Print

Baby လေးတွေအရိုးကျိုးတဲ့အခါ

  24-Feb-2017
Preview Image

အရိုးကျိုးတဲ့နေရာမှာ ကလေးငယ်တွေရဲ့ အရွယ်အလိုက် ကျိုးတတ်တဲ့ အင်္ဂါအစိတ်အပိုင်းကလည်း ကွဲသွားတတ်ပါတယ်။ 

 

မွေးကင်းစနဲ့ တစ်နှစ်အောက်အရွယ်ကလေးငယ်များ
ဒီအရွယ်ဟာ အရိုးအဆစ်တွေ စတင်ကြီးထွား ဖွံ့ဖြိုးစအရွယ်ဖြစ်လို့ နုနယ်တဲ့အရွယ်မှာ အရိုးကျိုးတဲ့ ပြဿနာကိုလည်း ရံဖန်ရံခါ ခံစားရတတ်ပါတယ်။ မိခင်ကိုယ်ဝန်ဆောင်စဉ်က အစာအဟာရချို့တဲ့ခြင်းကြောင့် သော်လည်းကောင်း၊ မိခင်ရဲ့ ကျန်းမာရေးချို့ယွင်းမှုကြောင့် သော်လည်းကောင်း၊ မွေးလာတဲ့ ကလေးငယ်မှာ အရိုးပျော့ပြဿနာကို ခံစားရသလို အရိုးကြွပ်ဆတ်မှုကြောင့်လည်း မကြာခဏ အရိုးကျိုးတတ်ပါသေးတယ်။

 

လမ်းလျှောက်တတ်စအရွယ် (Toddler)
ဒီအရွယ်မှာ ကလေးငယ်ဟာ လမ်းလျှောက်ဖို့ ကြိုးစားနေပြီမို့ ဒယိမ်းဒယိုင်နဲ့ လမ်းလျှောက်တာ၊ ပြေးလွှားတာကို ထိန်းမနိုင်အောင် ပြုကျင့်နေပါပြီ။ ဒီအရွယ်မှာ လူကြီးမိဘတွေက အချိန်ပြည့် မစောင့်ကြည့်နိုင်ရင် ဒါမှမဟုတ် လုံခြုံဘေးကင်းတဲ့ ဝန်းကျင်လေးတစ်ခု မဖန်တီးပေးနိုင်ရင် ကလေးငယ်တွေဟာ အရိုးကျိုးပြဿနာကို ခံစားရနိုင်ပါတယ်။ ဒီအရွယ်မှာ အကျိုးများတာက လက်ဖျံရိုး၊ ခြေသလုံးရိုး၊ ပေါင်ရိုးနှင့် ခြေချင်းဝတ်ရိုးတွေ ဖြစ်တတ်ပါတယ်။ 

 

ကျောင်းနေရွယ်ကလေးငယ်များ
ကျောင်းနေအရွယ်ကတော့ ၄-၅ နှစ်အရွယ်ကလေးငယ်တွေပါပဲ။ အဆော့မက်တယ်၊ ကစားခုန်စားလုပ်လွန်းတယ်၊ အမြင့်ကနေ ခုန်ချတတ်လွန်းတာတွေကြောင့် အရိုးကျိုးခြင်းပြဿနာတွေကို အများဆုံးရင်ဆိုင်ရတဲ့ အရွယ်တွေပေါ့။ ဒီအရွယ်မှာ အကျိုးများလာတဲ့ အင်္ဂါအစိတ်အပိုင်းက ညှပ်ရိုး၊ လက်ဖျံရိုး၊ လက်ချောင်းရိုး၊ ခြေသလုံးရိုး၊ ပေါင်ရိုး၊ ခြေ ချင်းဝတ်နဲ့ ခြေချောင်းရိုးလေးတွေပဲ ဖြစ်ပါတယ်။ ရံဖန်ရံခါမှာ အဆော့လွန်တာကြောင့် အကျမတတ်ရင် မျက်နှာနဲ့ ဦးခေါင်းရိုးတွေ ကျိုးပဲ့တာမျိုး ဖြစ်တတ်ပါသေးတယ်။

 

