Print

ကလေး ၁ယောက် ထပ်ပိုယူမယ့် မိဘများအတွက် သတိထားစရာအငယ်ကလေး မွေးလာတာ ပျော်...

  24-Feb-2017
Preview Image

ကလေးတယောက်ကို မွေးဖွားရတယ်ဆိုတာဟာ မိခင်တယောက် အတွက် အင်မတန်မှ မလွယ်တဲ့ ကိစ္စရပ်ကြီးပါ။ သားဦးတုန်းကလည်း သားဦးမို့လို့ ဂရုစိုက်ရသလို၊ သားဦးမဟုတ်ဘဲ ဒုတိယကလေးကို မွေးဖို့ ကိုယ်ဝန်ဆောင် ရပြန်တော့လည်း ပထမကလေးအတွက်ရော၊ နောက်မွေးမယ့် ဒုတိယကလေးအတွက်ပါ စိတ်ရောရုပ်ရော မနာကျင် မထိခိုက်ရအောင် ပြင်ဆင်ကြရ ပြန်ပါတယ်။

 

ပထမကလေး အတွက် မောင်လေး၊ ညီမလေး (ဒါမှမဟုတ်) ညီလေး၊ ညီမလေး တယောက်ကို မေမေက မွေးတော့မယ်ဆိုတဲ့ သတင်းစကားဟာ ပထမကလေး အတွက်တော့ တကယ့်အချိုးအကွေ့ အပြောင်းအလဲကြီး တခုပါပဲ။ ဟိုးအရင်တုန်းကတော့ အိမ်မှာ ကလေးဆိုလို့ ကိုယ်တယောက်တည်း ရှိနေခဲ့ပေမယ့် အခုတော့ နောက်ထပ် ကလေးတယောက် အိမ်မှာ တိုးလာတော့မယ်။ ဒါဟာ ကလေးတယောက်အတွက်
ပျော်စရာဖြစ်မလား၊ နာကျင် ဝမ်းနည်းစရာ ဖြစ်မလားဆိုတာကတော့ ကလေးတို့ အနားမှာ ရှိနေကြတဲ့ အဖေ အမေ မိဘဆွေမျိုးများ အပေါ် မူတည်လို့ နေပါတယ်။

 

ကျမတို့ နိုင်ငံက လူကြီး တော်တော်များများဟာ နောက်ကလေး တယောက်ကို မိခင်က ကိုယ်ဝန်ဆောင်လိုက် ပြီဆိုတာနဲ့ ပထမကလေးကို မခံချင်အောင် စနောက်တတ်ကြ ပါတယ်။ “မေမေက ညီလေးကို မွေးတော့မယ်။ မင်းကို ချစ်တော့မှာ မဟုတ်ဘူး” ဆိုတာမျိုးကအစ၊ မွေးလာပြန်တော့လည်း အငယ်လေးက ပိုချောတယ်တို့၊ ပိုပြီးတော့ ထက်တဲ့ပုံ ပေါက်တယ်နော်တို့ ဆိုတာမျိုးတွေနဲ့ အကြီးကလေးရဲ့ရှေ့မှာနှိုင်းယှဉ်ပြောတတ် ကြပြန်ပါသေးတယ်။

 

လူကြီးကတော့ ဘာရယ်မဟုတ် ပြောဆိုလိုက်တာပေမယ့် ဒီလို ပြောဆိုမှုတွေကြောင့် အကြီးကလေးဟာ အငယ်ကလေး လူ့လောကကို မရောက်လာခင်ကတည်းက သူ့အချစ်ကို လုယူသွားတော့မယ့် ပြိုင်ဘက် တယောက်အဖြစ် စတင်ပြီးတော့ မုန်းစိတ်ဝင်လာတော့ တာပါပဲ။

 

သူ့မေမေရဲ့ဗိုက်ထဲမှာ ကလေးလေးတယောက် ရောက်နေပြီ ဆိုတဲ့စကားဟာ အရင်ရှိနေပြီးသား အကြီးကလေး အတွက် ခံစားချက် အမျိုးမျိုးကို ဖြစ်စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့အတွက် အပြောင်းလဲ ကြီးတခုကို သူ့ အရွယ်လေးနဲ့ ကြုံရတော့မှာမို့ ပါ။ ဒီအပြောင်းလဲကြီးဟာ ကလေး တယောက်အတွက် သိပ်ကိုမှ အရေးကြီးတဲ့ အပြောင်းအလဲကြီးပါပဲ။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို မနာကျင်၊ မထိခိုက်စေဘဲနဲ့ ညင်ညင်သာသာ ပျော်ပျော်ရွှင်ရွှင် ပြောင်းလဲနိုင် စေဖို့ သိပ်ကို အရေးကြီးလှ ပါတယ်။

