Print

ကလေးများ ဝမ်းချုပ်ခြင်း

  24-Feb-2017
Preview Image

ဝမ်းချုပ်ခြင်းဆိုရာမှာ ဝမ်းမှန်မှန် မသွားခင်နှင့် ဝမ်းသွားမှန်သော်လည်း ဝမ်း ပမာဏ နည်းနေခြင်း နှစ်မျိုးလုံးကို ခေါ်ဆိုပါတယ်။ နို့ဗူးစို့အရွယ်တွင်လည်းကောင်း၊ ဖြည့်စွက်အစာ စတင် ကျွေးကာစ အရွယ်တွင် လည်းကောင်း အစာတွင် ဝမ်းဖောဖော သွားစေမည့် အသီးအရွက် နည်းပါးခြင်းကြောင့် ဝမ်းပမာဏ များပြားမည် မဟုတ်သေးပါ။ ကလေး ကိုယ်ပူဖျားနေစဉ် အန်ခြင်း၊ ဝမ်းမာမာ စမြင်းတုံးများ ဖြစ်ခြင်း ပြဿနာ တွေ့ရနိုင်သော် လည်း ဝမ်းချုပ်ခြင်းအစစ် မဟုတ်ပါ။ ကိုယ်ပူခြင်း၊ အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်မှ အရည် ဆုံးရှုံးမှု များပြားချိန် ဖြစ်၍ ဝမ်းမာမာ စမြင်းတုံးဖြစ်နေပြီး နေပြန်ကောင်းလာတဲ့အခါ ဝမ်းသွားခြင်း ပုံစံဟာ ပုံမှန်သို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ 

 

ရောဂါ လက္ခဏာများ
• ဝမ်းမာ၍ စမြင်းတုံးများ ဖြစ်ခြင်း။
• ဝမ်းဗိုက်အောက်ပိုင်း နာခြင်း၊
• ကလေးရဲ့ ဘောင်းဘီမှာ သွေးအစအန တွေ့မြင်ရခြင်း၊

 

စိုးရိမ်ရပါသလား
တစ်ခါတစ်ရံ ဝမ်းချုပ်တတ်တာဆိုရင် စိုးရိမ်စရာ မရှိပါ။ ဝမ်းဖောဖော သွားစေနိုင်မည့် အစားအစာ ကျွေးပေးရုံနဲ့ ပျောက်ကင်းပါတယ်။ အမြဲတမ်း ကြာရှည်စွာ ဝမ်းချုပ်နေခဲ့ရင်တော့ အသက်ကြီးတဲ့အထိ ပြဿနာ အခက်အခဲ ရှိနေတတ်ပါတယ်။ ဝမ်းနဲ့အတူ သွေးပါလာခဲ့မယ် ဆိုရင် အရင်းခံ ကျန်းမာရေး ပြဿနာပါ ရှိနေကြောင်းကို ဖော်ပြပါတယ်။

 

သင်ပထမဆုံး ဘာလုပ်သင့်သလဲ
၁။ ကလေး ဝမ်းသွားတိုင်း အားစိုက်ညှစ်နေရပြီး နာကျင်မှု ခံစားရကြောင်း တွေ့ရှိခဲ့ရင် ဝမ်းရဲ့အခြေအနေကို ကြည့်ပေးပါ။

၂။ ကလေးဟာ ဝမ်းဗိုက်နာနေခဲ့ပြီး ဗိုက်ညာဘက် ပေါင်ခြံ အပေါ်နေရာလောက်မှာ အနာဆုံးနေရာ ဖြစ်နေခဲ့မယ်ဆိုရင် အူအတက်ရောင်ရောဂါ ခံစားနေရသလားလို့ သံသယ ရှိသင့်ပါတယ်။

 

ဆရာဝန်ထံ ပြသရန် လိုအပ်ပါသလား

သင့် ကလေး ဝမ်းသွားတိုင်း နာနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကလေး ရဲ့ဘောင်းဘီမှာ သွေးစသွေးန တွေ့ခြင်း ဖြစ်စေ၊ ကလေးရဲ့ဝမ်းနဲ့အတူ သွေးပါ လာလောက်အောင် ဝမ်းမာမာ စမြင်းတုံးကြီးတွေ ဖြစ်နေမယ်ဆိုရင် စအိုဝမှာ ကွဲသွားခြင်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်ထံ ချက်ချင်း ပြသပါ။ သင့်ကလေး အူအတက်ရောင်ရောဂါ ခံစားနေရတယ်လို့ သံသယ ဖြစ်ရင်တော့ ဆရာဝန်ကို အရေးပေါ် အမြန်ဆုံး ပြသဖို့ လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18