အရိုးကျိုးတဲ့အခါ ခံစားရတဲ့ လက္ခဏာများ
ကလေးငယ်တွေက အရိုးကျိုးလာရင်တော့ နာကျင်မှုကြောင့် စူးစူးဝါးဝါးနဲ့ အရင်ဆုံးအော်ငိုတော့တာပါပဲ။ ပထမဆုံး အရိုးကျိုးတဲ့နေရာမှာ ကိုယ်တွင်းသွေးယိုစီးမှုကြောင့် နီရဲရောင်ရမ်းမှုတွေ ဖြစ်လာမယ်။ တစ်ပြိုင်နက်တည်း ပြင်းထန်စွာနာကျင်မှုကို ခံစားရမယ်။ အရိုးကျိုးတဲ့နေရာကို စမ်းသပ်ကိုင်တွယ်ကြည့်ရင် တင်းရင်းမှုကို ခံစားရမယ်၊ အရိုးကျိုးတဲ့နေရာတစ်ဝိုက်က အရေပြားက ပူနွေးနေပြီး ထိလိုက်တဲ့အခါတိုင်း ကလေးငယ်ဟာ မခံမရပ်နိုင် စူးစူးဝါးဝါး အော်ငိုတတ်ပါတယ်။ လှုပ်ရှားရွေ့လျား မခံနိုင်အောင် နာကျင်တာကြောင့် ကလေးငယ်တွေဟာ အထိမခံ ကဲကဲဆတ်ဖြစ်နေတတ်ပါတယ်။ ရံဖန်ရံခါမှာ အရိုးကျိုးတဲ့နေရာတစ်ဝိုက် ပွန်းပဲ့အနာတရလည်း ရရှိတတ်ပါတယ်။

 

ဆရာဝန်ခေါ်ရမယ့်အခြေအနေ
ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်ဆီ အမြန်ပြေးတွေ့သင့်သလဲ။ အများအားဖြင့် အရိုးကျိုးတယ်ဆိုရင် မိဘတွေက အလွယ်ဖြေရှင်းတာ များပါတယ်။ ရိုးရာကုထုံးနဲ့ အရိုးအကြောပြင် ဆရာတွေဆီကို သွားကြတာများတယ်။ တကယ်လို့ သင့်ကလေးငယ်ဟာ ခေါင်း၊ လည်ပင်း ဒါမှမဟုတ် ကျောရိုးလိုနေရာတွေမှာ ထိခိုက်ဒဏ်ရာရပြီး အရိုးကျိုးခဲ့တယ်ဆိုရင် ဆေးရုံကားအမြန်ခေါ်ပြီး ကလေးငယ်ကို အရေးပေါ်ဌာနဆီကို အချိန်မဆိုင်းဘဲ အမြန်ခေါ်သွားသင့်ပါတယ်။ တကယ်လို့ အရိုးကျိုးတဲ့နေရာမှာ Open Fracture လို့ခေါ်တဲ့ ထိပ်ပွင့်အရိုးကျိုးခြင်း တစ်နည်းအားဖြင့် အရေပြားပေါက်ပြဲ ဒဏ်ရာရှိနေပါလျှင် ဆေးရုံ၊ ဆေးခန်းသွားပြီး တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။

 

အရိုးကျိုးခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
အထက်မှာပြောခဲ့သလို ကလေးငယ်တွေ အရိုးကျိုးခြင်း ပြဿနာမခံစားရဖို့ မိဘတွေအနေနဲ့ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်လေး ဖန်တီးထားပေးဖို့ လိုပါတယ်။ ကလေးငယ်တွေ အရမ်းမြင့်တဲ့နေရာကို မသွားနိုင်အောင် ကာရံထားတာ၊ အလွယ်တကူ ချော်လဲနိုင်တဲ့ ကြမ်းပြင်မှာ ကော်ဇောခင်းထားတာမျိုး လုပ်နိုင်သလို ဆော့လွန်းတဲ့ ကလေးငယ်တွေကို ဒူးကာ၊ ခြေသလုံးကာမျိုးတွေ စွပ်ထားပေးသင့်ပါတယ်။ ထိခိုက်ဒဏ်ရာရရင်လည်း အလွယ်တကူ အရိုးကျိုးခြင်းမဖြစ်အောင် အရိုးကြံ့ခိုင်သန်မာစေတဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီတွေ စတဲ့ အာဟာရပြည့်ဝအောင် ဖြည့်စွက်ကျွေးမွေးသင့်ပါတယ်။ အရိုးကျန်းမာ သန်စွမ်းစေဖို့ ပ့ံပိုးပေးတဲ့ ကာယလေ့ကျင့်ခန်းမျိုး ကလေးငယ်တွေ မှန်မှန်ပြုလုပ်ကျင့်ဖြစ်အောင် သင်ကြားပြသ ပေးသင့်ပါတယ်။ နောက်ဆုံး အရိုးကျိုးလာခဲ့ရင်တောင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မဖြစ်စေဖို့ မိဘတွေအနေနဲ့ မှန်ကန်တဲ့ ကျန်းမာရေးအသိရှိဖို့လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

 

Healthcare.com.mm
Ref:
သွန်းသော်တာ (B.N.Sc)
Ziwaka magazine, February 2016, Pg.75-77



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18