 

တကယ်တော့ ကလေး အသစ်တယောက် ရောက်ရှိလာမယ့် ကိစ္စဟာ အရင်ရှိနှင့်ပြီးသား သားကြီး (သို့မဟုတ်) သမီးကြီးအတွက် မမွေးခင် ကတည်းကိုက အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကိစ္စရပ်ကြီးပါ။ မေမေ့ ဝမ်းဗိုက်ကြီးတဖြည်းဖြည်းပူပြီး ဖောင်းလာတာကအစ၊ ဗိုက်ထဲက ကလေးလေးဟာ ညီမလေးလား ညီလေးလား၊ မွေးလာရင် ဘယ်လိုပုံစံလေး ဖြစ်မှာလဲ၊ အသားလေးရော ဖြူမှာလား စသဖြင့် သူ့အတွက် တွေးစရာတွေက အများကြီးပါပဲ။

 

ကလေးလေးမွေးရင် နာမည်ဘယ်လိုပေးမယ်၊ သူနဲ့အတူတူ ဘာတွေကိုအတူ လုပ်ပြီးတော့ ဘယ်လိုတွေ ကစားကြမယ် စသဖြင့် မွေးလာမယ့် ကလေးအတွက် စိတ်ကူးယဉ်စရာတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် အဲဒီကလေးတို့ရဲ့ စိ်တ်ကူးယဉ်မှုဟာ ဗိုက်ထဲကကလေး အပြင်ကို ရောက်ပြီဆိုတာနဲ့ သူတို့ မျှော်မှန်း ထားသလို ဖြစ်မလာတော့ပါဘူး။ ညဘက် တကျီကျီနဲ့ နားပူအောင် ငိုလွန်းတဲ့ ကလေးနားမှာ တအိမ်လုံးက ဝိုင်းနေတာမို့ သူ့ကို ဂရုစိုက်မယ့်သူ တယောက်မှ မရှိတော့ဘူးလို့ အကြီးကလေးက ခံစားရပါတော့တယ်။


အရင်တုန်းက သူ့အနားမှာ စာအုပ်ဖတ်ပြ၊ ပုံပြောပြနေကျ အမေကလည်း ကလေးအငယ်လေးနဲ့ အလုပ်ရှုပ် လို့။ ဟိုးအရင်က အိမ်ကိုလာရင် သူ့ကိုပဲ အရေးတယူ လုပ်နေတတ်ကြတဲ့ ဧည့်သည်တွေကလည်း မွေးစ နီတာရဲကလေးကိုပဲ အရေးတယူ လုပ်နေကြပါတော့တယ်။ အိမ်မှာ သူရှိနေသလား၊ မရှိနေဘူးလား ဆိုတာကို တောင်မှ ဘယ်သူမှ သတိမပြုမိကြ တော့ပါဘူး။

 

ကလေးမွေးလာရင် အတူတူကစားမယ်၊ ဆော့မယ်လို့ သူစိတ်ကူးယဉ်ထားခဲ့ပေမယ့်လည်း တကယ်မွေးလာတဲ့ အချိန် မှာတော့ ကလေးက အနှီးထုပ်ကွေးလေး ထဲမှာမို့ သူနဲ့ မကစားနိုင်၊ မဆော့နိုင်သေးပါဘူး။ အဲဒီထက် ပိုဆိုးတာကတော့ ဟိုးအရင်တုန်းကလိုမျိုး အိမ်မှာ လွတ်လွတ်လပ်လပ် မဆော့မကစား နိုင်တော့တာပါပဲ။ နီတာရဲကလေး အိပ်နေတုန်း တခုခု ဆူညံမိလို့ ရှိရင် လူကြီးတွေက သူ့ကိုအပြစ်တင် ဆူပူကြပါတော့တယ်။ ဟိုးအရင်တုန်းက လိုမျိုး မေမေ့နားကိုလည်း ကပ်ခွင့်မရှိတော့ဘူး။ ခုတင်ပေါ်ကို ခုန်တက်လိုက်၊ ခုန်ချလိုက်နဲ့လည်း လုပ်လို့ မရတော့ဘူး။ ဒီလိုနဲ့အသစ်မွေးလာတဲ့ ညီလေး (သို့မဟုတ်) ညီမလေးဟာ အကြီးကလေးအတွက် အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ သတ္တဝါကလေး ဖြစ်လို့လာပါ တော့တယ်။

 

