Print

မွေးကင်းစ အသားဝါ လျှော့ကာ မတွက်လေနှင့် (၁)

  24-Feb-2017
Preview Image

ကလေးငယ်များသည် မွေးဖွားစမှ အသက်နှစ်နှစ် အတွင်းတွင် ဦးနှောက် ဖွံ့ဖြိုး မှုနှုန်းသည် လွန်စွာမြန်ဆန်ပြီး လူကြီးဦးနှောက် အရွယ်အစား၏ (၇၅%) ခန့်ပမာဏကို အသက် နှစ်နှစ်တွင် ရောက်ရှိလာပါသည်။ ဤကဲ့သို့ ကလေးဘဝ၏ ပထမနှစ်နှစ်တွင် ဦးနှောက်ဖွံ့ဖြိုးမှု လွန်စွာမြန်ဆန်နေချိန်တွင် ဦးနှောက်ကို အကြောင်း တစ်စုံတစ်ခုကြောင့် ထိခိုက်မှုမိလျှင် ထိုဦးနှောက် အစိတ်အပိုင်းသည် ဆက်လက်ဖွံ့ဖြိုး တော့မည် မဟုတ်ပေ။ သို့မဟုတ် လုံးဝပျက်သွားမည်ဖြစ်ပေသည်။ အသက်ဆုံးရှုံးမှုလည်း ဖြစ်ပေါ်နိုင်ပါသည်။ အသက် မဆုံးရှုံးပါလျှင်လည်း ဦးနှောက်မဖွံ့ဖြိုးသူ၊ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျသူ တစ်ဦးအနေဖြင့် ဘဝပျက်ရှာသူ ဖြစ်ပေမည်။ ထိုသို့ ဖွံ့ဖြိုးဆဲဦးနှောက်ကို ထိခိုက်စေသော အကြောင်းများစွာရှိသည့်အနက် အဖြစ်များဆုံးအကြောင်းမှာ 

 

- လမစေ့ အလေးချိန်မပြည့် မွေးသောကလေးများတွင် ဦးနှောက်ဖွံ့ဖြိုးမှု တစ်နည်းနည်းဖြင့် ထိခိုက်ခြင်း၊

- မွေးဖွားစဉ် ရေမြွှာရည်မွန်းခြင်း၊ မွေးလမ်းကြောင်းတွင် ကြာမြင့်စွာရှိနေခြင်း၊

- မွေးဖွားပြီး တစ်ပတ်အတွင်း လွန်စွာအသားဝါခြင်း စသည်တို့ဖြစ်ပါသည်။

 

မွေးကင်းစမှာ ပုံမှန်ဝါတတ်သည်
မွေးကင်းစကလေးငယ် အများစုသည် ရောဂါကြောင့် မဟုတ်ဘဲ ပုံမှန်အားဖြင့်အသားဝါလေ့ ရှိကြပါသည်။ ဝါသောဓာတ်ကို ကိုယ်ခန္ဓာတွင်းမှ ထုတ်ပယ်ပေးသော အင်ဇိုင်း (Enzyme) တစ်မျိုးသည် ကလေးမွေးဖွားပြီး ရက်အနည်းငယ်ကြာမှ ကိုယ်ခန္ဓာက ထုတ်ပေးသဖြင့် ထိုအင်ဇိုင်း မထွက်လာမီ အသားအနည်းငယ် ဝါလေ့ရှိပါသည်။ (physiological jaundice) ထိုသို့ ပုံမှန်အသားဝါခြင်းသည် မည်သည့်အခါမှ မွေးမွေးချင်း
(သို့) မွေးဖွားသည့် ပထမနေ့တွင် ဝါလေ့မရှိပေ။ တစ်နည်းဆိုရသော် ထိုသို့မွေးမွေးချင်းဝါလျှင် ပုံမှန်အသားဝါခြင်းမဟုတ်၊ ရောဂါကြောင့် ဝါခြင်းသာလျှင်ဖြစ်ပေတော့မည်။

 

