိုယ်မှ ထိခိုက်သည့်ပတ်ဝန်းကျင်တွင် အရိုးအသစ်ပြန်လည်တည်ဆောက်ပေးရာမှ အရိုးအတက် ပေါ်ပေါက်လာခြင်းဖြစ်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အဆစ်များ ရောင်လာခြင်း၊ နာလာခြင်း၊ လှုပ်ရှားမှုခက်ခဲလာခြင်း ဖြစ်ပါက ဆရာဝန်နှင့် ပြသသင့်သည်။ စောစောသိ၍ ကုသပါက အဆစ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်သည်။

 

စစ်ဆေးမှုများ

ဆရာဝန်သည် ဝေဒနာခံစားနေရသော ခြေ၊လက်ကို စမ်းသပ်ပြီး အရိုးအတက်ရှိသည့်နေရာကို ရှာဖွေလိမ့်မည်။ ထို့ပြင် X-rayဓာတ်မှန် နှင့် အခြားစမ်းသပ်စစ်ဆေးမှု ပြုလုပ်၍ အရိုးနှင့်အဆစ် အခြေအနေကို လေ့လာခြင်း ပြုလုပ်သည်။


ကုသခြင်း

အရိုးအတက်ကြောင့် နာပါက ဆရာဝန်သည် သင့်လျော်သော အကိုက်အခံပျောက်ဆေးဖြင့် ကုသနိုင်ပါသည်။ လှုပ်ရှားမှုနှင့် အာရုံကြောထိခိုက်သည့် အရိုးအတက်ဖြစ်ပါက ခွဲစိတ်မှုကို ပြုလုပ်ရန် လိုအပ်ပါသည်။

 

Ref:  Mayo Clinic

Dr. Archer




Related Articles


Advertisment 18