Print

Bell’s Palsy (မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း)

  24-Feb-2017
Preview Image

မျက်နှာရှိ ကြွက်သားများကို ထောက်ပံ့သော အာရုံကြော ရုတ်တရက် အားနည်း သွားခြင်းကြောင့် မျက်နှာတစ်ခြမ်း လှုပ်ရှားမှု မရခြင်းကို ဆိုလိုပါသည်။ အများစုတွင် ရက်သတ္တပတ် အနည်းငယ်မှ ခြောက်လအတွင်း လုံးဝ ပြန်ကောင်းသွားပြီး အချို့တွင် တသက်လုံး မပျောက်ဘဲ ရှိတတ်သည်။ မျက်နှာတစ်ခြမ်း သေခြင်းသည် ဖြစ်ပွားပြီး ပြန် လည် ပျောက်ကင်းသွားတတ်သော်လည်း နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ချေ ရှိသည်။

 

လက္ခဏာများ
မျက်နှာတစ်ခြမ်း သေခြင်း၏ လက္ခဏာများမှာ ရုတ်တရက် ပေါ်ပေါက်လာတတ် သည်။ ၎င်းတို့မှာ -

• နာရီပိုင်း၊ ရက်ပိုင်းအတွင်း ကြွက်သားများ လျင်မြန်စွာ အားနည်းသွားခြင်းနှင့် မျက််နှာ တစ်ခြမ်း လုံးဝ လှုပ်၍ မရတော့ခြင်း

• ဖြစ်သောဘက်ခြမ်းတွင် မျက်လုံးမှိတ်၍ မရခြင်း၊ ပြုံး၍ မရခြင်း

• မျက်နှာတစ်ခြမ်း တွဲကျနေခြင်း

• ဖြစ်သောဘက်ခြမ်းတွင် မေးရိုးနှင့် နားတစ်ဝိုက် နာခြင်း

• ဖြစ်သောဘက်မှ နားက အသံကို ပို၍ကျယ်ကျယ် ကြားရခြင်း

• ခေါင်းကိုက်ခြင်း

• အရသာသိမှု နည်းသွားခြင်း

• မျက်ရည်နှင့် တံတွေးထွက်မှု နည်းသွားသောကြောင့် မျက်လုံးခြောက်ခြင်း၊ ခံတွင်းခြောက်သွေ့ခြင်း တို့ဖြစ်ပွားတတ်သည်။

• အလွန် ရှားရှားပါးပါး အနေဖြင့် မျက်နှာ နှစ်ခြမ်းလုံးရှိ အာရုံကြောများ ထိခိုက် သွားခြင်း လည်းဖြစ်တတ်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသော အကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း ဗိုင်းရပ်စ်ရောဂါ ပိုးနှင့် ဆက်စပ်မှု ရှိကြောင်း လေ့လာမှုများအရ သိရသည်။ ရေယုန်၊ ရေကျောက်၊ ပါးချိတ်ရောင်၊ ဖျားနာခြင်းတို့မှ ဗိုင်းရပ်စ် ရောဂါပိုးများကြောင့် မျက်နှာသို့ ထောက်ပံ့ပေးသော အာရုံကြောများ ရောင်ရမ်းသွားပြီး မျက်နှာကြွက်သားများ အားနည်းသွားခြင်းကြောင့် ဖြစ် သည်။ မျက်နှာသို့ ထောက်ပံ့သော အာရုံကြောများ သာမက မျက်ရည်အိတ်၊ တံတွေး၊ အရသာနှင့် အလယ် နားတွင်းသို့ ထောက်ပံ့ပေးသော အာရုံကြောများကိုပါ ထိခိုက်စေနိုင် သည်။

 

ဖြစ်နိုင်ချေများသူများ
• ကို်ယ်ဝန်ဆောင် အမျိုးသမီးများ
• အအေးမိ၊ တုပ်ကွေး တို့ကဲ့သို့သော ရောဂါပိုးများ ဝင်ခြင်းနှင့် 
• ဆီးချို၊ သွေးချို ရောဂါသည်များ
• ယခင်က အလားတူ ရောဂါမျိုး ဖြစ်ပွားဖူးသူများ
• မိသားစုထဲတွင် မျိုးရိုးရှိသူများတွင် အဖြစ်များသည်။ 