ပုံမှန်အသားဝါခြင်းသည်
- မွေးဖွားပြီး နှစ်ရက်၊ သုံးရက်သားမှသာလျှင် ဝါလေ့ရှိပါသည်။
- ကြောက်စရာကောင်းသော လက္ခဏာများဖြစ်သည့် တက်ခြင်း၊ ဇက်လန်ခြင်း၊ ခန္ဓာကိုယ်တောင့်တင်းခြင်း၊ နို့မစို့နိုင်ခြင်း၊ သတိလစ်ခြင်း၊ စသည်တို့မဖြစ်ပေ။
- ကလေးငယ်သည် အသားအနည်းငယ်ဝါသည်မှအပ၊ ပုံမှန်အတိုင်း လန်းလန်းဆန်းဆန်း
ရှိပြီး နို့ကောင်းစွာ စို့ပါသည်။
- အသားဝါခြင်းသည် ပြင်းထန်စွာ ဝါခြင်းအထိ မည်သို့သော အခါမှ မရောက်ရှိပဲ အနည်းငယ်သာ ဝါတတ်ပါသည်။
- မွေးဖွားပြီး တစ်ပတ်အတွင်း အသားဝါခြင်း လျော့နည်းပပျောက်သွားလေ့ရှိပါသည်။ 
ပုံမှန်ဝါခြင်းသည် မွေးကင်းစကလေး ရာနှုန်းတော်တော်များများတွင် ဖြစ်လေ့ဖြစ်ထရှိပါသည်။

 

ရောဂါကြောင့်ဝါသောအခါ
မွေးဖွားပြီး တစ်ပတ် နှစ်ပတ်အတွင်း အင်ဇိုင်းနှင့် မပေါင်းစပ်နိုင်သေးသော အဝါဓာတ် (unconjugated bilirubin) များ လွန်စွာများပြားလာခြင်းသည် “ရောဂါကြောင့် အသားဝါခြင်း” ပင်ဖြစ်ပါသည်။ ထိုမပေါင်းစပ်နိုင်သော အဝါဓာတ်တို့မှာ အဆီဓာတ်များပင်ဖြစ်ပြီး သွေးကြောများမှ တစ်ဆင့် ဦးနှောက်၏ အောက်ခြေသို့ ရောက်ရှိသွားတတ်ပါသည်။ ထိုအခါတွင် ဦးနှောက် အစိတ်အပိုင်းအချို့ကို ဖျက်စီးလိုက်ပြီး ဇက်အောင့်ခြင်း၊ တက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါသည်။

 

(Kernicterus)ဦးနှောက် အစိတ်အပိုင်းအချို ့ ပျက်စီးသွားပြီးလျှင် ပျက်စီးသောအပိုင်းသည် မည်သည့်အခါမှ ပြန်ကောင်းလာမည် မဟုတ်တော့ပေ။ ပျက်စီးမှု နှုန်းများလျှင် အသက်အန္တရာယ် ပင်ရှိနိုင်ပြီး အသက်ရှင်လျှင်လည်း ကိုယ်ခန္ဓာတောင့်တင်းနေကာ လမ်းလျှောက်သည့်အရွယ်တွင် လမ်းမလျှောက်နိုင်ခြင်း၊ လက်တုန်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးလျော့ခြင်း စသည်တို ့ ဖြစ်ပေါ်လာနိုင်ပါသည်။ (Cerebralpalsy-CP)။

 

မည်သည့်ရောဂါတွေကြောင့်
မွေးဖွားပြီး တစ်ပတ် နှစ်ပတ်တွင် ပြင်းထန်စွာ အသားဝါခြင်းသည် မွေးမွေးချင်း (သို့) မွေးဖွားသည့် ပထမနေ့တွင်ပင် ဝါလာခြင်း၊ ဝါသောနှုန်းသည်လည်း ဒီရေအလား လျှင်မြန်စွာဖြင့် တက်လာတတ်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေသော ရောဂါများမှာ
- ကိုယ်ဝန်ဆောင်စ ပထမသုံးလ၊ ကလေး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ တည်ဆောက်ဆဲ ကာလတွင် မိခင်ထံမှ ရောဂါအချို့ ကလေးထံရောက်ရှိလာပြီး၊ ကလေး၏ ဦးနှောက်အစိတ်အပိုင်းများကို ဖျက်စီးခြင်း (intra-uterine infection)။ အထူးသဖြင့် မိခင် ဂျိုက်သိုးပေါက်ခြင်၊ ရေယုံပေါက်ခြင်း စသည်တို ့ဖြစ်သည်။- မိခင်သွေးအုပ်စု အို ဖြစ်ပြီး၊ ကလေးက အေ၊ အေဘီ၊ ဘီ ဖြစ်နေခြင်း၊
- မိခင် Rh အနှုတ်သွေးဖြစ်ပြီး ကလေးက Rh အပေါင်းသွေးဖြစ်နေခြင်း၊
- သွေးနီဥကို ထိန်းသိမ်းသော အင်ဇိုင်း (GGPD) ချို့တဲ့ခြင်း (သို့) မပါရှိခြင်းကြောင့်
သွေးနီဥပျက်ခြင်း၊ (ယောကျ်ားလေးများတွင် ဖြစ်သော မျိုးရိုးဗီဇရောဂါ)၊
- သွေးနီဥတွင်ပါသော ဟေမိုဂလိုဘင်သည် လူကြီးဟေမိုဂလိုဘင် အသွင်သို့ မပြောင်းတော့ပဲ၊ သန္ဓေသား ဟေမိုဂလိုဘင် အဖြစ်ဖြင့်သာ ဆက်လက်တည်ရှိနေကာသွေးနီဥများကို ဖျက်စီးသော မျိုုးရိုးဗီဇရောဂါ (thalassaemia) စသည်တို့ဖြစ်ပါသည်။ရောဂါကြောင့် ပြင်းထန်စွာအသားဝါခြင်း၊ အကြောင်းများစွာရှိပါသည်။ ယခု ဖော်ပြထားသောရောဂါများမှာ အဖြစ်အများဆုံး ရောဂါများသာလျှင် ဖြစ်ပါသည်။
- မွေးဖွားစဉ် မွေးဖွားရခက်သဖြင့် ညှပ်ဆွဲမွေးခြင်း၊ လေစုပ်မွေးခြင်းများကြောင့် ဦးနှောက်တွင်ထိခိုက်ပြီး သွေးနီဥခဲများစုနေခြင်း (Cephalhaematoma)?
- သွေးနီဥများ လိုသည်ထက်ပို၍ များပြားသော သွေးပျစ်သည့် အခြေအနေရှိခြင်း (Haemoconcentration) (အထူးသဖြင့် လစေ့အလေးချိန်မပြည့် ကလေးများတွင်တွေ့ရှိရတတ်ပါသည်) တို့တွင်လည်း ပြင်းထန်စွာ အသားဝါခြင်းဖြစ်တတ်ပါသည်။

