Print

ရင်သွေးငယ်များကို စကားပြောသင်နည်း

  24-Feb-2017
Preview Image

စကားမပြောတတ်သေးတဲ့ ကလေးများအရွယ်မှာ ဝေါဟာရ မကြွယ်ဝနိုင်သေးပါ။ ဒီအချိန်မှာ သူနှင့် စကားပြောရတာ အနည်းနှင့်အများတော့ ပြဿနာရှိနေဦးမှာပါ။ ဒီပြဿနာကို လွယ်ကူစေသည့် နည်းလမ်းလေး တချို့တော့ရှိသည်။ 

 

၁။ ကလေးကို စကားပြောလျှင် ကလေးမျက်ခုံးနှင့် ကိုယ့်မျက်လုံးတစ်တန်းတည်းရှိမည့် အမြင့်ကနေ ပြောပါ။ ဒူးကွေးထိုင်၍ မျက်နှာချင်းဆိုင် ပြောပါ။ ကလေးခေါင်းပေါ်ကကျော်ပြောသော စကားလုံးများကလေးခေါင်းထဲ ရောက်သွားရန်မမျှော်လင့်ပါနှင့်။

 

၂။ ကလေးနားလည်လွယ်မည့် စကားများပြောပါ။ တိုတိုပေါ့။ “သမီးရေ မုန့်စားမှာလား” ကလေးနားမလည်ပါ။ “မုန့်မုန့်” ကလေးနားလည်ပါသည်။ ကျွမ်းကျင်သူ ပညာရှင်တချို့ကတော့ ကလေးကို အိမ်မှာခေါ်သည့် နာမည်အမြဲ ထည့်ပြောဖို့ အကြံပေးပါသည်။ ချစ်စု၊ ပုံ့ပုံ့ ဒီလိုပေါ့။

 

၃။ ယခု ကိစ္စတွေကိုပဲ ဦးစားပေးပြောပါ။ မနေ့ကလေ သားကိုမုန့်ကျွေးပြီးတော့မေမေစျေးသွားတော့ စျေးထဲမှာ အဲသလို မုန့်မျိုးတွေ့ခဲ့တယ်။ ဒါမျိုးတွေ နားမလည်ပါ။ ဒီမုန့်မုန့် စျေးမှာရှိတယ်။ တော်ပြီပေါ့။

 

၄။ အသံထွက် စဉ်းစားပါ။ အခု သားက ထမင်းစားပြီးပြီဆိုတော့ မေမေက သြော် ဟုတ်ပြီ မီးပူတိုက်ရမယ်။ ဒါမျိုးတွေ ကလေးအတွက် အကျိုးရှိပါသည်။ ကိုယ့်ကလေးရှေ့ ကိုယ်ပြောတာပဲ။ ပြဿနာမရှိပါဘူး။ စူပါမားကတ်ထဲမှာ အဲသလို အသံထွက်ပြောနေ လျှင်သာ လူတွေက ဝိုင်းကြည့်ကြမှာပါ။

 

၅။ စကားလုံး တစ်လုံးလည်း ထပ်ကာထပ်ကာ ပြောပါ။ မုန့်မုန့်၊ ကားကား ဒါတွေက အသံထွက် ချစ်စရာကောင်းရုံသက်သက် ထွင်းထားတာ မဟုတ်ပါ။

 

၆။ စကားပြောလာအောင် လုပ်ပါ။ ဥပမာ၊ မုန့်ကို လက်ညိုးထိုးပြီးအော်နေလျှင် သဘောမပေါက်ချင်ယောင် ဆောင်နေပါ။ ဒါမှ သူက မုန့်မုန့်ဟု အသံထွက်ပြောဖို့ ကြိုးစားပါလိမ့်မည်။

 

၇။ ကလေးကို စာဖတ်ပြပါ။ မွေးကင်းစကလေး ကတည်းကစပြီး စာမှန်မှန်ဖတ်ပြဖို့ စိတ်တုံးကြီး အရွယ်ကျလျှင် ကလေးကို ပေါင်ပေါ်မှာ တင်ပြီး အသံထွက်ဖတ်ဖို့ “ရင်သွေးရတနာလေးများအတွက်” မှာရော “ကလေးကို စာဖတ်ပြပါ” ဆောင်းပါးမှာပါ ကျွန်တော်အသေးစိတ် ရေးခဲ့ပြီးပါပြီ။ ဒီနေရာမှာ မြန်စေချင်လျှင် ကလေးကို စာမှန်မှန်ဖတ်ပြပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18