Print

ကလေးများနှင့် အဝလွန်ရောဂါ

  24-Feb-2017
Preview Image

အဝလွန်ရောဂါဖြစ်၊ မဖြစ်သိအောင် ဘယ်လိုတိုင်းတာနိုင်ပါသလဲ
အဝလွန်ရောဂါဖြစ်၊ မဖြစ်ကို BMI (Body Mass Index) ဆိုတဲ့ စံနှုန်းနှင့် တိုင်းတာနိုင်ပါတယ်။ ကလေးတစ်ယောက်မှာရှိတဲ့ အရပ်အမြင့်နှင့် ကိုယ်အလေးချိန်တို့ကို အချိုးကျပြီး တွက်ချက်တိုင်းတာ တာဖြစ်ပါတယ်။ BMI ပုံမှန်ထက် များနေရင်တော့ အဝလွန်ရောဂါ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ BMI က အများအားဖြင့် ကလေးတွေအတွက်ဆို ၁၈ - ၂၃ က အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေက ၂၃ ထက်မကဘဲ ၂၅၊ ၃ဝ ဖြစ်သွားရင်တော့ အဝလွန်ရောဂါဖြစ်နေပါပြီ။

 

အဝလွန်တဲ့အခါ ဘယ်လိုရောဂါတွေ ခံစားနိုင်ပါသလဲ ဆရာမ
ဒီလိုဖြစ်နေတဲ့ ကလေးတွေမှာဆို ဆီးချိုရောဂါ၊ အန်ဒိုခရုင်း ဂလင်းနဲ့ ဆိုင်တဲ့ရောဂါ၊ အူလမ်းကြောင်း ဆိုင်ရာရောဂါတွေ၊ ကြွက်သားဆိုင်ရာရောဂါတွေ၊ နှလုံးရောဂါ၊ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေအပြင် ကိုယ်တွင်းအင်္ဂါစနစ်တွေမှာ ထိခိုက်မှုဖြစ်လာနိုင်ပါတယ်။ နောက်ဆုံး စိတ်ရောဂါဖြစ်တာတွေတောင် ရှိပါတယ်။ တချို့ကလေးတွေဆို ဝလာတဲ့အခါ အလိုလို စိတ်ဓာတ်ကျရောဂါ ခံစားရတာမျိုးလည်း တွေ့ရပါတယ်။ အချို့ကျတော့လည်း စိတ်တိုလွယ်ပါတယ်။ အခြားကလေးတွေက သူ့ကို စနောက်တဲ့အခါ ဆတ်ဆတ်ထိမခံ နိုင်ဖြစ်ပြီး ရန်ပြန်ဖြစ်တာ၊ ဒေါသတကြီးဆက်ဆံတတ်ပါတယ်။ 

 

ကလေးအဝလွန်ခြင်း Childhood Obesity အကြောင်းရှင်းကိုလည်း ရှင်းပြပေးပါ
ကလေးဘဝအဝလွန်ခြင်း Childhood Obesity ဟာဘယ်လိုအကြောင်းတွေကြောင့် ဖြစ်နိုင်လဲဆိုတော့-
- မျိုးရိုးဗီဇအရ အဝလွန်ခြင်း (Genetics) နဲ့ 
- ပတ်ဝန်းကျင်အကြောင်းများကြောင့် အဝလွန်ခြင်း Environmental Factors တို့ကြောင့် ဖြစ်တယ်လို့ ယေဘုယျပြောလို့ရပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇကြောင့် အဝလွန်တာဟာ ၁ဝ ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်ခြေရှိပြီး ကျန်တဲ့ ၉ဝ ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင်အခြေအနေ၊ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်တာများပါတယ်။

 