 

အထက်ပါ ရောဂါများကြောင့် အသားဝါခြင်းသည် ကိုယ်ခန္ဓာမှ ဝါသောဓာတ်များ ထွက်သွားရန်ပေါင်းစပ်ပေးသော အင်ဇိုင်းမရှိခြင်း (သို့) မလုံလောက်ခြင်းကြောင့်ဖြစ်ရပါသည်။ သို့ဖြစ်၍ အင်ဇိုင်းနှင့် မပေါင်းစပ်နိုင်သေးသော အဝါဓာတ်သည် ကလေး၏ဘဝတစ်ခုလုံးကို ဖျက်စီးနိုင်သော လက်နက်ကြီးဖြစ်ကြောင်း သိရှိထားမည်သာဖြစ်ပါသည်။ ထိုသို့သော အသားဝါအုပ်စုသည် ရံဖန်ရံခါ အဝါဓာတ်မလျော့ပဲ “ ကြာရှည်စွာ အသားဝါခြင်း” အဆင့်သို ့ရောက်ပြီဖြစ်ပါသည်။ 

 

ကလေးအသက် နှစ်ပတ်ကျော်သည်အထိ ဆက်၍နာနေလျှင် ကြာရှည်စွာ အသားဝါခြင်း အဆင့်သို့ရောက်ရှိပြီဖြစ်သည်။ မည်သို့ဖြစ်စေ၊ မည်မျှကြာအောင် ဝါသည်ဖြစ်စေ၊ ကလေးအသက် ပထမအပတ်အတွင်းတွင် ဦးနှောက်ကို ဖျက်စီးပြီးသားဖြစ်ပါသည်။ သို့ဖြစ်၍ ဝါခြင်းကြာလေ ဦးနှောက်ပို၍ ပျက်စီးလေမဟုတ်ပဲ ပျက်စီးပြီးသားသာလျှင် ဖြစ်ပါသည်။ ကလေး၏ အနာဂတ်လှပစေရန် ဝါခြင်းကို အမြဲသတိထားပြီး
ဆေးရုံသို့ အမြန်လာရောက်ပြသရန် လိုအပ်ပါသည်။ ဝါသောဓာတ်၏ ပြင်းနှုန်းပေါ်မူတည်၍ “မီးပြာ“ ပြခြင်း၊ သွေးလဲခြင်းတို့ဖြင့် ကယ်တင်နိုင်ပါသည်။ 

 

“ဝါတာကို သတိမထားမိပါဘူး”
“ကျွန်မက နနွင်းလိမ်းထားလို့ပါ”
“အရင်ကလေးတွေလည်း ဝါတာပဲ” စသည်ဖြင့် ပေါ့ဆစွာခံယူခြင်း မပြုသင့်ကြောင်း မိဘများအား အသိပေးအပ်ပါသည်။ 

 

Healthcare.com.mm
Ref:
ဒေါက်တာယုဇနစောမြင့်
(ကလေးအထူးကု ဆရာဝန်ကြီး)
Health for all magazine, April 2013, Pg. 7-9


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18