အစာမျိုပြွန်ကင်ဆာ
27-Feb-2017
အစာမျိုပြွန် (oesophagus) သည် အပေါ်ဘက်တွင် ခံတွင်းနှင့်ဆက်ပြီး အောက်ဘက်တွင် အစာအိမ်နှင့် ဆက်နေသည်။ အစားအစာများသည် ခံတွင်းမှနေ၍ အစာမျိုပြွန်ကိုဖြတ်ကာ အစာအိမ်သို့ ရောက်သည်။ အစာမျိုပြွန်သည် စားလိုက်သည့် အစားအစာများအား အစာအိမ်သို့ ပို့ပေးသည်။ အစာမျိုပြွန်တွင် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း ဟူ၍ရှိသည်။ အောက်ပိုင်းသည် အစာအိမ်အထက်ပိုင်းနှင့် ဆက်နေသည်။ အစာမျိုပြွန်ကင်ဆာ အဖြစ်အများဆုံးနေရာမှာလည်း ယင်းအပိုင်းပင် ဖြစ်သည်။
ဖြစ်ပွားမှု
အစာမျိုပြွန်ကင်ဆာသည် အဖြစ်များသော ကင်ဆာများတွင် ပါဝင်သည်။ အစာအိမ်လမ်းကြောင်းတွင် ဖြစ်ပွားသည့် ကင်ဆာများတွင် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာဖြစ်ပြီးလျှင် အဖြစ်များသည်။ အမျိုးသားများတွင် အမျိုးသမီးများထက် ၂ ဆခန့် ပိုမိုဖြစ်ပွားသည်။ ၂ဝဝ၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း အစာမျိုပြွန်ကင်ဆာရောဂါ ဖြစ်ပွားသူအသစ် ၅ သိန်းနီးပါး တွေ့ရှိရသည်။ ၎င်းအနက် ၇၅ ရာခိုင်နှုန်းကျော် ဖြစ်သော လူနာအသစ် ၃ သိန်း ၇ သောင်းကျော်မှာ အာရှနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစာမျိုရာတွင် အရည်ကိုပင် မျိုချရခက်သည့် အစာမျိုပြွန်ကင်ဆာ လူနာကို တစ်ခါတစ်ရံ တွေ့ရတတ်သည်။ အများအားဖြင့် အဖတ်ကိုသာ မျိုချရခက်သည့် လူနာများသည်။
ဖြစ်ပွားရသည့်အကြောင်းအရင်း
အစာမျိုပြွန်ကင်ဆာ ဖြစ်ပွားမှုနှုန်းသည် ဆေးလိပ်နှင့်အရက် အလွန်အကျွံသောက်သူများတွင် မြင့်မားသည်ကို တွေ့ရှိရသည်။ အစာအိမ်အတွင်းရှိ အစာနှင့်အရည်များ အစာမျိုပြွန်အတွင်းသို့ ပြန်ဆန်တက်ခြင်းသည် အစာမျိုပြွန်အမြှေးပါးများကို ထိခိုက်စေနိုင်ပြီး၊ ကင်ဆာဖြစ်ပွားမှုနှင့် ဆက်နွယ်နိုင်သည်ကို တွေ့ရှိရသည်။
ရောဂါလက္ခဏာများ
အစာမျိုပြွန်ကင်ဆာ၏ အဓိကလက္ခဏာမှာ အစာမျိုသည့်အခါ ခက်ခဲခြင်းဖြစ်သည်။ တစ်လထက်တစ်လ အစာမျိုရခြင်းသည် ပို၍မလွယ်ကူသည်ကို ခံစားရသည်။ ဦးစွာအဖတ်များကို မျိုရခက်သော်လည်း ကြာလာသည့်အခါ အရည်ကိုပါ မျိုရခက်လာသည်။ Progressive dysphagia ဟု ခေါ်သည်။ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်နိုင်သည်။ ထို့အပြင် စားလိုက်သည့် အစားအစာကို အစာမျိုပြွန်ထဲမှ အထက်သို့ပြန်တက်ပြီး ခံတွင်းထဲ ပြန်ရောက်လာသည်။ Regurgitation ဟု ခေါ်သည်။ ကြာရှည် အစာမျိုချ၍မရဘဲ အစာမစားနိုင်သည့်အခါ အာဟာရဓာတ်များ မရရှိသဖြင့် အာဟာရချို့တဲ့သည့် လက္ခဏာများဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်အလေးချိန်ကျဆင်းပြီး ပိန်လာသည်။ ရောဂါပိုးများလည်း မကြာခဏ ဝင်ရောက်လာတတ်သည်။ အထူးသဖြင့် အဆုတ်တွင် ရောဂါပိုးဝင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူကျပ်ခြင်းတို့ဖြစ်သည်။ အစာပျိုအောက်ပိုင်းတွင် ၃၄ ရာခိုင်နှုန်းဖြစ်ပွားပြီး အလယ်ပိုင်းနှင့် အထက်ပိုင်းတွင် ၅၈ ရာခိုင်နှုန်း ဖြစ်ပွားသည်။ အစာမျိုပြွန်ကင်ဆာသည် အနီးရှိအင်္ဂါများသို့ တိုက်ရိုက်ပျံ့နှံံ့ခြင်း ဖြစ်နိုင်သည်။ လေပြွန်၊ အဆုတ်၊ ကျောရိုးတို့ထံ ပျံ့နှံ့သည်။ သွေးကြောမှတစ်ဆင့် ပျံ့နှံ့ရာတွင် အသည်း၊ အဆုတ်၊ ဦးနှောက်သို့ ပျံ့နှံ့သည်။ ပျံ့နှံ့သည့်အင်္ဂါများ၏ လုပ်ငန်းများ ထိခိုက်ပျက်စီးသည်။
ရောဂါရှာဖွေခြင်း
အစာမျိုပြွန်ကင်ဆာကို ရှာဖွေရန် ဘေရီယန်မျို၍ ဓာတ်မှန်ရိုက်ခြင်း (Barium swallow) ကို ပြုလုပ်သည်။ ဘေရီယန်ဆာလဖိတ်ဆေးရည်ကို မျိုချရသည်။ ထို့အပြင် oesophagoscope ခေါ် မှန်ပြောင်းဖြင့် အစာမျိုပြွန်ကို ကြည့်နိုင်သည်။ အသားစ (Biopsy) ယူ၍ စစ်ဆေးနိုင်သည်။ ကင်ဆာပျံ့နှံ့မှုကို သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန်၊ တယ်လီဗီးရှင်း ဓာတ်မှန်ခေါ် အာထရာဆောင်း၊ CT Scan တို့ကို လုပ်ဆောင်သည်။ အဆုတ်ကောင်းမကောင်း သိနိုင်ရန် Lung function test ကိုလုပ်ဆောင်ရသည်။
ကုသခြင်း
အစာမျိုပြွန်ကင်ဆာပျံ့နှံ့မှု၊ လူနာအခြေအနေတို့အပေါ် မူတည်၍ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးဝါးဖြင့်ကုသခြင်းတို့ ပြုလုပ်သည်။ တစ်ခါတစ်ရံ ၂ မျိုး၊ ၃ မျိုး တွဲဖက်ကုသရတတ်သည်။ ခွဲစိတ်ကုသရာတွင် လူနာသည် ခွဲစိတ်ကုသပြီးနောက် အစာကို မျိုနိုင်ရန် ရည်မှန်းသည်။ အဓိကအားဖြင့် ခွဲစိတ်ကုသသည်။ ကင်ဆာနေရာနှင့် အနီးရှိ သားနံရည်အကျိတ် (Lynphnode) တို့ကို ဖယ်ထုတ်သည်။ အစာမျိုနိုင်ရန် အစာမျိုပြွန်အား လိုအပ်သလို ပြုပြင်ပေးသည်။ တစ်ခါတစ်ရံ ဖယ်ထုတ်သည့် အစာမျိုပြွန်နေရာတွင် အူအောက်ပိုင်းတစ်စိတ်တစ်ဒေသကို အစားထိုးသည်။ ကင်ဆာအကျိတ်ကြီးလျှင် အစာမျိုပြွန်တစ်ခုလုံးကို လမ်းလွှဲပေးခြင်း (Bypass) ပြုလုပ်ရသည်။ မခွဲစိတ်မီ ဓာတ်ရောင်ခြည်ဖြင့် ကုသပြီး ကင်ဆာကျုံ့သွားစေသည်။ ပြီးမှ ခွဲစိတ်သည်။ သို့မဟုတ် ဆေးဝါးဖြင့် အရင်ကုသပြီးမှ ခွဲစိတ်ကုသခြင်းကို ဆောင်ရွက်သည်။
ကာကွယ်ရေး
အစာမျိုပြွန်ကင်ဆာသည် ကြိုတင်သိရှိရန် ခက်ခဲပြီးအခြေအနေလွန်မှ ရောဂါလက္ခဏာပြပြီး သိရှိရသည်။ အစာမျိုပြွန်ကင်ဆာဖြစ်ပွားသည့် အကြောင်းရင်းမှာ ဆေးလိပ်နှင့် အရက်သောက်ခြင်းတို့နှင့် ဆက်နွှယ်နေသဖြင့် ယင်းတို့အားရှောင်ကြဉ်သင့်သည်။
Healthcare.com.mm
Ref:
ဒေါက်တာအောင်သန်း
အဖြစ်များသော ကင်ဆာရောဂါများ စာအုပ်မှကောက်နုတ်ထားပါသည်။