Print

ကလေးမွေးဖွားခြင်း

  24-Feb-2017
Preview Image

မိခင်လောင်း မွေးဖွားချိန်တွင် ဆရာဝန် (သို့) သူနာပြုတစ်ဦးက စောင့်ကြပ်မွေးဖွားရန် လိုအပ်သော်လည်း တစ်ခါတစ်ရံတွင် မည်သည့် အကူအညီမှ မပေးနိုင်မီ မထင်မှတ်ဘဲ လျင်မြန်စွာ မွေးဖွားတတ်ကြသည်။ ထိုအခြေအနေမျိုးတွင် မည်သူမဆို ဆေးပညာဗဟုသုတ ရှိထားပါက မိခင်လောင်းကို ကူညီမွေးဖွားပေးသင့်ပါသည်။

 

သားအိမ်ညှစ်ခြင်းကြောင့် နာကျင်မှုမှာ မိနစ်ဝက်ခန့်ကြာပြီး နာကျင်မှု တစ်ခုနှင့်တစ်ခုကြားတွင် (၁၅) မိနစ်မှ (၂၀) မိနစ်ခန့်သာ ခြားလာပြီဆိုလျှင် မွေးဖွားရန် ပထမအဆင့်ရောက်နေသည်ဟု ဆိုနိုင်ပါသည်။ ထိုအချိန်တွင် လူနာသည် ဆေးရုံသို့သွားရန်လိုအပ်ပါသည်။ ထို့နောက် နာကျင်မှုမှာ (၃) မိနစ်ခြားတစ်ခါ ဖြစ်လာပြီး တစ်ခါလျှင် တစ်မိနစ်ခွဲကြာမျှ နာလာမည်။ မွေးဖွားရန် ဒုတိယအဆင့်သို့ ရောက်သောအခါ မိခင်လောင်းသည် ညှစ်လိုသော စိတ်ပေါ်လာပြီး မွေးဖွားပေးသူကလည်း ညှစ်ခိုင်းသင့်ပါသည်။ ကလေးဦးခေါင်း မွေးလမ်းဝတွင် ပေါ်လာသောအခါ ကူညီမွေးဖွားသူမှ ဘေးက ဖိပေးပြီး မိခင်ကိုလည်း ပါးစပ်မှ အသက်ဝဝရှူပြီး နား၍ ညှစ်ခိုင်းသင့်ပါသည်။

 

ဦးခေါင်းထွက်ပြီးနောက် ကျန်ခန္ဓာကိုယ်ပိုင်းမှာ လွယ်ကူစွာပင် မြန်မြန်ဆန်ဆန် ထွက်လာလေ့ ရှိပါတယ်။ မိခင်နှင့် ဆက်နေသော ချက်ကြိုးကို ဖြတ်ရန် တစ်လက်မခန့်ခြားပြီး (၂) နေရာတွင် ချည်ရမည်။ ၎င်းမှာ ကလေး၏ ချက်မှ (၆) လက်မခန့်အကွာတွင် ဖြစ်ရပါမည်။ ပိုးသန့်စင်ထားသော ကပ်ကြေးဖြင့် ချည်ထားသောနေရာ (၂) ခုကြားမှ ဖြတ်ပေးခြင်းဖြင့် ချက်ကြိုးမှ သွေးထွက်ခြင်းကို ကာကွယ်နိုင်ပါမည်။

 

မွေးဖွားပြီးနောက် စက္ကန့် (၂၀) ကျော်ကြာသည်အထိ ကလေးငယ်ငိုခြင်း၊ အသက်ရှူခြင်း မရှိပါက ကလေးကို တစ်ချက်၊ နှစ်ချက်ခန့် ရိုက်ပေးပြီး နွေးထွေးသော အနှီးဝတ်များဖြင့်ပတ်ကာထွေးထားသင့်သည်။ အကယ်၍သာ အသက်မရှူသေးပါက ပါးစပ်ချင်းတေ့၍ အရေးပေါ် အသက်ရှူကုသခြင်းကို ဆေးရုံတွင် မဟုတ်ပါက ပြုလုပ်ပေးရမည်။ ကလေးငယ်၏ နှာခေါင်းနှင့် ပါးစပ်မှ အချွဲများကို ဆေးရုံများတွင် ပိုက်ဖြင့် စုပ်ပေးလေ့ရှိပြီး အရေးပေါ်မွေးဖွားသော အခြေအနေတွင်မူ သန့်ရှင်းသော ပိုက်တစ်ခုခုနှင့် စုပ်ထုတ်ပေးနိုင်သည်။

 

မိခင်ကို နွေးနွေးထွေးထွေးထားပြီး အချင်းကျလာသည်အထိ စောင့်ကြည့်ပေးရမည်။ မွေးပြီး တစ်နာရီကျော်သည်အထိ အချင်းမကွာသေးပါက မိခင်မှာ သွေးထွက်လွန်ခြင်းကြောင့် ဒုက္ခရောက်နိုင်ပါသည်။ သွေးထွက်လွန်သော မိခင်ကို ဆေးရုံသို့ မပို့နိုင်မီခြေထောက်ကို မြှင့်တင်ပေးရမည်။ ထို့နောက် ဆေးရုံ ရောက်အောင် အမြန်ပို့သင့်သည်။ဆေးရုံနှင့် ဝေးကွာလွန်းသော အရပ်ဒေသဖြစ်လျှင် ဝမ်းဗိုက်ပေါ်သို့သာ သားအိမ်၏ အထက်မှ လက်ဖဝါးဖြင့် အောက်သို့ဖိပေးရမည်။ ထိုအခါ အချင်းကျလာနိုင်သလိုသွေးလည်းဆက်ပြီး ဆင်းနေနိုင်သည်။ 

 

သားအိမ်ကျုံ့ဝင်ခြင်း ဖြစ်ပေါ်လာပါမှ သွေးဆင်းခြင်း ရပ်တန့်မည်ဖြစ်၍ သားအိမ်ကို လက်ဖြင့် ညှစ်ပေးခြင်းကိုလည်း ပြုလုပ်ကြည့်သင့်သည်။ အချင်းကျလာပါက အချင်းစုံမစုံစစ်ဆေးနိုင်ရန် ဆရာဝန်နှင့် တွေ့သည်အထိ အချင်းကို သိမ်းထားရမည်။ အရေးကြီးသောအချက်မှာ မတက်ကျွမ်းသော မည်သူမဆို ဖြစ်နိုင်လျှင် ကလေးမွေးဖွားခြင်းကို မပြုလုပ်ပေးသင့်ပါ။ ဆရာဝန်၊ သူနာပြု၊ ဝမ်းဆွဲဆရာမတို့ကို ရအောင် ရှာဖွေခြင်း၊ဆေးရုံသို့ ပို့ခြင်းစသည်တို့ဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်ပြီး မဖြစ်နိုင်သည့်အဆုံးမှ မိမိမှ ကူညီမွေးဖွားပေးရန် ဖြစ်သည်။ 

 

Healthcare.com.mm
Ref:
ဒေါက်တာမေမိုးနွယ်
မိသားစု ကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18