Print

ချောင်းဆိုးခြင်း

  24-Feb-2017
Preview Image

ချောင်းဆိုးခြင်းကို ရောဂါလက္ခဏာတစ်ခုလို့ သတ်မှတ်နိုင်သလို လည်ချောင်းသို့မဟုတ် အသက်ရှူလမ်းကြောင်းအတွင်း ယားယံအောင် ဆွပေးတဲ့ အကြောင်းအရာတစ်ခုခုဖြစ်ပွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ခြင်းတစ်မျိုးလို့လည်း ယူဆနိုင်ပါတယ်။ချောင်းအစိုဆိုးခြင်းမှာတော့ ချောင်းဆိုးခြင်းနှင့် တွဲပြီး အသက်ရှူလမ်းကြောင်းထဲမှ ထွက်လာတဲ့ သလိပ်၊ ချွဲနဲ့ အညစ်အကြေးများပါလာပါတယ်။

 

ဥပမာ - ပန်းနာရင်ကျပ်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါများမှာတွေ့နိုင်တဲ့ ချောင်းဆိုးခြင်းပါပဲ။ ချောင်းခြောက်ဆိုးရာမှာတော့ ချောင်းဆိုးခြင်း သက်သက်ဖြစ်ပြီး ဘာမှတွဲမထွက်လာပါဘူး။ ဘာကြောင့်ဖြစ်တယ် ဆိုတာလည်း သတ်သတ်မှတ်မှတ်မရှိပါဘူး။ အသက်ရှူလမ်းကြောင်းအတွင်း တစ်စုံတစ်ရာ ဝင်ရောက်ခြင်း၊ အအေးမိခြင်းတို့လိုရောဂါ ပြဿနာများမှာတော့ လေပြွန်ချောင်းတစ်လျှောက် ယားယံလာစေပြီး ချောင်းဆိုးခြင်းနှင့်အတူ ချွဲသလိပ်များ ထွက်လာတတ်ပါတယ်။ ကလေးအနားမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဆေးလိပ်ငွေ့တွေ ရှူရှိုက်မိလို့ ချောင်းဆိုးတတ်သလို တစ်ခါတစ်ရံလည်း လူကြီးတွေ ဂရုစိုက်တာခံချင်လို့ ချောင်းဆိုးသံပြုလုပ်တတ်ပါသေးတယ်။

 

စိုးရိမ်ရပါသလား
ကလေးချောင်းဆိုးနေတဲ့အသံကို ကြားနေရလို့ စိတ်ပူမိတတ်ပေမယ့် ချောင်းဆိုးခြင်းအများစုဟာ စိုးရိမ်ဖို့မလိုပါဘူး။ ဒါပေမယ့် ချောင်းဆိုးခြင်းအပြင် အသက်ရှူရခက်နေတာ တွေ့ရရင်တော့ အရေးပေါ်ဆေးကုသဖို့ လိုအပ်ပါတယ်။

 

သင်ပထမဆုံးဘာလုပ်သင့်သလဲ
၁။ ကလေးချောင်းဆိုးတဲ့အခါ သလိပ်ပျစ်ခဲခဲတွေ ထွက်ပြီး၊ သလိပ်ကပ်နေတာတွေ့မြင်ရရင် ကလေးကျောပြင်လေးကို အသာအယာပွတ်ပေးခြင်း၊ ကလေးကို ရင်ခွင်ထဲ မှောက်လျက် အနေအထားနဲ့ ချီပြီးကျောဘက်မှ အသာအယာ ပုတ်ပေးခြင်းတို့ လုပ်ပေးသင့်ပါတယ်။

 

၂။ ကလေးလည်ချောင်းထဲသို့ တစ်ခုခုဝင်ပြီးအသက်ရှူလမ်းကြောင်းပိတ်ဆို့ကာ ချောင်းဆိုးလာခြင်း ဖြစ်ရင်တော့ သက်ဆိုင်ရာခေါင်းစဉ်အောက်မှာ အသေးစိတ်ရှင်းပြထားပါတယ်။ လိုက်နာဆောင်ရွက်နိုင်ပါ လိမ့်မယ်။

