Print

ကလေးများအတွက် အီအီး ရှူရှူးလေ့ကျင့်ကြစို့

  24-Feb-2017
Preview Image

အဆင့် ၅ ဆင့်ဖြင့်လေ့ကျင့်ခန်း
 

အဆင့် ၁ ကြိုတင်လေ့လာထားရန်
တခြားကလေးနှင့် မယှဉ်ပါနဲ့။ အီအီးမပါတတ်တာ ပြိုင်စရာမလိုပါ။ ကလေး ဉာဏ်ရည်နှင့် ဘာမှမဆိုင်သလို မိဘတော်တာ၊ မတော်တာနှင့်လည်း ဘာမှမဆိုင်ပါ။ ကလေးထိုင်တတ်တာ၊ လမ်းလျှောက်တတ်တာ တွေလိုပင် အီအီး ပါတတ်တာလည်း အဆင့်တစ်ဆင့်မျှသာ ဖြစ်ပါသည်။ ဘာမှ မထူးခြားပါ။ ကလေးအဆင့်သင့်ဖြစ်မှ စလေ့ကျင့်၍ ရပါသည်။ မိဘက သိပ်ဖြစ်စေချင်ရုံမျှဖြင့် လေ့ကျင့်ပေး၍ မရပါ။

 

အဆင့် ၂ အဆင်သင့်ဖြစ်လာပုံ
ကလေးက သူအီအီးပါချင်တာ ရှူရှူးပေါက်ချင်တာကို သူ့ဟာသူသိတာ၊ လိုအပ်လျှင် ထိန်းတာ၊ အောင့်ထားတတ်လာတာ၊ အသင့်ဖြစ်လာတာပါ။ သူ ပါချမိလျှင်ပင် သူ့ဘောင်းဘီကို သူ့ဘာသာသူချွတ်စေပါ။ အိမ်သာ သွားထိုင်တာနှင့်သန့်သန့်လေး နေရတာ ကွဲနေကြောင်း သူနားလည်လာတာလည်း အဆင်သင့်ဖြစ်သော လက္ခဏာပါ။ သူသန့်ချင်တာ၊ မိဘနဲ့ တူချင်တာတွေဟာ အဆင်သင့်ဖြစ်သည့် လက္ခဏာပါ။

 

အဆင့် ၃ ကြိုတင်ပြင်ဆင်ခြင်း
အီအီး ဘယ်လိုပါရသည်ဆိုတာကို မိဘကိုယ်တိုင်က သရုပ်ပြပေးသင့်ပါသည်။ အမေက သမီးကို အဖေက သားကို သရုပ်ပြပေါ့။ ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဥပမာ ကလေးက မီးဖိုထဲတွင် အီအီးပါချလျှင် သား အီအီးတွေ ပါချလိုက်ပြီဟုပြောပါ။

 

အဆင့် ၄ စတင်လေ့ကျင့်ခြင်း
ကလေးကို ခါတိုင်းကဲ့သို့ nappy ဝတ်မပေးတော့ဘဲ ဘောင်းဘီဝတ်ပေးပါ။ (training pants ရှိလျှင် သုံးပါ) အီအီး ပါချင်လျှင် ရှူရှူးပေါက်ချင်လျှင် အိမ်သာထဲသို့ သွားရန်ပြောပါ။ ဝတ်ပေးထားသော ဘောင်းဘီ မစိုမပေစေရန် သတိထားဟုပြောပါ။ သို့သော် မတော်မဆ ဖြစ်သွားလျှင်လည်း ကိစ္စမရှိကြောင်းပြောပါ။

 

ကလေးကိုအောက်ပါအတိုင်း အချိန်မှန် အီအီး ရှူရှူးတည်ပေးပါ။
- အိပ်ရာထထချင်း
- နေ့လယ်မအိပ်မီနှင့် အိပ်ရာထ
- အစာကျွေးပြီး ငါးမိနစ်ကြာ
- အိပ်ရာဝင်
- သူ့ဟာသူ မသွားပါက နှစ်နာရီတစ်ခါ (သူက အဆင်သင့်ဖြစ်နေသော ကလေးဖြစ်ပါက သူ့ဟာသူ သွားပါလိမ့်မည်)
- ခါတိုင်း သူပါချနေကျ အချိန်တစ်ချိန်ရှိပါက ထိုအချိန်တွင်လေ့ကျင့်ပေးပါ။

 

ကလေးအများစုကတော့ သူတို့အိမ်သာထဲမှာ ထိုင်လျှင် မိဘကို ရှိစေချင်တတ်သည်။ သို့ဆိုလျှင် လိုက်သွားပေးပါ။ သူက တစ်ယောက်တည်းပဲ
နေချင်သည်ဆိုလျှင်တော့ ပတ်လည်တွင် ကလေးအန္တရာယ် ရှိနိုင်တာ ဘာရှိလဲရှာပါ။ တံခါးကိုလည်း ဟဟလေး ထားပါ။ ကလေးကို ချီးကျူးပါ။ အိမ်သာအိုးပေါ် ထိုင်တာနှင့် ချီးကျူးပါ။ အီအီး ရှူရှူး တကယ်ထွက်လည်း ချီးကျူးပါ။

 

အဆင့် ၅ အဆင်သင့်မဖြစ်ခြင်း
ကလေးက တစ်ချိန်လုံး ထွက်ကျနေလျှင် စိတ်ဓာတ်မကျပါနှင့် သူအဆင်သင့် မဖြစ်သေးပါ။ Nappy ပြန်သုံးပါ။ နောင် အဆင်သင့်ဖြစ်မှ ပြန်လေ့ကျင့်ပါ။ ပါဘူးပြောနေသော ကလေးကို အတင်းမထိုင်ခိုင်းပါနှင့်။ ကိုယ့်ကို ဆန့်ကျင်ချင်တာ တမင်သက်သက် အပြင်ရောက်မှ ပေါက်ချ ပါချ ပြပါလိမ့်မည်။


မိန်းကလေးများကို ရှေ့မှ နောက်သို့သုတ်၊ ဆေးပါစေ။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ရန်ဖြစ်ပါသည်။ ယောကျ်ားလေးများ ရှူရှူးပေါက်နေစဉ် ဂျိုးလေးကို ပေးမဆော့ပါစေနှင့် လေ့ကျင့်ခါစတွင်တော့ ယောကျ်ားလေးများလည်း ထိုင်ပေါက်တာ အကောင်းဆုံးပါ။ အိမ်သာအထွက်မှာ ဆပ်ပြာနှင့် လက်ဆေးပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ 
စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18