မျိုးရိုးဗီဇကြောင့် အဝလွန်တဲ့သူတွေမှာ -
- Prader – Willi Syndrome
- Bardet – Biedl Syndrome
- MOMO Syndrome 
- Leptin Receptor Mutation 
- Congeital Lectin Deficiency 
- Melanocortin Receptor Mutation စတဲ့ရောဂါတွေ ဖြစ်နေတဲ့သူတွေလောက် မျိုးရိုးဗီဇလိုက်ပြီးအဝလွန်ရောဂါဖြစ်တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၉ဝ ရာခိုင်နှုန်း ကတော့ သူတို့ရဲ့ နေထိုင်မှု ဘဝပုံစံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ၊ Social Economic Status ကြောင့် ဖြစ်တတ်ပါတယ်။ Social Economic Status ဆိုတာ တချို့ချမ်းသာတဲ့ မိသားစုက ကလေးတွေဟာ အစာကို အများကြီးစားပြီး ဝလာတာကို ဆိုလိုတာဖြစ်ပါတယ်။

 

ဖြစ်စေသောအကြောင်းအရင်းတွေကို ပြောပြပေးပါဆရာမ
ဘာလို့လည်းဆိုတော့ ကလေးတွေက ဆီကြော်မုန့်တွေ၊ အချို့မှုန့်တွေနဲ့ ကြက်ကြော် တွေကို အစားများလို့ပါ။ မြန်မာကြက်ကို စားတာနည်းပြီး နိုင်ငံခြားကလာတဲ့ အဆီများတဲ့ ကြက်တွေကို ကြော်ထားတဲ့ဟာတွေကိုပိုစားကြပါတယ်။ ကြက်ဥချောင်းတွေ၊ အကင်တွေကို စားကြတာပါ။အချိုရည် Soft Drink တွေ သောက်တယ်။ ဟမ်ဘာကာတွေ၊ အာလူးချောင်းကြော်တွေ စားတယ်၊ ပီဇာလိုမျိုး အမြန်စာတွေစားတယ်။ ဒီလို အစားများတဲ့ကလေးတွေက ငါးတန်း၊ ခြောက်တန်းအရွယ်လောက် လည်း ရောက်ရော အဆီတွေများပြီး ခန္ဓာကိုယ်က ဝတက်လာပါသည်။ အများအားဖြင့် ချမ်းသာတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ ဆင်းရဲတဲ့ ကလေးတွေမှာတော့ အဝလွန်တဲ့ရောဂါက ဒီလောက်မရှိပါဘူး။

 

ဘယ်လိုကာကွယ်မှု ပြုလုပ်သင့်ပါသလဲ 
ကလေးတွေ အဝလွန်တာ မဖြစ်အောင် တာဝန်အရှိဆုံးက မိဘတွေပါပဲ။ ကလေးတွေကို အလိုမလိုက်ဘဲ အစားအသောက်ကိုဆင်ခြင်ပြီး ကျွေးသင့်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း လိုပါတယ်။

 

ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့လိုပါသလဲ
လေ့ကျင့်ခန်းလို့ဆိုတဲ့ နေရာမှာလည်း Exercise လုပ်တာမျိုး မဟုတ်ဘဲ Physical Activity (ကိုယ်လက်လှုပ်ရှားမှု) တွေ ပြုလုပ်ဖို့လိုပါတယ်။ ကိုယ်လက်လှုပ်ရှားတာဆိုရင် ဥပမာ - ကလေးဆိုတာ ပြေးရမယ်၊ ဆော့ရမယ်၊ လေ့ကျင့်ခန်းကို တကူးတက လုပ်ရတာမျိုးမဟုတ်ဘဲ သဘာဝအရ ပြေးဆော့နေတာမျိုး ပြုလုပ်ဖို့သင့်ပါတယ်။ 

 

