Print

နောက်မှ မွေးလာသည့် အငယ်ကို မနာလိုသည့် ကလေး

  24-Feb-2017
Preview Image

ဆေးပညာရှုထောင့်အရ ဆိုလျှင် အနည်းဆုံး ကလေး တစ်နှစ်ခွဲ မပြည့်မချင်း နောက် ကိုယ်ဝန် စမယူသင့်ဟု တိုက်တွန်းထားသည်။ ဒီထက် ကပ်ကပ်လေးယူပါက အမေလည်း အနားမရ၊ ကလေးကြီး ကိုလည်း သေသေချာချာ မကြည့်နိုင်။ နောက် ကလေးမှာလည်း လ မစေ့ခြင်းများ၊ ပေါင် မပြည့်ခြင်းများ ဖြစ်နိုင်သည်။ အကြီးကလေးက အငယ်ကို မနာလိုတာတော့ မည်သည့် အရွယ်ပင် ရောက်နေ ဖြစ်တတ်ပါသည်။ (ခြွင်းချက်ကတော့ ရှိပါတယ်) ပုံမှန်အားဖြင့်တော့ ကလေးအကြီးက ကလေးအငယ်ကို ဆေးရုံဆင်း၊ အိမ်ခေါ် လာကတည်းက ပြဿနာရှိတတ်သည်။ အနည်းဆုံး နှစ်လ အထိတော့ ကျော်လွှားနိုင်သည့် နည်းလမ်းကောင်း တချို့တော့ ရှိပါတယ်။

 

၁။ ကလေးကြီးကို ဂရုစိုက်ပါ

ကလေးကြီး ကောင်းတာ လုပ်လျှင်လည်း သိ၍ ချီးကျူးပါ။ မကောင်းတာ လုပ်လျှင် လည်း ပို၍ တားမြစ်ပါ။ ကလေးငယ်ကို သာမက ကလေးကြီးကိုလည်း မျက်ခြည်မပြတ် ဂရုစိုက်နေကြာင်း သူခံစားမိပါစေ။

 

၂။ သူ့အတွက် အချိန်ပေးပါ။

အဘိုးများ၊ အဘွားများ၊ အဒေါ်များက မည်သို့ပင် အကြီးကို ကြည့်ထားပေ မည် ပြောပြော၊ သူက မိဘထံမှ အချိန်ကိုသာ လိုချင်နေတတ်သည်မျိုးပါ။ တစ်ခါတလေ လည်း အဘိုးများ၊ အဘွားများနှင့် အငယ်ကို ခဏပေးထားခဲ့ပြီး အကြီးကို ကစားကွင်း ခေါ်သွားခြင်းမျိုး လုပ်ပေးဖို့ လိုပါတယ်။ 

 

၃။ တာဝန်ပေးပါ

သူ႔အသက်အရွယ်နှင့်သူ လုပ်ပေးနိုင်သည်ကို လုပ်ပေးပါစေ။ မိသားစုထဲတွင် သူသည် အရေးပါ အရာရောက်သော သူတစ်ဦး ဖြစ်ကြောင်း သူသိလာအောင် လုပ်ပေးပါ။

 

၄။ အခွင့်အရေး ပေးပါ။

အရုပ်ပဲ ဆိုပါစို့။ ကလေးကြီးများသည် တစ်ဦးတည်း ပိုင်ရမည်ဟု ထင်ထားသော အရုပ်များကို အငယ်ကို တစ်ချိန်တည်း မျှ နေကြရတတ်ပါသည်။ အချို့ အရုပ်များကို သူ့အတွက် သက်သက် ဖြစ်ပါစေ။ ဥပမာ အငယ်က ကစားလျှင် အန္တရာယ် ဖြစ်နိုင်သော အိမ်ဆောက်တုံးလိုမျိုးကို သတ်သတ် သိမ်းပေးထားပြီး တစ်ယောက်တည်း ဆော့ပါစေ။

 

၅။ နှစ်ယောက်စလုံး တန်းတူ စည်းကမ်း ကိုင်ပါ

အငယ်ကလေးများက အရွယ်လေး နည်းနည်း ရသည်နှင့် အကြီးကို အသံတိတ် ဆန့်ကျင်ပြရင်းက အကြီးကို ပြဿနာရှာသည့် ကလေး မဖြစ်ဖြစ်အောင် တွန်းပို့တတ်ပါ သည်။ ပြဿနာ ဖြစ်လာလျှင် မည်သူကပင်စစ နှစ်ယောက်စလုံးကို အပြစ်ပေးပါ။ ဒါမှ နောက်ကို မည်သူကမျှ ပြဿနာ မဖြစ်ချင်တော့ဘဲ ရှိပါမည်။

 

၆။ တရားမျှတ နိုင်သလောက် မျှတပါ

အချို့ အရာလေးများမှာတော့ ရှောင်လွှဲ၍ မရပါ။ ဥပမာ၊ မိသားစု အပြင်ထွက် လည်နေစဉ် ကလေးအကြီးက မပြန်ချင်သေးသော်လည်း ကလေးငယ် အိမ်ပြန် ချိန် ရောက်နေ၍ ပြန်ရတာမျိုးပါ။ ဒီတစ်ခါ အကြီးက အငယ်ကို အပြစ်ရှာလာတတ်သည်။ သူ့ ခံစားချက်လေးများကို စိတ်ရှည်ရှည် နားထောင်ပေးပြီး အဖေရော အမေပါ ဝိုင်းဝန်း ဆွေးနွေး ရှင်းပြ ပေးကြပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး 
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18