Print

မီးဖွားခွင့်နှင့် ကလေးကျန်းမာရေး

  24-Feb-2017
Preview Image

မိခင်နို့ စနစ်တကျတိုက်ကျွေးရေး စီမံချက်ကို စတင်အကောင်ထည်ဖော် ဆောင်ရွက်စဉ်က မိခင်နို့တိုက်ကျွေးရန်ကို ကလေးအသက် လေးလအထိ တိုက်ကျွေးရန် စဉ်းစားခဲ့ကြသော်လည်း ယခုလက်ရှိအချိန်တွင် ကလေးကျန်းမာရေးအတွက် မိခင်နို့ကို ကလေးအသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရန် သတ်မှတ်လျက် ရှိပါတယ်။

 

မိခင်နို့တစ်မျိုးတည်း အခြားမည်သည့်အရည်၊ ရေမျှမတိုက်ဘဲ ကလေးအသက် ခြောက်လအထိ ကလေးကိုတိုက်ကျွေးလျှင် ကလေးတစ်ယောက်အနေနှင့် အာဟာရ လုံလောက်စွာ ရောဂါဘယ ကာကွယ်နိုင်မှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုစတာတွေ ရရှိတာဖြစ် ပါတယ်။ ထိထိရောက်ရောက် မိခင်နို့တစ်မျိုးတည်းကို မိခင်အနေနှင့် အစားမရှောင် စားသောက်ပြီး နို့တိုက်ကျွေးပါကလည်း တစ်နှစ်အောက်ကလေး သေဆုံးမှုနှုန်း လျော့ကျမှာဖြစ်ပါတယ်။

 

မိခင်နို့တိုက်ကျွေးရန်အတွက် မိခင်အနေနှင့် အောက်ပါအချက်များကို သိရှိရန် လိုအပ်ပါတယ်။


- မိခင်ကိုယ်တိုင် နို့တိုက်လိုသော စိတ်ဆန္ဒရှိရပါမယ်။


- မိခင်ကို နို့တိုက်ကျွေးရန်အတွက် ခင်ပွန်းနှင့် မိဘဆွေမျိုးများမှ အားပေးကူညီမှု လိုအပ်ပါတယ်။


- ကိုယ်ဝန်ဆောင်စဉ် အတွင်းမှာလည်း လုံလောက်သော အာဟာရ ရရှိ စားသုံးရမယ်။


- မိခင်နို့တိုက်ကျွေးသည့်အတွက် ရတဲ့အကျိုးကျေးဇူးများကို မိခင်ကိုယ်တိုင် သိထားရပါမယ်။


- နို့ဦးရည် အနည်းငယ်သာ ထွက်သော်လည်း ကလေးအတွက် လုံလောက်သော အာဟာရပါရှိပြီး ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်းများ ပါဝင်တဲ့အတွက် တိုက်ကျွေးရန် အရေးကြီးပါတယ်။


- မိခင်နို့မှလွဲ၍ အခြားအရည်များနှင့် ရေတိုက်ကျွေးရန်မလိုပါ။


- မိခင်နို့ကို မကြာခဏ တိုက်ကျွေးရပါမယ်။ နေ့ရောညပါ တိုက်ကျွေးရပါမယ်။


- မိခင်နို့ မတိုက်ကျွေးမီ သားမြတ်ကို ရေမဆေးပါနှင့်။


- မိခင်နို့တိုက်စဉ်အတွင်း အစာရှောင်ရန်မလိုပါ။ ငါး၊ ငါးခြောက်ထက် အသားစားသုံးခြင်းက ကလေးအတွက် ဘယ်ရီဘယ်ရီ ရောဂါ ကာကွယ်နိုင်ပါတယ်။ 


- မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကြောင့် ကလေးတွင် အဖြစ်များသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အသက်ရှူဆိုင်ရာ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။


- အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးရပါမယ်။ အသက် ခြောက်လမပြည့်မီ ထမင်းကျွေးခြင်း မပြုလုပ်ပါနှင့်။


- အသက်ခြောက်လကျော်မှ မိခင်နို့နှင့်အတူ ဖြည့်စွက်စာ စတင်ကျွေးရပါမယ်။

 

မိမိရဲ့ကလေးအတွက် လိုအပ်တဲ့ ကလေးကျန်းမာရေးဆိုင်ရာ ဗဟုသုတများကိုလည်း ရှာဖွေဖတ်ရှု သိမ်းဆည်းပြီး လိုက်နာရန်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် သားဦးမိခင်များအတွက် ကလေးကျန်းမာရေး အသိပညာတိုးပွားရန်အတွက် အချိန်ပေးဖတ်ရှုသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ပါမောက္ခဒေါက်တာအေးသောင်း
(ကလေးအထူးကုသမားတော်ကြီး)
Health for all magazine, September 2014, Pg. 13-14



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18