အစာစားတဲ့အခါ ဘယ်လိုအစားအစာမျိုး ရှောင်သင့်ပါသလဲ
အစားအသောက်ကို ကလေးတွေမှာ အဓိက ထိန်းပေးဖို့ လိုအပ်တာက အချိုရည် သောက်တာများတာကို ကလေးတွေအချိုရည်မသောက်ဖြစ်အောင် မိဘတွေ ကန့်ကွက်ဖို့ လိုပါတယ်။ ဝင်မှုများတဲ့ အချိုရည်တွေ၊ ကိုလာစတာတွေဟာ တစ်ပတ်ကို အများဆုံး တစ်ဘူးလောက်သာ သောက်သုံးသင့်ပါတယ်။ နောက်တစ်ခုက ထမင်းစားတဲ့ နေရာတွေမှာလည်း ကလေးတွေကို ကန့်သတ်ပြီး ကျွေးပေးဖို့လိုပါတယ်။ ဒီအရွယ်မှာ အများအားဖြင့် ကယ်လိုရီ ၁၅ဝဝ - ၁၆ဝဝ ယူနစ်လောက်တော့ လိုအပ်ပါတယ်။ တချို့ဒီအရွယ် ကလေးတွေက ထမင်းကို တအားကြိုက်ပါတယ်။

 

ထမင်းကိုဆို နှစ်ပန်းကန်၊ သုံးပန်းကန်လောက် စားတာတွေရှ်ိပါတယ်။ တချို့မိဘတွေက ကလေးတွေကို ဟင်း အနှစ်တွေနဲ့နယ်ပြီး ကျွေးတာတွေရှိပါတယ်။ အဲဒီအခါမှာလည်း ကလေးတွေကို အဝလွန်စေတဲ့ အလေ့အကျင့်တစ်ခုဖြစ်စေတဲ့ အတွက် ကန့်သတ်ပေးဖို့လိုပါတယ်။ အကျင့်မလုပ်သင့်ပါဘူး။ ထမင်းကို ဟင်းချို၊ ဟင်းခါးစတာတွေနဲ့ နယ်ကျွေးသင့်ပါတယ်။ ပီဇာစားမယ်ဆိုရင်လည်း တစ်ပတ်လုံးနေမှ တစ်ခုလောက်ပဲ ပေးစားတာမျိုး၊ ဟမ်ဘာကာဆိုလည်း တစ်ခုလောက်၊ အချိုရည်ဆိုလည်း တစ်ဘူးလောက်ပဲဆို လုံလောက်ပါပြီ။

 

မိဘတွေပြုလုပ်သင့်တဲ့ လိုက်နာဆောင်ရွက်ချက်တွေရှိရင် အသိပေးစေလိုပါတယ် ဆရာမ
အခုခေတ်က အလုပ်များတဲ့ မိဘတွေရှိတော့ မိဘတွေကလည်း ကလေးတွေကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ကျွေးတာမျိုးမဟုတ်ဘဲ ပြီးစလွယ်ကြက်အူချောင်းတွေ၊ ငါးအူချောင်းတွေ၊ ငါးအူချောင်းတွေကြော်ပြီး ကျောင်းထမင်းချိုင့် ထည့်ပေးလိုက်တာတွေရှိပါတယ်။ ဒီတော့ ကလေးတွေကလည်း မိဘတွေ ထည့်ပေးတဲ့အတိုင်း စားသောက်ပြီး အဆီပိုတွေ ဖြစ်လာကာ ကိုယ်အလေးချိန် တိုးလာတာဖြစ်ပါတယ်။ 


ဒီတော့ မိဘတွေအနေနဲ့ ရယ်ဒီမိတ်ဟင်းတွေကိုပဲ ထည့်ပေးလိုက်တာမဟုတ်ဘဲ ဟင်းသီးဟင်းရွက် ကြော်တွေ၊အသီးအနှံတွေကိုလည်း ဖြစ်နိုင်ရင် နေ့တိုင်းတစ်မျိုးလောက်တော့ ထည့်ပေးစေချင်ပါတယ်။ နောက်ပြီးကလေးတွေရဲ့ ထမင်းဘူးကို ကျောင်းကဆရာမတွေက စစ်ဆေးပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ ကလေးတွေရဲ့ ဟင်းက အဆီအနှစ်တွေအရမ်းများနေလား။ အချို့မှုန့်တွေချည်းပဲ စားနေသလား။ ကလေးတွေ အချိုရည်ချည်းပဲ သောက်နေလား။ ကလေးတွေအချိုရည် သောက်တာနည်းအောင် ဆရာတွေကလည်း ထိန်းချုပ်ပေးဖို့လိုပါတယ်။ ဘောလုံးသွားကန်တာ၊ အားကစားတစ်ခုခုကိုလုပ်ခိုင်းတာ၊ ရေကူးတာပဲဖြစ်ဖြစ်၊ ကြက်တောင်ရိုက်တာ ဖြစ်ဖြစ်၊ ပြုလုပ်ခိုင်းသင့်ပါတယ်။ ကလေးတွေက ပြေးလွှားလှုပ်ရှားနေတာ အကောင်းဆုံးပါပဲ။

