ရေနစ်ခြင်း (Drowing) နှင့် ရေမွန်းခြင်း (Near Drowing)
30-Dec-1899ရေနစ်ခြင်းဆိုသည်မှာ ရေထဲတွင်နစ်၍ အသက်မရှူနိုင်ဘဲ သေဆုံးခြင်းဖြစ်ပြီးရေမွန်းခြင်းဆိုသည်မှာ ရေထဲတွင်နစ်၍ အသက်မရှူနိုင်ဘဲ အသက်ရှင်နေဆဲဖြစ်သည်ကို ဆိုလိုသည်။ အသက်သေသူများတွင် ယောကျ်ားများသည် မိန်းမများထက်လေးဆပိုများသည်။ အသက် ၁၅ နှစ်နှင့် ၂၅ နှစ်ကြားတွင် ယောကျ်ားများ သေဆုံးမှုသည် မိန်းမများထက် ၁၀ ဆပိုများသည်။ ရေချိုရေနစ်ခြင်းတွင် ကယ်သူနည်းသောကြောင့်
ရေငန်ရေနစ်သူထက် ပို၍များသည်။ ရေနစ်သူအားလုံး၏ သုံးပုံနှစ်ပုံသည်ရေချိုရေနစ်၍ သေဆုံးကြရသည်။
ရောဂါလက္ခဏာများ
(၁) အအေးဓာတ်လွန်ကဲခြင်း (Acute Hypothermia)
(၂) သွေးထဲအောက်ဆီဂျင်ဓာတ် လျော့နည်းခြင်း (Hypoxia)
(၃) ဦးနှောက်ထိခိုက်ခြင်း (Cerebral Injury)
(၄) အဆုတ်ထိခိုက်ခြင်း (Lung Injury)
ရေနစ်သူနှင့် ရေမွန်းသူပြုစုကုသခြင်း
ပြုစုကုသရာ၌ ရှုပ်ထွေးလှသဖြင့် အပိုင်း ၂ ပိုင်းခွဲ၍ တင်ပြလိုပါသည်။
ကွင်းထဲ၌ပြုစုခြင်း
ဆေးရုံသို့ ရောက်ချိန်၌ အသက်မရှူသော်လည်း သွေးခုန်နှုန်းရှိနေသူကို နှလုံးခုန်အောင်ပြန်မလုပ်နိုင်ခဲ့သော် ဆေးရုံရောက်လျှင် အသက်ရှင်ရန် ၈ရာခိုင်နှုန်းသာမျှော်လင့်နိုင်သည်။ သို့ဖြစ်၍ Cardio Pulmonary Resuscitation (CPR)ကိုပြုလုပ်ရန် အရေးကြီးလှပြီး ကွင်းထဲ၌ အသက်ကယ်ချိန်မှစ၍ မရပ်မနား လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ နှလုံးသွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော နှလုံးအဆုတ်ရပ်ခြင်းမှာ ရေနစ်သူတွင် ဖြစ်သောဖြစ်စဉ်နှင့် လုံးဝမတူပါ။ ရေနစ်သူတွင် အဆုတ်အရင်ရပ်ပြီးမှ နှလုံးရပ်သဖြင့် ပြောင်းပြန်ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း ရေနစ်ပြီး အတန်ကြာသည်အထိ ဦးနှောက်ထဲ သွေးလည်ပတ်မှုရှိနေဆဲ ဖြစ်ပြီး အချိန်မိနစ် ၄၀ အထိ အချို့သော ရေနစ်သူများကို ဦးနှောက် မပျက်စီးဘဲ ကယ်တင်နိုင်လေ့ရှိပါတယ်။
အသက်ရှူလမ်းကြောင်း
ရေနစ်သူ၏ပါးစပ်ထဲသို့ လက်တစ်ချောင်းဖြင့် တစ်ကြိမ်သာ ကော်ထုတ်ပါ။ ၎င်းဖြင့် သွားအစစ်များကို မထိခိုက်ဘဲ ပြင်ပအရာဝတ္ထုများကို ဖယ်ရှားနိုင်ပါတယ်။ အသက်ရှူမှုတ်သွင်းရာ၌ ခက်ခဲမှုရှိမှသာ ရေများ ပြန်ထွက်အောင် ထမ်းပိုးလမ်းလျှောက်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များမှာ ထိရောက်မှုရှိပါသည်။ သို့မဟုတ်ပါက မလိုအပ်ပါ။ လူနာတစ်ဝက်မှာ အန်ထုတ်တတ်သဖြင့် အန်ဖတ်ကို ပြန်မရှူသွင်းမိစေရန် လူနာအား မှောက်လျက်ထားပါ။
