Print

ကလေးငယ်များ စည်းကမ်းရှိအောင် သင်ခြင်း

  24-Feb-2017
Preview Image

ငယ်ရွယ်သော ကလေးကို စည်းကမ်းတကျ နေထိုင်လုပ်ကိုင်တတ်အောင် သင်ကြားပေးရမှာ ဖြစ်ပါသည်။ အရေးယူရန်၊ အပြစ်ပေးရန် အဓိက မကျပါ။ ထို့ကြောင့် မရိုက်ပါနဲ့။ မအော်ပါနဲ့။ ရေချိုးခန်းထဲ ထည့်မပိတ်ပါနှင့်။ ကလေး၏ လူနှင့်စိတ်ကို ဒဏ်ရာရမည့်ကိစ္စ ဘာမျှ မလုပ်ပါနှင့်။ ကလေး၏ စည်းကမ်းသင်ကြားခြင်းကို ဘာမှ အထောက်အကူ မပြုပါ။ ပြဿနာကို ဖြစ်မှ အရေးယူတာထက် ဖြစ်မလာအောင် ကြိုတင် ပြင်ဆင် ရှောင်ရှားထားပါ။ ကလေးဆိုးပြလျှင် ကိုယ်ဂရုစိုက်တာ ခံချင်လို့ လုပ်ပြနေတာပဲဟု သဘောပေါက်ပါ။ လုပ်ရပ်ကိုသာ အပြစ်တင်ပါ။ 

 

ကလေးကို အပြစ်မတင်ပါနှင့်။ ပြောပြီးလျှင်လည်း ချစ်၍ လိမ္မာစေချင်၍ ဆုံးမရခြင်း ဖြစ်ကြောင်း ကလေး သဘောပေါက်အောင် ပြောပါ။ ကလေး လိမ္မာပြတိုင်း သတိတရ ချီးကျူးပါ။

 

ကလေးဆိုးလာလျှင် ဘယ်လို တုံ့ပြန်ရမည်ကို မိဘနှစ်ပါး (အိမ်မှာရှိသည့် အုပ်ထိမ်းသူ လူကြီးအားလုံး) ကြိုတင် တိုင်ပင်ပြင်ဆင်ထားပြီး ဘယ်အပြုအမူကို ဘယ်လိုတုံ့ပြန်မည်ဆိုတာ တစ်သမတ် ဖြစ်ပါစေ။ ပြီးတော့ ချက်ချင်းဖြစ်ပါစေ။ နာအောင့်တော့မလုပ်ရပါ။ ဥပမာ တစ်ခုကို တောင်းလျှင် သူမက်သည့် အခြားတစ်ခုနှင့် ယှဉ်၍ ရွေးချယ်စေခြင်းမျိုး (သား ညဉ့်နက်တဲ့အထိ တီဗီကြည့်မယ်ဆိုရင် အိပ်ရာထဲကျရင် ဒီညပုံပြင်ဖတ်မပြတော့ဘူး။ သားဘာရွေးမလဲ) အခွင့်အရေး ဆုံးရှုံးစေခြင်းမျိုး (သားနံရံပေါ်မှာ အရုပ်တွေ လျှောက်ရေးထားလို့ ဒီည အိပ်ရာဝင်ရင် သားအိပ်ရာကို သားတန်းသွားရမယ်။ အရင်ညတွေကလို ဖေဖေ၊ မေမေတို့နဲ ့ ခဏ လာနေလို့ မရဘူး။ သားကို မချစ်တော့ လို့ မဟုတ်ဘူးနော်။ သားကိုချစ်လို့လိမ္မာအောင်၊ သိအောင်လုပ်တာ၊ မနက်ဖြန် လိမ္မာရင် မနက်ဖြန်ပြန်လာရမယ်) စသည်တို့နှင့် တုံ့ပြန်ပါ။


တော်ရုံတန်ရုံ အမှားလောက်တော့ လျစ်လျူရှုထားပါ။ သိပ်ခွင့်မလွတ်နိုင်သော ဆိုးရွားခြင်းမျိုးကိုပင်လျှင် မရိုက်ပါနှင့်။ (ညီလေးကို နာအောင် ရိုက်တယ်နော်။ သား ဟို ကြမ်းပြင်ပေါ်မှာ သွားထိုင်နေ မခေါ်မချင်း မလာနဲ ့။ အသံမထွက်နဲ ့။) အသက်တစ်နှစ်ကို တစ်မိနစ်၊ နှစ်နှစ်သားကို နှစ်မိနစ်၊ သုံးနှစ်သားကို သုံးနှစ်မိနစ်ဆိုလျှင် လုံလောက်ပါသည်။ မကြာပေမယ့် သူတို့ချက်ချင်း သဘောပေါက်တတ်ကြသည်။ နောက်မလုပ်ကြတော့ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18