Print

မြွေကိုက်ခြင်း

  24-Feb-2017
Preview Image

မြွေသည် လူကို အန္တရာယ်ပြုသော သတ္တဝါ ဖြစ်ပြီး မြန်မာနိုင်ငံရှိ အဆိပ်ပြင်းမြွေ အမျိုးအစားမှာ မြွေပွေး၊ မြွေဟောက်၊ ငန်းပုတ်၊ ငန်းတော်ကျား၊ ဂျပ်မြွေ၊ မြွေစိမ်းမြီးခြောက် တို ့ ဖြစ်ပါသည်။မြွေပွေး အကိုက်ခံရပါက အဆိပ်သည် ခန္ဓာကိုယ်ရှိ အရေးကြီးသော အင်္ဂါ အစိတ်အပိုင်းများသို့ ပြန်ရည်ကြောများမှ တဆင့် ပျံ့နှံ့ပြီး သွေးလှည့်ပတ်သွားလာမှု စနစ်ကို ထိခိုက်စေပါသည်။ မြွေဟောက်၊ ဂျပ်မြွေ၊ သံကွင်းစွပ်နှင့် ငန်းပုတ်တို့ အကိုက်ခံရပါက အဆိပ်သည် သွေးပြန်ကြောမှတဆင့် နှလုံးသို့ ရောက်ပြီး အာရုံကြောများကို ထိခိုက်စေပါသည်။ 

 

လက္ခဏာများ-

- အကိုက်ခံရသည့်နေရာတွင် အစွယ်ရာ တစ်ပေါက်/ နှစ်ပေါက်နှင့် သွားရာရှိခြင်း
- ယောင်ယမ်းခြင်း၊ ထုံကျင်ခြင်း
- မီးစနှင့် ထိုးသကဲ့သို့ နာကျင်ခြင်း (ဂျပ်မြွေနှင့် အချို့မြွေဟောက်တို့ ကိုက်သောအခါတွင် နာကျင်ခြင်း မရှိခြင်း)
- ကိုက်သည့်နေရာတွင် သွေးစများ ယိုထွက်ခြင်း၊ သွေးခြေဥခြင်း၊ မီးလောင်ဖုကဲ့သို့ ဖြစ်ခြင်း၊ အသားများ ဆွေးလာခြင်း
- ပေါင်ရင်းနှင့် ဒူးခေါက်ကွေးများတွင် အကျိတ်များ နာကျင်ခြင်း

 

ပြုစုခြင်း
ဒဏ်ရာပေါ် အဝတ်စဖြင့် သန့်ရှင်းပါ။ ဒဏ်ရာပေါ်သို့ ပိတ်စ ထူထူအုပ်ပြီး ပတ်တီးကို လက်တစ်တင်းစာ စည်းပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မလှုပ်ရှားနိုင်အောင် ကြပ်ခံပြီး (သစ်သားချောင်း၊ ဝါးလုံးများ) စည်းပေးပါ။ နီးစပ်ရာ ဆေးရုံသို့ မော်တော်ယာဉ်၊ ထမ်းစင်၊ လှည်းတို့ဖြင့် အမြန်ဆုံး ပို့ဆောင်ပါ။ ကြပ်မရှိပါက အခြား ကောင်းသော ခြေထောက်ကို ကြပ်ကဲ့သို့ အသုံးပြု၍ ဆွဲဆန့်နိုင်သော ပတ်တီးဖြင့် စည်းပါ။ မှတ်ချက်။ ။ ဖြစ်နိုင်ပါ က မြွေသေကို တစ်ပါတည်း ယူဆောင်သွားပါ။

 

ရှောင်ရမည့် အချက်များ
- ဆွဲဆန့်နိုင်သော ပတ်တီးကို တင်းကြပ်အောင် မစည်းပါနှင့်။
- ဒဏ်ရာကို မီးစဖြင့် ထိုးခြင်း၊ ဓားဖြင့်ခွဲခြင်း၊ ပွတ်ခြင်း၊ နှိပ်ခြင်း၊ မပြုလုပ်ရ။
- ဆေးလိမ်းခြင်း၊ မန်းမှုတ်ခြင်း မပြုလုပ်ရ။
- မြွေဆိပ် ပြေစေရန်အတွက် မြွေအမြီးကို ဖြတ်ပြီး မြိုချခြင်း မပြုလုပ်ရ။
- လူနာကို လှုပ်ရှားလမ်းလျှောက်စေခြင်း မပြုလုပ်ရ။ အရက် မတိုက်ရ။

 

ကာကွယ်နည်း
၁။ မြွေများကို နေအိမ် အတွင်းရှိ အိုး၊ တောင်း၊ အိပ်ယာများတွင် နေထိုင်တတ်သည့်အတွက် ၎င်းပစ္စည်းများကို သတိဖြင့် ကိုယ်တွယ် အသုံးပြုပါ။ ည အိပ်ရာဝင်ချိန်တွင် သေချာ စစ်ဆေးပြီးမှ အိပ်ပါ။

 

၂။ ရေကြီးမှု အန္တရာယ် ကျရောက်ချိန်တွင် မြွေအန္တရာယ်မှ ကာကွယ်ရန် နံနက်စောစောနှင့် ညနေ နေဝင်ရီတရော သွားလာသည့်အခါ ခြောက်လှန့်ခြင်း ခြေသံပေးခြင်း ပြုလုပ်ရန်။

 

၃။ ညအချိန်တွင် လည်ရှည်ဖိနပ်စီးပြီး ဓာတ်မီး၊ မီးအိမ်၊ မီးတုတ် အသုံးပြု၍ သွားလာရန်။

 

၄။ ခြံဝင်း အတွင်း ခြုံနွယ် အမှိုက်သရိုက်များကို ရှင်းလင်းထားရန်။

 

၅။ ခြံဝင်း အတွင်း ခွေးဟောင်သံများ၊ ကြောင်အော်သံများ ကြားသိပါက မြွေနှင့် တွေ့ရှိနေကြောင်း သတိပြုပါ။

 

၆။ တွင်းများ၊ သစ်ခေါင်းများကို မစူးစမ်းဘဲ မနှိုက်ပါနှင့်။

 

၇။ မြွေအသေနှင့်စခြင်း၊ နောက်ပြောင်ခြင်းမှ ရှောင်ကြဉ်ရန်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18