လေမှုတ်သွင်းခြင်း
တွေ့ရှိချိန်တွင် လူနာအများစုမှာ သွေးထဲ အောက်ဆီဂျင်နည်းပါးခြင်း (Hypoxia) ကြောင့်အောက်ဆီဂျင်ကို စောစီးစွာ ပေးထားပါ။ အသက်ရှူနိုင်အောင် လူနာများကိုချောင်ချိစွာတပ်ထားသော အောက်ဆီဂျင်ပေးခွက် (Loose Fitting Oxygen Mask) ဖြင့် 8L/min နှုန်းဖြင့် ပေးသင့်ပါတယ်။ အောက်ဆီဂျင်သိပ်သည်းဆ ၄၀ % ခန့်ကို ဤနည်းဖြင့်ပေးနိုင်ပါတယ်။ အဆိုပါ လူနာများကို ဘေးတစောင်း (သို့) နာလန်ထူစအနေအထားတွင် ထား၍ ပြုစုကုသရမည်။
အသက်မရှူသောလူနာများအတွက် အကောင်းဆုံးမှာ အသက်ရှူပိုက်ထည့်ပြီး (Intubate) နောက်လေမှုတ်သွင်းခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့် အောက်ဆီဂျင် ၁၀၀% ပေးနိုင်ပြီး အန်သောအခါ၌လည်း အသက်ရှူလမ်းကြောင်းထဲ ပြန်မယင်ရန် ကာကွယ်ပြီးသားဖြစ်ပါသည်။ သို့သော် လက်တွေ့တွင်မူ ကွင်းထဲ၌ ဤသို့ပြုရန် ခဲယဉ်းပါတယ်။ သို့ဖြစ်၍ ပါးစပ်မှ ပါးစပ်သို့ (Barrier Device ပါ) လေမှုတ်သွင်းခြင်းကို စတင်ပြုလုပ်ပါ။ အထောက်အကူပစ္စည်းများ ရောက်လာသောအခါ ပါးစပ်မှ အောက်ဆီဂျင်ပေးသောခွက်ကို (Mouth to Mask) ပြောင်းပြီးနောက် Guidal Airway အိတ်ပါခွက်တို့ကို အသုံးပြုပါ။ Reservoir Bag ပါမှသာ အောက်ဆီဂျင်အများဆုံးပါမည်။ လူနာ၏ နှုမ်းခမ်းများမှာအေးစက်နေသဖြင့် သွေးထဲရှိ အောက်ဆီဂျင်ကို ခန်းျွှန်းရန် ခက်ခဲပါသည်။
သွေးလည်ပတ်မှု
လူနာလည်ပင်း သွေးကြောမကြီး (Carotid Pulse) ကို ကွင်းထဲတွင် စမ်းသပ်ရန် ခက်ခဲပါသည်။ အကြောင်းမှာ လူနာသည် အေးစက်နေသဖြင့် သွေးခုန်နှုန်းအားပျော့ခြင်း၊နှလုံးခုန်နှေးကွေးခြင်းနှင့် နှလုံးခုန်မှုမမှန်ခြင်း တို့ကြောင့်ဖြစ်သည်။ နောက်အရေးကြီးသောအချက်တစ်ခုမှာ လူနာသွေးခုန်နှုန်းစမ်းမရမှသာ ရင်ခေါင်းဖိခြင်းကို ပြုလုပ်သင့်ပါသည်။ သို့မဟုတ်က သွေးခုန်နှုန်းရှိသော ရေနစ်လူနာများတွင် နှလုံးခုန်ရပ်ခြင်းကို ရင်ခေါင်းဖိခြင်းက အားပေးသကဲ့သို့ ဖြစ်စေပါသည်။ လွန်ကဲစွာ အေးနေသောလူနာများကို နှစ်နာရီကြာအောင် ရင်ခေါင်းဖိပြီး အသက်ကယ်နိုင်အောင် သာဓကများ ရှိပါသည်။ အခင်းဖြစ်ပွားသောနေရာတွင် လူနာအား ဆေးရုံသို့ သယ်ဆောင်သွားစဉ် ခက်ခဲစွာ ပြုစုရခြင်းထက် ပို၍ကောင်းကြောင်း သတိမမေ့သင့်ပါ။
Healthcare.com.mm
Ref:
ပါမောက္ခဦးတင်လတ်
အသက်ကယ်ပြုစုနည်းလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။