 

နောက်ပြီး မိဘတွေကို လာကူခိုင်းတာ ကားရေဆေးနေတဲ့အခါမျိုးဆို “ သားရေ တူတူကားရေဆေးရအောင် ” ဆိုပြီး ကူးခိုင်းတာမျိုး၊ ခြံထဲကအပင်တွေကို ရေလောင်းခိုင်းတာမျိုး၊ မြက်ပင်တွေ နှုတ်ခိုင်းတာမျိုး၊ အရမ်းကြီး မဟုတ်တောင် ကလေးတွေလုပ်နိုင်သလောက် ခိုင်းပေးရပါမယ်။ လိုုအပ်တဲ့ပစ္စည်းတွေ သွားယူခိုင်းတာတွေကလည်း ကလေးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်စေပြီး ကိုယ်လက်လှုပ်ရှားမှုကို တိုးအောင်လုပ်တဲ့နည်းပဲဖြစ်ပါတယ်။ 

 

ကလေးတွေ အဝလွန်ခံစားရတာဟာ တခြားသတိပြုရမယ့် အကြောင်းအရင်းတွေရှိရင် သိချင်ပါတယ်
ကလေးတွေမှာ တစ်ခုရှိတာက Cushion Syndrome လို ရောဂါမျိုး Hypothyroidism နဲ့ Pitutary Glands က ဟော်မုန်းတွေ အထွက်များတဲ့ရောဂါလို ဟော်မုန်းနဲ့ဆိုင်သောရောဂါတွေ ဖြစ်နေတဲ့အခါမှာလည်း အဝလွန်တဲ့ ပုံစ့မျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်က ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် များပြီး အဝလွန်နေပြီ ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေဆီသွားပြီး ကလေးက အစားအသောက်ကြောင့် ဝတာလား၊ ရောဂါကြောင့်ဝတာလား၊ မျိုးရိုးနဲ့ ဆိုင်လို့ဝတာလားဆိုတာ ကွဲကွဲပြားပြား သိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ 

 

ကလေးတွေ ဝလို့ ပိန်ဆေးကျွေးတာမျိုး ကြားဖူးပါတယ် ဆရာမ။ အဲဒါကအန္တရာယ်ဖြစ်နိုင်ပါသလား။
ကလေးတွေ ဝနေလို့ ပိန်ဆေးတိုက်တာတွေဘာတွေ တချို့မိဘတွေ လုပ်တတ်ပါတယ်။ အမှန်တော့ ဒါဟာ အတော်လေးကို မှားယွင်းနေတဲ့ အယူအဆပါ။ ကလေးတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။ လူကြီးတွေ ပိန်ဆေးတွေ ဘာတွေ သောက်တာက ဘာမှမဖြစ်ပေမယ့် ကလေးတွေကတော့ လုံးဝမသောက်သင့်ပါဘူး။ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာ ရိုးရှင်းလွယ်ကူပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ နည်းလမ်းတွေနဲ့သာ ပြုလုပ်သင့်ပါတယ်။ နေထိုင်မှုဘဝပုံစံနဲ့ အစားအစောက်ကိုသာစနစ်တကျထိန်းပေးနိုင်ရင်အဆင်ပြေပါတယ်။ 

 

Healthcare.com.mm

Ref:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.270, Junuary 2015, Pg.55-58

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18