အမျိုးသမီးများနှင့် နှလုံး သွေးကြောကျဉ်း ရောဂါ
27-Feb-2017အမျိုးသမီးများနှင့် နှလုံး သွေးကြောကျဉ်း ရောဂါ
နှလုံး သွေးကြောကျဉ်း ရောဂါသည် မိန်းမများတွင် ယောကျ်ားများနှင့် မတူဘဲ တစ်မူ ထူးခြားစွာ ဖြစ်လေ့ရှိသည်။ အမျိုးသမီးများနှင့် အမျိုးသားများ၌ နှလုံးရောဂါ ဖြစ်ပွားမှု သည် အောက်ပါ အချက်များ အရ ကွာခြားမှု ရှိပါသည်။
(၁) နှလုံး သွေးကြော ရောဂါ စတင် ဖြစ်ပွားသော အမျိုးသမီးများသည် အမျိုးသားများထက် အသက်အရွယ် ပိုကြီးခြင်း၊
(၂) အမျိုးသမီးများတွင် တိကျသော နှလုံး သွေးကြော ဆိုင်ရာ ရောဂါ လက္ခဏာ ပြသမှု မရှိခြင်း၊
အမျိုးသမီးများတွင် နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်ပါက ပြင်းထန်စွာ နာကျင်မှု မရှိဘဲ အနည်း ငယ်မျှ နာကျင်တတ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် မရေရာ မတိ ကျသော လက္ခဏာများ ဖြစ်သည့် မောပန်း နွမ်းနယ်ခြင်း၊ အသက်ရှူ မဝခြင်း၊ အားငယ်ခြင်း တို့ကို ပို၍ ခံစားရလေ့ ရှိပါသည်။ ထို့အပြင် အမျိုးသမီးများသည် လည်ပင်းနှင့် မေးရိုးအောက်များတွင် နာကျင်ခြင်းကို ယောကျ်ားများထက် ပို၍ ခံစားရလေ့ ရှိပါသည်။ ရင်ပူခြင်း ဖြစ်၍ အစာအိမ်ရောဂါ နှင့်လည်း မှားတတ်လေ့ ရှိပါသည် ။ နောက်ကျော၊ ရင်ဘတ်၊ လည်ပင်း၊ မေးရိုးနှင့် လက်မောင်းများ တွင်လည်း နာကျင်ခြင်း ဝေဒနာကို ခံစားရတတ်ပါသည်။
(၃) နှလုံး သွေးကြောကျဉ်း ရောဂါကို စမ်းသပ် ရှာဖွေထုတ်ရာ၌ အမျိုးသမီးများတွင် ပို၍ ခက်ခဲခြင်း၊
(၄) နှလုံး သွေးကြောပိတ်ပါက အမျိုးသမီးများတွင် ပို၍ ဆိုးရွားစွာ ပိတ်ခြင်းနှင့် ပိတ်သည့် အကြိမ် အရေအတွက် ပိုများကာ အသေအပျောက်နှုန်းလည်း ပိုများပါသည်။
သွေးတွင်း ရှိ အဆီတစ်မျိုးဖြစ်သော“Triglyceride”သည် အမျိုးသမီးများတွင် အမျိုးသားများထက် နှလုံး သွေးကြော ရောဂါကို ပိုမို ဖြစ်စေနိုင်သည်။ အမျိုးသမီးများတွင် နှလုံးသွေးကြော ရောဂါ ဖြစ်စေသော အကြောင်းအရာများ အနက် သွေးထဲတွင် ကိုလက်စထရော မြင့်တက်ခြင်း၊ Triglyceride ခေါ် အဆီတစ်မျိုး မြင့်တက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း၊ အဝ လွန်ကဲခြင်း တို့သည် ရှောင်လွှဲ၍ မရသော အကြောင်းအရာများ ဖြစ် ပါသည်။
ထို့ပြင် အမျိုးသမီးများတွင် HDL ခေါ် ကောင်းသော ကိုယ်လက်စထရော ပမာဏ နည်းပါးခြင်း ကလည်း နှလုံးသွေးကြော ရောဂါကို ပို၍ ဖြစ်ပေါ်စေပါသည်။ ထို့အပြင် အမျိုးသားများထက် အစာ အာဟာရ၊ ကာယ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း နည်းပါးသည်ကို လည်း တွေ့ရှိရပါသည်။
(၅) သေဆုံးနှုန်းကို ကြည့်ရာတွင် အမျိုးသမီးများ၌ အများစု (၆၃ ရာခိုင်နှုန်း) သည် ရောဂါ လက္ခဏာ များ မပြဘဲ သေဆုံးကြပါသည်။
(၆) ကုသရာတွင် အမျိုးသမီးများ၌ နောက်ဆက်တွဲ ဆိုးကျိုးများ ကိုဖြစ်တတ်ပြီး ပြန်လည် ဖြစ်ပွားနှုန်းလည်း များပြားပါသည်။
အမျိုးသမီးများတွင် နှလုံး သွေးကြောချဲ့ ပြီး သောအခါ ပြန်လည် သွေးကြောကျဉ်းခြင်း များပြားပါသည်။ CABG ခေါ် နှလုံးသွေးကြော ဖြတ်ဆက်၍ ကုသပြီးသော အခါ သွေးကြော ပြန်လည် ကျဉ်းခြင်းနှင့် ပြန်လည် ပိတ်ဆို့သောနှုန်း ၂ ခုစလုံးမှာ အမျိုးသမီးများတွင် ပိုမို များပြားလေ့ ရှိပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ အမျိုးသမီးများ ၏ နှလုံးသွေးကြော ပို၍ သေးငယ်သောကြောင့် ဟု ယေဘုယျ အားဖြင့် လက်ခံထား ကြပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးတင်လတ်
နှလုံးအထူးကုဆရာဝန်ကြီး
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါသိမှတ်စရာများ စာအုပ်မှကောက်နှုတ်ထားပါသည်။