Print

ကလေးလေနာထခြင်း

  24-Feb-2017
Preview Image

ကလေးကော့ပျံလန်ကာ ရုတ်တရက်ထငိုခြင်း၊ အကောင်းပကတိ ကျန်းမာစွာရှိနေသော ကလေးများလည်း ဖြစ်တတ်သည်။ နေ့စဉ်အချိန်မှန် ပေါ်ပေါက်လာတတ်သည်။ အထူးသဖြင့် ညနေဘက် အစောပိုင်းတွင် ဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံ သုံးနာရီကျော်ပင် ကြာတတ်သည်။ ယင်းသို့ ဖြစ်ပါက ကလေးများ လက်သီးကို ကျစ်ကျစ်ဆုပ်၍ကော့လိမ်လွန့်လူးကာ ငိုတတ်သည်။

 

လူကြီးများ လေနာပါက ကုန်းကိုင်းနေသည်နှင့် ဆင်သည်။ ချော့မော့၍ ရခဲသည်။ ကလေးငါးယောက်တွင် တစ်ယောက် ထိုသို့ ဖြစ်တတ်သည်။ မွေးပြီးစ နှစ်ပတ်၊ သုံးပတ်အကြာတွင် ဖြစ်လေ့ရှိသည်။ မည်သည့်အတွက် ယင်းသို့ဖြစ်ရသည်ကို မည်သူမှ တပ်အပ်မပြောနိုင်။ ၄ လဝန်းကျင်ရောက်ပါက အလိုအလျောက် ပြန်ပျောက်သွားသည်။ မည်သည့် ဝေဒနာမှ မကျန်။ သို့သော် မိဘများအဖို့မူ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကြရသည်။ ကလေးတစ်ချို့တွင်မူ နွားနို့နှင့် ဓာတ်မတည့်ပါက ထိုသို့ဖြစ်တတ်သည်။

 

မိမိဘာသာ ဆောင်ရွက်နိုင်သော ကိစ္စများ
ကလေးတစ်ဦးနှင့်တစ်ဦး လေနာထပုံ မတူ။ ထို့ကြောင့် ကိုယ့်ကလေးနှင့်သင့်လျော်အပ်စပ်ရာ ကိစ္စကို ရွေးဆောင်ရွက်ကြည့်ပါ။

• နို့ဘူးတိုက်ပါက နို့မှုန့်နှင့် ဓာတ်မတည့်ခြင်းကြောင့် လေနာခြင်း ဟုတ်မဟုတ် သိနိုင်ရန် နို့မှုန့်တံဆိပ် ပြောင်းတိုက်ကြည့်ပါ။ မိခင်နို့တိုက်ပါက မိခင်က နို့နှင့်နို့ထွက်ပစ္စည်းများကို ကလေးလေနာထစဉ် မမှီဝဲရ။ ထိုသို့ ဆောင်ရွက်ခြင်းကြောင့်လေနာသက်သာပါက ဆက်လက်ကျင့်သုံးပါ။ 

• မိခင်နို့ထဲတွင် ကဖင်းဓာတ် ပါဝင်မှုများပါကလည်း ကလေးနေမထိ ထိုင်မသာ ရှိနိုင်သည်။ သို့ဆိုပါက ကော်ဖီ (သို့) ကဖင်းပါသော အစားအသောက်များကို မိခင်က လျှော့သုံးဆောင်ပါ။ 

• မိခင်နို့တိုက်တိုက် နို့ဘူးတိုက်တိုက် တစ်ခါတိုက်ပါက နှစ်ကြိမ်ခန့်နား၍ လေထုတ်ပေးပါ။ ကလေးအငမ်းမရ မသောက်စို့စေသင့်ပါ။ နို့ဘူး၏ နို့သီးခေါင်းပေါက် ကျယ်နေလွန်းပါကလည်း ကလေးက နို့ရည်ပမာဏ များများကို မနားတမ်း မျိုနေရမည်။ ကျဉ်းလွန်းနေပါကလည်း အားစိုက်စုပ်ယူနေရမည်။ ထို့ကြောင့် နို့ဘူး၏ နို့သီးခေါင်းဝကိုလည်း စစ်ဆေးပါ။

• ကလေး အနေရအထိုင်ရ သက်သာစေမည့် နည်းများကို ရွေးသုံး၍ လေနာနေသောကလေး နေသာထိုင်သာ ရှိစေရန် ဆောင်ရွက်ပေးပါ။

• ကလေးလေနာထခိုက် မိခင်ကလည်း ပင်ပန်းစိတ်ရှုပ်နေပါက ဆောက်တည်ရာမရဖြစ်တတ်သည်။ အသက်ရှူ လေ့ကျင့်ခန်းလုပ်ကာ လေနာထနေသော ကလေးကိုကြည့်ပြီး ပူပန်သောက ရောက်ရမှုများကို ဖြေဖျောက်ပါ။

 

ဆရာဝန်နှင့် အရင်ပြရန်
• ကလေး၏ ပုံမှန် အမူအကျင့် ပြောင်းလာလျှင်၊ (သို့) ငိုပုံငိုနည်း သိသာစွာပြောင်းလာလျှင်။

• ကလေးများ ဝမ်းပျက်၊ အော့အန်လျှင်၊ ကလေးဝမ်းသွားသည့်အခါ သွေးပါလျှင်။

• ကလေး ဝိတ် (ကိုယ်အလေးချိန်) မတက်လျှင် ဆရာဝန်နဲ့ ပြသသင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18