မွေးကာစကလေအသေးလေးကို တအိမ်လုံး ဝိုင်းပြီးတော့ ဂရုစိုက်ကြ၊ အိမ်မှာရှိနေတဲ့ လူကြီးတွေ အားလုံး ဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်မှာ အကြီးကလေးရော ပျော်နေသလား၊ ဒါမှမဟုတ် ဝမ်းနည်း နေသလား၊ စိတ်ထဲမှာ အထီးကျန် ခံစားနေရသလား ဆိုတာကို မိဘဆွေမျိုးများ ဘယ်သူမှ သတိမပြုကြပါဘူး။ အကြီး ကလေးအတွက်ကတော့ အနှီးထုပ်ထဲက ကလေးလေးဟာ အရင်က သူရရှိနေကျ အချစ်၊ သူ့ရဲ့ လွတ်လပ်မှု၊ သူ့ရဲ့ ပျော်ရွှင်မှုတွေကို လုယူသွားသူ လို့ ခံစားနေရပါပြီ။ ဒီခံစားမှုကို ပြသတဲ့အနေနဲ့ အကြီးကလေးလေးဟာမွေးစကလေးကို ဆိတ်ဆွဲတာမျိုး၊ လူကြီးလစ်ရင် လစ်သလို ဆွဲကုတ်ဖဲ့တာမျိုး တွေကို လုပ်လာပါတော့တယ်။

 

အဲဒီ အခါမှာတော့ ကလေးအနားမှာ ရှိနေတဲ့ မိဘဆွေမျိုးများက ကလေးရင်ထဲမှာ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ဒီလိုဆိုး လာရတာလဲ ဆိုတာကို မဆန်းစစ်တော့ဘဲနဲ့ အကြီး ကလေးကို ဆိုးလာတယ်တို့၊ အကြီးက အငယ်ကို မညှာဘူးတို့၊ အင်မတန်ဆိုးတဲ့ အကောင်တို့ စသဖြင့် အလွယ်တကူနဲ့ တံဆိပ်ကပ်လိုက်ကြ ပါတော့တယ်။အကြီးပဲအငယ်ကို ညှာရမယ်တို့၊ လူကြီးတွေက ဒီလောက် အလုပ်ရှုပ်နေတာကို သူက နားမလည်ဘူးတို့ ကလေးကို ပြောတဲ့ အချိန်မှာ အကြီးကလေးဟာလည်း ကလေးပဲရှိသေးတယ် ဆိုတာကိုတော့ လူကြီးများ မေ့နေကြပါတယ်။သူဟာလည်း ကလေးပဲမို့လူကြီးတွေ ဘယ်လောက် အလုပ်ရှုပ်နေသလဲ ဆိုတာတွေ၊ အကြီးက အငယ်ကို ညှာတာ ရမယ့် ကျင့်ဝတ် ကိစ္စတွေကို သူ့အနေနဲ့ ဘယ်လိုမှ နားလည်နိုင်ဖို့ မလွယ်သေးပါဘူး။

 

နားမလည်နိုင်သေးတဲ့ ကလေးကို နားမလည်ရကောင်းလား ဆိုပြီးတော့ ပြစ်တင် ဆူပူတာဟာ ကလေးဆီကနေ မဖြစ်နိုင်တာကို တောင်းဆိုနေတာ ပါပဲ။အဲဒီ အချိန်မျိုးမှာကလေးမွေးပြီးစ အမေ့ခမျာမှာလည်း မွေးစကလေးနဲ့ အလုပ်ရှုပ်တာ၊ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ဓာတ်ကျတာ၊ အိပ်ရေးပျက်ရလို့ စိတ်ညစ်ရတာတွေကြောင့် ကလေးအကြီးလေးကို ဟိုးအရင်တုန်းကလိုမျိုး ဂရုစိုက်နိုင်ဖို့ မလွယ်တော့ပါဘူး။ အဲဒီလို အချိန်မျိုးမှာ အကြီးကလေးအတွက် အမေ့ ကိုယ်စား နွေးနွေးထွေးထွေးနဲ့ ကြင်နာပေးနိုင်မယ့် ရင်ခွင်လိုလာပါပြီ။အဖေ (သို့မဟုတ်) ဆွေမျိုး သားချင်းတယောက်ယောက်က အကြီးကလေးနဲ့ အတူတူ ဆော့ပေးတာမျိုး၊ အကြီး ကလေး ပြောချင်တာ လေးတွေကို စိတ်ဝင်တစားနဲ့ နားထောင်ပေးတာ မျိုးလေးတွေ လုပ်ပေးမယ် ဆိုရင်ဖြင့် အမေ့နား မကပ်ရလို့ ဝမ်းနည်းနေရှာတဲ့ အကြီးကလေးရဲ့ ခံစားချက်တွေ လျော့နည်းသွားမှာပါပဲ။

