Palpitations (ရင်တုန်ခြင်း)
16-Aug-2018
နှလုံးကြောင့် ရင်တုန်ခြင်း ဆိုတာ နှလုံးခုန်နေခြင်းကို လူကသိရှိခံစားမိနေခြင်းကို ဆိုလိုသည်။ နှလုံး ခုန်မြန်နေခြင်း၊ သို့မဟုတ် မမှန်ခြင်းကို စက္ကန့် အနည်းငယ်၊ မိနစ်အနည်းငယ် ခန့် ခံစားရတတ်ကြသည်။
လက္ခဏာများ
တခါတရံ လည်ပင်း၊ လည်ချောင်းတဝိုက်တွင်ပါ ရင်တုန်ခြင်းခံစားချက်ကို သိရှိခံစားရခြင်းမျိုး ရှိတတ်သည်။ ရင်တုန်ခြင်း ဖြစ်လျှင် အတော်များများ ကြောက်လန့်တတ်ကြသော်လည်း ရင်တုန်ခြင်းမှာ အများအားဖြင့် နှလုံးကြောင့် ဖြစ်ပွားခြင်း မဟုတ်ကြသလို အသက်အန္တရာယ် မရှိကြသည်က များသည်။
သို့ရာတွင် ရင်တုန်ခြင်းနှင့် တွဲလျှက်
- မူးဝေခြင်း
- ရင်ဘတ်တွင် တင်းကြပ်သလို ခံစားရခြင်း စသည့် လက္ခဏာများနှင့် တွဲလျှက် ဖြစ်ပေါ်လျှင်မူ နှလုံး၏ ပြဿနာ ဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်ပြီး ဆရာဝန် ပြသရန် လိုအပ်မည် ဖြစ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
* သဘာဝ လှုံ့ဆော်မှုများ - Adrenaline ခေါ် ဟော်မုန်းကြောင့် ရင်တုန်ခြင်း ဖြစ်စေနိုင်သည်။ Adrenaline ဟော်မုန်းသည် စိတ်လှုပ်ရှားသည့်အခါ၊ ကြောက်လန့်သည့်အခါ မျိုးတွင် ထွက်ပေါ်လာတတ်သည်။ အပူအစပ်များသော အစားအစာ၊ ကဖင်းဓါတ်ပါသော အစားအစာ၊ အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါး အချို့ကလည်း ရင်တုန်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
* Panic Attacks - ရင်တုန်ခြင်းနှင့်အတူ စိုးရိမ်ထိတ်လန့်ခြင်း၊ စိတ်ဖိစီးမှု ခံစားရခြင်း စတာတွေတွဲလျက် ဖြစ်ပေါ်ခဲ့လျှင် Panic Attacks ကြောင့် ဖြစ်နိုင်သည်။ ထိုအခါမျိုးတွင် ပျို့ခြင်း၊ ချွေးစေးပျံခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းနှင့် ရင်တုန်ခြင်းတို့ တွဲလျှက် ဖြစ်ပေါ်တတ်သည်။ Panic Attacks ကြောင့် ရင်တုန်ခြင်းသည် စိုးရိမ်ဖွယ်ကောင်းသည်ဟု ထင်ရလောက်အောင် ပြင်းထန်သော်လည်း အများအားဖြင့် အန္တရာယ် ကြီးကြီးမားမား မဖြစ်သည်က များသည်။
* ဆေးဝါးများ - အချို့သော ဆေးဝါးများသည် ရင်တုန်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ (ဥပမာ - ရင်ကြပ်ပျောက်ဆေး၊ သိုင်းရွိုက်ဆေးများ)
* ဓမ္မတာ၊ ကိုယ်ဝန်နှင့် သွေးဆုံးခြင်း - အမျိုးသမီးများ၏ ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေသော ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် သွေးဆုံးချိန်တွင်လည်း ရင်တုန်ခြင်း ဖြစ်ပေါ်ခံစားရတတ်သည်။ ထိုသို့ ဖြစ်သည့် ရင်တုန်ခြင်းသည် ကာလရှည်ကြာအောင် မဖြစ်တတ်ကြပေ။
* နှလုံးခုန်နှုန်းမြန်စေနိုင်သော အကြောင်းရင်းများ -
- သိုင်းရွိုက်ဟော်မုန်း များခြင်း (Hyperthyroid)
- သွေးချိုဓါတ် ကျလွန်ခြင်း (Hypoglycemia)
- သွေးအားနည်းခြင်း (Anaemia)
- သွေးပေါင်ကျခြင်း (Low blood pressure)
- အဖျားကြီးခြင်း (Fever 38'C or more)
- ရေဓါတ်ခန်းခြောက်ခြင်း (Dehydration)
- ဓါတ်ဆားဓါတ်များ ဆုံးရှုံး သို့ လွန်ကဲခြင်း (Electrolyte imbalance)
- နှလုံးရောဂါများ (Heart Problems) - eg - arrhythmia, atrial fibrillation or supraventricular tachycardia (SVT)
စစ်ဆေးမှုများ
- သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း (Anaemia ရှိမရှိ စစ်ဆေးခြင်း)
- သွေးချိုစစ်ဆေးခြင်း
- ECG ဆွဲခြင်း - တခါတရံ ၂၄ နာရီအပြည့် ECG ဆွဲခြင်းမျိုး ပြုလုပ်နိုင်သည်။
- ဓါတ်မှန်ရိုက်ခြင်း (Chest X ray)
- နှလုံးတယ်လီဗေးရှင်းဓါတ်မှန် ရိုက်ခြင်း (Echocardiogram)
ကုသခြင်း
- သဘာဝ လှုံ့ဆော်မှုများကြောင့် ရင်တုန်ခြင်းဖြစ်လျှင် relaxation techniques ခေါ် စိတ်ငြိမ်အောင် ပြုလုပ်ခြင်းဖြင့် ဝေဒနာ သက်သာစေနိုင်သည်။ ကဖင်းဓါတ် လျှော့စားသုံးခြင်း၊ ဆေးလိပ်၊ အရက် ဖြတ်ခြင်း၊ မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ခြင်း တို့လည်း ပြုလုပ်သင့်သည်။
- သိုင်းရွိုက်ဟော်မုန်း များနေလျှင် သိုင်းရွိုက်ထိန်းဆေးများ ပေးခြင်း
- နှလုံးရောဂါအတွက် ဆေးဝါးများဖြင့် ကုသခြင်း၊ ခွဲစိတ် ကုသခြင်း
- ဓါတ်ဆားများ ပုံမှန်ဖြစ်အောင် ကုသခြင်း
စသည်တို့ကို ပြုလုပ်နိုင်သည်။
Ref: NHS Choices, UK
WebMD
Oxford Handbook of Clinical Medicine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
