Print

ကက်ဖဲလစ်မေးခိုင်ရောဂါ

  24-Feb-2017
Preview Image

တွေ့ရဖို့ခဲယဉ်းတဲ့ အမျိုးအစားဖြစ်ပြီး ဦးနှောက်နဲ့နီးတဲ့ နှာခေါင်း၊ လည်ချောင်း၊ ဦးနှောက်တစ်နေရာနဲ့ မျက်နှာမှာ အနာအဆာရှိလို့ မေးခိုင်ပိုးဝင်ရောက်ခံရရင် ဒီအမျိုး အစားကို တွေ့ရတတ်တယ်။ နားပြည်ယို တတ်တဲ့ ကလေးတွေနဲ့ ပစ္စည်းတစ်ခုခု နားထဲ၊ နှာခေါင်းထဲ ထည့်ထားတတ်ကြတဲ့ ကလေးတွေမှာလည်း တွေ့ရနိုင်တယ်။ ဒီအမျိုးအစား မှာ တွေ့ရတတ်တာက မျက်ခွံလန်နေတာ၊ မျက်စေ့အကြည့် စွေစောင်းနေတာ၊ ငေးစိုက်ကြည့်နေတတ်တာ၊ ငိုမရ၊ ရယ်မရမျက်နှာ ဖြစ်နေတာ၊ ပါးစပ်ဟမရတာ၊ လျှာလှုပ်ရှားမရတာနဲ့ အစာနဲ့ရေ မျိုချမရတာ တွေ့ရတတ်ပါတယ်။

 

ကုသခြင်း
အိမ်တွင် ကုလို့မရ၊ ဆေးရုံမှာ နာရီမလပ် စောင့်ကြည့်ပြီး အသေအချာပြုစုစောင့်ရှောက်ရင်း ကုသရာမှာပါ။ အနာကို နေ့စဉ် ဆေးကြောသန့်ရှင်း ဆေးထည့်ပေးခြင်း၊ အာဟာရပြည့်ဝအောင် စီစဉ်ပေးခြင်း၊ တက်နေရင် အတက်ပြေဆေးပေးခြင်း၊ ပဋိဇီဝဆေးပေးခြင်း မေးခိုင်ရောဂါပိုး အဆိပ်ဖြေဆေးပေးခြင်း၊ အသက်ရှူ ကူညီပေးခြင်း စတာတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

 

စျေးကွက်မှာ မေးခိုင်အဆိပ်ဖြေဆေးတွေ အလွယ်ဝယ်ရ (စျေးတော့ မသေးလှ) လို့ ဖြေဆေးထိုးနိုင်ရင် အချိန်လည်း နောက်မကျရင် လိုအပ်တဲ့ ပြုစုစောင့်ရှောက် ကုသမှုကောင်းရင် သေဆုံးနှုန်း ကျဆင်းနိုင်ပါတယ်။ မေးခိုင်ဖြစ်တာ ကြာနေရင်တေ့ာမေးခိုင်အဆိပ်က ကျောရိုးနာဗ်ကြောမကြီးရဲ့ အစွန်း (Axon) တွေမှာ ကပ်ငြိ (Faxed) ဖြစ်သွားပြီဆိုရင်တော့ အကုန် အဆိပ်ဖြေနိုင်တော့မှာ မဟုတ်ပါဘူး။ကြွက်သားတွေ တောင့်တင်းမာကြောနေရင် ပြေလျော့တဲ့ ဆေးတွေပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။ အများအားဖြင့်တော့ အတက်ကျဆေး ဒိုင်ယာဇီပင်က အတက်ကျစေသလို ကြွက်သားတွေ ပြေလျော့စေတဲ့ အာနိသင်ရှိလို့ အသုံးများကြတယ်။

 

အနီးကပ်ပြုစုစောင့်ရှောက်ခြင်း
အသံ၊ အလင်းရောင်၊ ထိတွေ့ကိုင်တွယ်ခြင်း၊ ဆေးကုဖို့ စမ်းသပ်ခြင်း စတာတွေက တက် (fits) ဖြစ်စေဖို့ လှုံ့ဆော်နိုင်တာမို့ မှောင်ပြီး စိတ်ငြိမ်တဲ့နေရာမှာ အကိုင်အတွယ် အထိအတွေ့နည်းအောင် ထားပြီး ပြုစုရပါတယ်။ လူနာစောင့်တွေက အနီးမှာ ဟောင်ဖွာဟောင်ဖွာ စကားအကျယ်ကြီး ပြောနေလို့ မဖြစ်ပါဘူး။

 

ချွဲသိပ်များနေတဲ့ ခဏခဏ တက်တတ်သူတွေမှာ လည်ချောင်းထဲပိုက်ထည့် (Endotracheal Tube) ပြီး အောက်ဆီဂျင်ပေးဖို့ လိုနိုင်သလို၊ ရုတ်တရက် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု စတင်ဖြစ်ပေါ်ခဲ့ရင် လည်ချောင်းအပေါက်ဖောက်တဲ့ (Tracheostomy) လိုအပ်နိုင်ပါတယ်။ အတက်ကြမ်းတဲ့ သူတွေမှာတော့ အတက်ပြေဆေး ထိရောက်စွာပေးထားဖို့ သင့်တာမို့တစ်ကြောင်း၊ ချွဲစုပ်တိုင်း တက်တာကြောင့်တစ်ကြောင်း၊ လည်ချောင်းဖောက်ထားခြင်းက ပိုမိုအကျိုးရှိစေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာမြမြချယ်
(ကလေးအထူးကုဆရာဝန်ကြီး)
Ziwaka magazine, November 2014, Pg.43-44

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18