 

၃။ ညအိမ်နေတုန်း ချောင်းဆိုးခဲ့ရင် ကလေးရဲ့ ကျောဘက်မှ ခေါင်းအုံးများဆင့်၍ ခံပေးပြီး ထောင်လျက် အနေအထားသို့ ထားပေးပါ။ ချွဲသလိပ်များနှာခေါင်းမှ အာခေါင်ဘက်သို့ စီးကျလာခြင်းမရှိအောင် တားစီးပေးပါလိမ့်မယ်။ လည်ချောင်းယားသက်သာအောင် ပူရှိန်းသကြားလုံး ငုံဆေးတစ်မျိုးမျိုး ပေးငုံသင့်ပါတယ်။

 

ဆရာဝန်ထံပြသရန်လိုပါသလား
ချောင်းဆိုးဝေဒနာခံစားနေရတာ သုံးရက် လေးရက်ရှိနေပြီး ကလေးမအိပ်နိုင်အောင်ချောင်းဆိုးလျှင်ဖြစ်စေ၊ လည်ချောင်းထဲ တစ်စုံတစ်ခုဝင်သွားခြင်းကို မဖယ်ထုတ်နိုင်လျှင်ဖြစ်စေ ဆရာဝန်ထံ ပြသရန်လိုပါသည်။ ကလေးဟာ ဆက်တိုက်ဆက်တိုက် ချောင်းဆိုးခြင်း၊ အသက်ရှူခံများကြားရလောက်အောင် ဆူညံခြင်းတို့ ဖြစ်မယ်ဆိုရင် အသက်ရှူလမ်းကြောင်း အဝလေပြွန်ရောင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခြင်းတို့ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသပါ။

 

ဆရာဝန်ကဘာတွေလုပ်ပေးမလဲ
• အာသီးရောင်ခြင်း၊ လေပြွန်ရောင်ရမ်းခြင်းတို့နဲ့တွဲပြီး ချောင်းဆိုးတာဆိုရင် ပိုးသတ်ဆေး ပဋိဇီဝဆေးတစ်ခုခု တိုက်ကျွေးပါလိမ့်မယ်။
• ဗိုင်းရပ်စ်ပိုးကြောင့် ချောင်းဆိုးခြင်းဆိုရင်တော့ ကလေးဝေဒနာသက်သာအောင် သင်ပြုစုရန် နည်းလမ်းများကို ဆရာဝန်ကညွှန်ကြားပါမယ်။
• ပန်းနာရင်ကျပ်ရောဂါကြောင့် ချောင်းဆိုးခြင်းအတွက် လေပြွန်ကျယ်လာစေနိုင်တဲ့ ဆေးဝါးများကို ညွှန်ကြားပေးပါမယ်။ လည်ချောင်းထဲကို စီးဝင်လာမယ့် အချွဲများနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို သက်သာစေရန်ဖြစ်ပါတယ်။
• ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို သောက်သုံးရန် ညွှန်ကြားပေးတာလည်း ဖြစ်နိုင်ပါတယ်။

 

သင်ဘာလုပ်ပေးနိုင်မလဲ
• ကလေးခံစားနေရတဲ့ရောဂါ သာမန်အဆင့်မှ အဆုတ်ထဲသို့ ပျံ့နှံ့ခြင်းမဖြစ်ရအောင် နွေးနွေးထွေးထွေးထားပေးပါ။ ဒါပေမယ့် အခန်းထဲမှာ ပိတ်လှောင်ပြီး ပူအိုက်နေအောင် မထားဖို့လိုပါတယ်။
• အခန်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်းဖြင့် ကလေးရဲ့အခန်းမှာ လေထု စိုထိုင်းဆကောင်းအောင် ဆောင်ရွက်ပေးပါ။
• ချောင်းဆိုးခြင်းကို ဟန့်တားစေမယ့် ချောင်းဆိုးပျောက်ဆေးများ မတိုက်သင့်ပါဘူး။

 

Healthcare.com.mm

Ref:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18