 


ကလေးအကြီး တော်တော်များများဟာ အငယ်လေး မွေးတဲ့အချိန်မှာ သူတို့ကိုယ်တိုင်လည်း အငယ်လေးလိုမျိုး ကလေး ပြန်လုပ်ပြီးတော့ မေမေ့ အနားကို ကပ်ချင်ကြပါတယ်။ အဲဒီအခါမျိုးမှာ မေမေက “ဒီမှာ မအားဘူး၊ လာမရှုပ်နဲ့” လို့အော်ထုတ်မယ် ဆိုရင်ဖြင့် သူတို့ခမျာ သိပ်ကိုမှ ဝမ်းနည်း အထီးကျန် ခံစားသွားရမှာပါ။ ဒီလို ဝမ်းနည်း အထီးကျန် ခံစားမှုကနေ “မေမေက ငါ့ကို မချစ်တော့ဘူး၊ ညီလေးကိုပဲ ချစ်တော့တယ်” လို့ တွေးလာ တတ်ပါတယ်။မေမေက အငယ်လေးနဲ့ အလုပ်ရှုပ်နေတယ် ဆိုပေမယ့်လည်း အငယ်လေးကို နို့တိုက်ရင်းနဲ့ပဲ အကြီးလေးကို ပုံပြောပြတာမျိုး၊ အကြီးလေးနဲ့ စကားထာဝှက်တမ်း ကစားတာမျိုး၊ အကြီးကလေး ပြောချင်တဲ့ စကားတချို့ကို စိတ်ပါ လက်ပါနဲ့ နား ထောင်တာမျိုးတွေကို လုပ်ပေးလို့ ရတာပါပဲ။


ညီလေးက ကလေးသေးသေးလေးမို့ ညီလေးကို အများကြီး ဂရုစိုက်ဖို့လိုတယ် ဆိုတဲ့အကြောင်း၊ သူ ငယ်ငယ်တုန်းက လည်း ဒီလိုပဲ ဂရုစိုက်ခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေကို မေမေက အကြီးကလေးကို ပြောပြပေးဖို့ လိုပါတယ်။ အထူးသဖြင့် အိမ်သားများ အနေနဲ့ အငယ်လေးက ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောမယ့်အစား အငယ်လေးက ချစ်ဖို့ ကောင်းလိုက်တာ သားကြီးငယ်ငယ်တုန်းကလိုပဲ၊ သားကြီးလည်း အဲလိုမျိုးလေးပဲ သိပ် ချစ်ဖို့ကောင်းတာ ဆိုတာမျိုးကို ပြောပေးရပါမယ်။ ဒါဆိုရင်ဖြင့်အငယ်လေးမွေးလာတဲ့ အချိန်မှာ အကြီးကလေးတို့ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ လျော့နည်းသွားမှာ ပါပဲ။ ကလေးတို့ရဲ့ ငယ်ဘဝဟာ အင်မတန်မှ အရေးကြီးပါတယ်။ ငယ်ဘဝမှာ ပျော်ရွှင်ဖို့၊ စိတ်ဒဏ်ရာတွေမရဖို့ လိုပါ တယ်။


အမေ့ ရင်ခွင်ထဲကို အချိန်မရွေး တိုးဝင်လို့ ရနေရာကနေ အဲဒီနေရာကို ဖယ်ပေးလိုက်ရတဲ့ ခံစားချက်ဟာ ကလေး တယောက် အတွက်ကတော့ အင်မတန်မှ ပြင်းထန်တဲ့ အပြောင်းအလဲကြီး တခုပါ။ ဒီအပြောင်းလဲကြီးကို ညင်ညင် သာသာနဲ့ ကူး ပြောင်းနိုင်အောင်လို့ ကလေးနားက လူကြီးမိဘများ အနေနဲ့ လုပ်ပေးနိုင်မယ် ဆိုရင်ဖြင့် ညီလေး မွေးတာ သိပ်ပျော်စရာ ကောင်းတာပဲ၊ ညီမလေးမွေးလာတာ ပျော်ဖို့ကောင်း
လိုက်တာ လို့ ကလေးတို့ ခံစားကြရပြီး ညီအစ်ကို မောင်နှမကြား ချစ်ခင်တွယ်တာမှုတွေလည်း ပိုပြီး ရရှိခိုင်မြဲလာမှာ အမှန်ပါပဲ။ 

 

Ref:
ပန်းရိပ်ဖြ
October 8. 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18