Print

ကလေးငယ်အတွက် အကောင်းဆုံးအာဟာရ

  24-Feb-2017
Preview Image

ကလေးငယ်အတွက် တတ်နိုင်သည့် မိဘလည်း မိခင်နို့၊ မတတ်နိုင်သည့် မိဘလည်း မိခင်နို့၊ ပထမ သုံးရက်အတွင်း နို့ရည်ကြည်လေး မဆိုသာရုံလောက် စိမ့်ထွက်နေသည့် ကာလလည်း မိခင်နို့။ ကလေးက ဗိုက်တင်းအောင် မစို့ရ၍ ဂျီကျနေလျှင် မိခင်နို့ တစ်မျိုးတည်းသာ အကောင်းဆုံးဖြစ်သည်။ 

 


မိခင်ကောင်းကောင်း မအိပ်ရမှာ စိုး၍ နို့ဘူးလေး နည်းနည်း ဖြည့်တိုက်ရအောင်ဟု ဆိုလာသော စပါယ်ရှယ်နာ့စ်ကို ခွင့်မပြုပါနှင့်။ အမှန်တကယ် သူစိတ်ပူနေသည်မှာ သူအိပ်ရေးမဝမှာ ဖြစ်ပါသည်။ မိခင် စိတ်ပူရမည်က Nipple confusion ခေါ် ကလေး နို့မစို့တော့ခြင်းနှင့် မိခင်နို့မလိုက်တော့ခြင်းတို့ ဖြစ်ပါသည်။ ကလေးငိုတာကို သုံးရက်လောက် သည်းမခံနိုင်ပါက ဒီကလေးသည် နောက်သုံးနှစ်လုံးလုံး မကြာခဏ ဂျီကျ၍ ငိုမည့်သူ ဆိုတာလည်း မမေ့ပါနှင့်။


ကလေးကို နေ့စဉ် ပုံမှန် ပေါင်ချိန်ကြည့်နေသော ကလေးဆရာဝန်က ကလေးတကယ် နို့မှုန့်ကူရန် လိုအပ်လာပြီဆိုလျှင် ပြောပါလိမ့်မည်။ မိခင်နို့ လုံလောက်မှု ရှိ၊ မရှိ မိခင်ကိုယ်တိုင်သော်လည်းကောင်း၊ ဆွေမျိုးများက သော်လည်းကောင်း၊ စပါယ်ရှယ်နာ့စ်က သော််လည်းကောင်း၊ မဆုံးဖြတ်သင့်ပါ။ ယေဘုယအားဖြင့် အောက်ဖော်ပြပါ လက္ခဏာများ ပြလာသောကလေးကို မိခင်နို့အပြင် ကလေးဆရာဝန်များက နို့မှုန့်ကူ၍ တိုက်စေလေ့ ရှိပါသည်။

 

၁။ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းထက်ပို၍ ကျခြင်း (မွေးစပေါင်ချိန်သည် ပထမ ၁၀ ရက်အတွင်းမှာ အမြဲကျဆင်းပါသည်။ ၁၀ ရာခိုင်နှုန်းအတွင်း ဖြစ်ပါက စိတ်ပူရန်မလိုပါ)

 

၂။ ကလေးရှူရှူး ပထမ ၂၄ နာရီနောက်ပိုင်း တစ်နေ့ခြောက်ကြိမ်ထက် လျော့၍ပေါက်ခြင်း)

 

၃။ မွေးမွေးချင်း ပေါင်ချိန်နည်းလွန်းခြင်း 

 

၄။ မွေးမွေးချင်း ပေါင်ချိန်များလွန်းခြင်း (ဥပမာ၊ မိခင်ဆီးချိုရောဂါရှိသော ကလေးများ)

 

၅။ ရေဓာတ် ခန်းခြောက်သည့် လက္ခဏာပေါ်နေသော ကလေးများ။

 

၆။ ရောဂါတစ်ခုခုကြောင့် မောဟိုက်နေသဖြင့် မိခင်နို့ကို စုပ်ယူနိုင်စွမ်း မရှိသောကလေးများ။ (ဒါတောင် မိခင်နို့ကို ညှစ်၍ဇွန်းနှင့် တိုက်နိုင်ပါသေးသည်)

 

၇။ ရောဂါတစ်ခုခုကြောင့် မောနေသော ကလေးကိုနို့မတိုက်နိုင်သော မိခင်များ။

 

၈။ ကလေးကို အန္တရာယ်ဖြစ်စေနိုင်သော ဆေးဝါးများ မှီဝဲထားရသည့် မိခင်များ (မိခင်နို့လုံးဝမတိုက်ရပါ)။

ဖော်ပြပါ အခြေအနေမျိုးတွင် ယာယီအားဖြင့် နို့မှုန့်ကူရခြင်းဖြစ်ပါက ဇွန်းနှင့်သာ တိုက်ခိုင်းလေ့ ရှိပါသည်။ ရာဘာနို့သီးခေါင်းသည် ဇောက်ထိုးဆွဲထားလျှင်ပင် နို့ရည်တတောက်တောက်ကျလေ့ရှိသော နို့သီးခေါင်းဖြစ်လေရာ စုပ်အားကို မူတည်၍ နို့ထွက်ပေးသော မိခင်နို့ကို ပြန်စို့ရသည့်အခါတွင် ကလေးစနစ်တကျ မစို့တတ်တော့ဘဲ အခက်အခဲ ဖြစ်တတ်သောကြောင့် ဖြစ်သည်။ (Nipple Confusion ဟုခေါ်သည်) ဘယ်တော့မှ မိခင်နို့မတိုက်နိုင်တော့သော အခြေအနေမျိုးတွင်သာ ထိုရာဘာနို့သီးခေါင်းကို ဆက်သုံးနိုင်ပါသည်။ ထူးခြားသော အခြေအနေအချို့ကို ဖြည့်စွက်ချင်ပါသေးသည်။