 

နောက်ဆက်တွဲ ပြဿနာများ
• မျက်နှာရှိ ကြွက်သားများသို့ ထောက်ပံ့ပေးသော အာရုံကြောများ ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားခြင်း
• ပျက်စီးသွားသော အာရုံကြောများ ပြန်လည် အသစ်ဖြစ်ရာတွင် မလိုအပ်သော ကြွက်သား ကျုံ့ခြင်း 
• မျက်လုံးပိတ်၍ မရသောကြောင့် မျက်လုံးကို အကာအကွယ် မပေးနိုင်ခြင်း၊ မျက်ကြည်လွှာ အလွန်အမင်း ခြောက်သွေ့ခြင်းတို့ကြောင့် မျက်စိကွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ကြွက်သားများ အားနည်းပြီး လှုပ်ရှားနိုင်ခြင်း မရှိပါက လေဖြတ်ခြင်း ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် သွားရောက်ပြသကာ လိုအပ်သော ကုသမှုများကို ခံယူရန် လိုအပ်သည်။

 

စစ်ဆေးမှုများ
ဆရာဝန်နှင့် ပြသ၍ မျက်နှာ ကြွက်သားများ၏ လှုပ်ရှားမှု ပုံမှန် ဟုတ်မဟုတ်ကို မျက်လုံးမှိတ်ခြင်း၊ မျက်ခုံးတွန့်ခြင်း၊ မျက်မှောင်ကျုံ့ခြင်း၊ သွားစိခြင်းတို့ ပြုလုပ်ပြီး စမ်းသပ်နိုင်သည်။

 

Bell’s palsy နှင့် မှားယွင်းနိုင်သည့် မျက်နှာကြွက်သား အားနည်းခြင်း ကို ဖြစ်စေသော အခြား အကြောင်းရင်းများကို ရှာဖွေနိုင်ရန်

- လျှပ်စစ်ဓာတ်သုံး၍ အာရုံကြောများ ပျက်စီးမှု ရှိမရှိ စစ်ဆေးခြင်း၊

- မျက်နှာသို့ ထောက်ပံ့သော အာရုံကြောများကို ဖိထားသော အဖုအကျိတ်များ ရှိမရှိကို သံလိုက်ဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

အိမ်တွင်း ကုထုံးများ
မျက်လုံးများမှိတ်၍ မရပါက မျက်ကြည်လွှာ ခြောက်သွေ့ပြီး အမြင်အာရုံ ပျက်စီး တတ်သောကြောင့် မျက်နှာတစ်ခြမ်း သေသူများတွင် မျက်စိကို အထူးဂရုစိုက်ရန် လိုအပ်သည်။

 

မျက်လုံးကို စိုစွတ်မှု ရှိစေရန် နေ့ဘက်တွင် မျက်စဉ်းခတ်ခြင်း၊ နေကာမျက်မှန် တပ်ခြင်း ၊ ညဘက်တွင် မျက်စိလိမ်းခရင် လိမ်းခြင်း၊ မျက်စိကို ဖုံးအုပ်၍ အိပ်ခြင်း နာကျင်မှုကို သက်သာစေရန် အကိုက်အခဲ ပျောက်ဆေးများကို အသုံးပြုခြင်း၊ ရေနွေးဝတ် ကပ်ခြင်း မျက်နှာကြွက်သားများ ပြေလျော့စေရန် နှိပ်နယ်ပေးခြင်း၊ မျက်နှာလေ့ကျင့်ခန်း လုပ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

ထို့ပြင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အပ်စိုက်ကုသခြင်း၊ ဗီတာမင် B-12/ B-6 နှင့် ဇင့်တို့ကို ဖြည့်စွက်သောက်သုံးခြင်း၊ Biofeedback training တို့ကို ပြုလုပ်ခြင်းဖြင့် ရောဂါ သက်သာမှု ပိုမို အားကောင်းနိုင်သည်။

 

Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18