၁။ အသည်းရောင် ဘီပိုးရှိသော မိခင်များ။
၂။ အသည်းရောင် စီပိုးရှိသော မိခင်များ။
၃။ HIV ခုခံအား ကျဆင်းရောဂါပိုး ရှိနေသောမိခင်များ။
၄။ တီဘီ (အဆုတ်) ရောဂါရှိနေသော မိခင်များ။
၅။ ရှောင်တခင် ဖျား၊ နာသောမိခင်များ။
၆။ ပဋိဇီဝဆေးများ သောက်ထားသောမိခင်များ 


အားလုံးအတွက် အဖြေသည် (HIV တွင် ခြွင်းချက်တချို့ရှိသည်မှအပ) မိခင်နို့သာ ဖြစ်ပါသည်။ ဘီပိုး စီပိုးတို့သည် မခင်နို့မှ ကိုယ်ခံဓာတ်များပင် ရရန်အကြောင်းရှိသဖြင့် တိုက်ရပါမည်။ တီဘီရောဂါသည် မိခင်နို့မှ မကူးစက်ပါ။ မိခင်နှင့် အတူနေရုံနှင့် ကူးစက်ခံရရန် အကြောင်းရှိပြီး ဖြစ်သဖြင့် ကလေးကို ကာကွယ်ရန်လို သော်လည်း အသက်ရှူသော လေမှတစ်ဆင့် ကလေးကိုအဖျားပိုး ကူးနိုင်သော်လည်း မိခင်နို့က အဖျားရောဂါ ခံနိုင်စွမ်းကိုသာ ကလေးထံ ပို့ပေးလိမ့်မည်။ ပဋိဇီဝ ဆေးအချို့ မိခင်နို့တွင် ပါတတ်သောသော်လည်း ကလေးအန္တရာယ်ဖြစ်လောက်အောင် ပမ္စာမပါပါ။ (ကုသရန်အတွက်လည်း မလုံလောက်ပါ။ ကလေးဖျား၍ လာပြလျှင် ပဋိဇီဝတိုက်ခိုင်းပါက ကျွန်မ ကျွန်မသောက်လိုက်လို့လားဟု မေးသောအမေများ တွေ့တွေ့နေရ သဖြင့် ဖြေခြင်းဖြစ်ပါသည်)HIV သည် မိခင်နို့မှတစ်ဆင့် ကူးစက်ကြောင်း သက်သေအခိုင်အလုံ တွေ့ရှိထားပြီး ဖြစ်သည်။ သို့သော် စဉ်းစားရန် အချက် ၃ ချက်ရှိသည်။

 

၁။ မမွေးခင်ကတည်းက ကလေးကူးစက်ခံရဖို့ကလည်း ၁၅ ရာခိုင်နှုန်းလောက်တော့ ဖြစ်နိုင်ခြေရှိသည်။ (မိခင်ကို ဆေးတိုက်ထားခြင်း၊ ကလေးကို မွေးမွေးချင်း ဆေးတိုက်ထားခြင်း၊ ဗိုက်ခွဲမွေးဖွားခြင်း၊ မွေးမွေးချင်း ရေကြက်သီးနွေးခန့်ဖြင့် ရေချိုးပေးခြင်းတို့က ရာခိုင်နှုန်းကိုဒီ့ထက် များစွာနည်းစေနိုင်သည်)

 

၂။ မိခင်နို့စို့သော ကလေးအားလုံးလည်း ရောဂါကူးသည်တော့မဟုတ်။ ထက်ဝက်ခန့်တော့ ကူးနိုင်သည့် အန္တရာယ်ရှိသည်။

 

၃။ ဆင်းရဲသဖြင့် သန့်ပြန့်သော နို့ဘူး မကြာခဏ လဲလှယ်သုံးခြင်း၊ ကလေးအတွက် စံညွှန်းမီသော နို့မှုန့်ကို သတ်မှတ် အချိုးအစားအတိုင်း တိုက်နိုင်ခြင်းတို့ မရှိသည့် မိခင်များတွင် ကလေးက HIV နှင့် သေဆုံးရန် အခွင့်အလမ်းထက် နို့ဘူးကပေးသော ပြဿနာများဖြစ်သည့် ဝမ်းလျှော၊ ဝမ်းပျက်ခြင်း၊ အာဟာရ ချို့တဲ့ခြင်းနှင့် သေဆုံးရန် အခွင့်အလမ်က ပိုများသည်။ ထို့ကြောင့် HIV ရှိသော အမေအတွက်တော့ အဖြေက တကယ်တတ်နိုင်လျှင် နို့ဘူးသာ အပြတ်တိုက်လိုက်ပါဟု ဖြစ်သည်။ တွဲတော့ မတိုက်ရ။ အမေနို့တိုက်လိုက်၊ နို့ဘူးတိုက်လိုက်လုပ်လျှင် အန္တရာယ်က ပိုများပါသည်။

 

Healthcare.com.mm

Ref:
ပါမောက္ခရဲမြင့်ကျော်(ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ 
စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18