ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအကြောင်း သိကောင်းစရာများ
01-Mar-2017
၁။ ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ
အမျိုးသမီးထုရဲ့ ထက်ဝက်ခန့်က ဘဝရဲ့ တစ်ချိန်ချိန်မှာ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်တဲ့ ရောဂါ ရရှိတတ်ပါတယ်. ရောဂါပိုးမွှားတွေက ဆီးထုတ်လုပ်တဲ့နေရာတွေဖြစ်တဲ့ကျောက်ကပ်၊ ဆီးအိတ်နှင့် ဆီးပြွန်တွေကို ကူးစက်တာကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါရှိတာပါ။ ဆီးအိတ်ထဲ ရောဂါပိုးဝင်တာက အဖြစ်များဆုံးဖြစ်ပြီး ထိထိရောက်ရောက် ကုသမှု ခံယူရင် များသောအားဖြင့် ဆိုးရွားသွားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ အဲဒီရောဂါပိုးမွှားက ကျောက်ကပ်ကို ပျံ့နှံ့သွားရင်တော့ အလွန်အမင်းဆိုးရွားတဲ့ ရောဂါတွေရှိနိုင်ပါတယ်။
၂။ ဆီးလမ်းကြောင်း ပိုးဝင်သည့် ရောဂါလက္ခဏာများ
(က) ဆီးအိတ်အတွင်း ရောဂါပိုးဝင်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါ အများစုက ဆီးအိတ်ရောဂါပိုး ဝင်တာပါ။ ရောဂါလက္ခဏာတွေ အနေနဲ့ -
• ဆီးသွားစဉ်နာကျင်တာ ဒါမှမဟုတ် ပူစပ်ပူလောင်ဖြစ်တာ
• မကြာခဏ ဆီးချက်ချင်းသွားချင်စိတ်ပေါက်တာ
• ဝမ်းဗိုက်အောက်ပိုင်း နာကျင်တာ
• ဆီးမှာအနှစ်ပါတာ ဒါမှမဟုတ် အနံ့နံတာ
• အချို့လူတွေမှာ ဘာရောဂါလက္ခဏာမှ မပြပါဘူး။
(ခ) ကျောက်ကပ်တွင်း ရောဂါပိုး ဝင်ခြင်း
ဆီးအိတ်ထဲ ရောဂါပိုးဝင်တာကို မကုသဘဲထားခဲ့ရင် ရောဂါပိုးက ကျောက်ကပ်ထဲကို ပျံ့နှံ့သွားပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ -
• ခါးအောက်ပိုင်း တစ်ဖက်ဖက်မှာ ကိုက်ခဲခြင်း
• ဖျားပြီးတုန်ချမ်းချမ်းခြင်း
• ပျို့ခြင်းနှင့် အန်ခြင်း
၃။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ
ဆီးလမ်းကြောင်း ပိုးဝင်တာကို ကုသမှု မခံယူခဲ့ရင် ရောဂါပိုးမွှားက ဆီးအိတ်မှ တစ်ဆင့် ကျောက်ကပ်နှစ်ဖက်စလုံးကို ပျံ့နှံ့သွားပါတယ်။ ဘက်တီးရီးယား တိုက်ခိုက်ခံရတဲ့ ကျောက်ကပ်တွေက ပျက်စီးသွားပြီး ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာက တစ်သက်တာလျော့ကျသွားတတ်ပါတယ်။ ကျောက်ကပ် ပြဿနာရှိသူတွေ တစ်ယောက်အတွက် ကျောက်ကပ်အလုပ် မလုပ်နိုင်ခြေ မြင့်မားသွားပါတယ်။ ရောဂါပိုးဟာ သွေးထဲရောက်ရှိသွားပြီး တခြားကိုယ်တွင်း အင်္ဂါတွေကိုလည်း ပျံ့နှံ့သွားပေမယ့် အခွင့်အရေးကတော့ အလွန်နည်းပါတယ်။
၄။ ဖြစ်နိုင်ခြေများတဲ့ အချက်များ
လိင်ဆက်ဆံမှု ပြုလုပ်တဲ့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါက အဖြစ်များပေမယ့် အောက်ပါအချက်အလက်တွေကလည်း ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။
• ရေလုံလုံလောက်လောက် မသောက်ခြင်း
• မကြာခဏ ရေစိမ်ချိုးခြင်း
• ဆီးအကြာကြီးအောင့်ထားခြင်း
• ကျောက်ကပ် ကျောက်တည်ခြင်း
၅။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲ
ဘက်တီးရီးယား အများစုက အူနဲ့လိင်အင်္ဂါ တစ်ဝိုက်မှာ ရှိနေတတ်ပါတယ်။ဆီးလမ်းကြောင်းထဲမှာ ရှိမနေပါဘူး။ အမှန်မှာတော့ ဆီးမှာပိုးမွှားတွေမရှိပါဘူး။ E-coli လိုမျိုး ဘက်တီးရီးယားတွေက ဆီးလမ်းကြောင်းထဲ မတော်တဆ ဝင်ရောက်သွားပြီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါရရှိသွားတာပါ။ ဆီးထုတ်ပြွန်မှ တစ်ဆင့် ဆီးအိတ်ထဲမှာ ပိုးတွေအကြာကြီး ဝင်နေတတ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုအဖြစ်များတာက သူတို့ရဲ့ ဆီးထုတ်ပြွန်က တိုနေတာကြောင့်ပါ။
၆။ ပျားရည်ဆမ်း ဆီးအိတ်ရောင်ရောဂါ
လိင်ဆက်ဆံမှုပြုလုပ်တာကြောင့် ဘက်တီးရီးယားတွေက ဆီးထုတ်ပြွန်အတွင်းကို တွန်းထုတ်ခံရကာ ဆီးအိတ်ရောင်ရမ်းတာပါ။ ပျားရည်ဆမ်း ဆီးအိတ်ရောင်လို့ ရောဂါနာမည်တပ်ပေးမယ့် ပျားရည်ဆမ်းတဲ့ အချိန်တစ်ခုတည်းမှာ ဖြစ်တာမဟုတ်ပါဘူး။ တချို့အမျိုးသမီးတွေက လိင်ဆက်ဆံမှုပြုလုပ်ပြီးတိုင်း ဆီးအိတ်ထဲ ရောဂါပိုးဝင်ရောက်တတ်ပါတယ်။ အထူးသဖြင့် သားဆက်ခြားဖို့အတွက် သားအိမ်အတွင်း ပစ္စည်းထည့်ထားတဲ့ အမျိုးသမီးတွေက ရောဂါဖြစ်နိုင်ခြေအလွန်မြင့်မားပါတယ်။
၇။ အမျိုးသားများတွင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
အမျိုးသားတွေက အမျိုးသမီးတွေလောက် ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါမဖြစ်တတ်ပါဘူး။ အကယ်၍ ဖြစ်ခဲ့ရင်လည်း ကျောက်ကပ်ကျောက်တည်ကာ ဒါမှမဟုတ် ဆီးကျိတ်ကြီးတာလိုမျိုး ရောဂါရှိတာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။
၈။ ရောဂါရှာဖွေခြင်း
ဆီးလမ်းကြောင်းရောဂါပိုး ဝင်ရောက်ခြင်းရှိ၊ မရှိသိနိုင်ဖို့ ဆီးစစ်ဆေးမှု ပြုလုပ်ရပါတယ်။ ဆီးထဲမှာ ဘက်တီးရီးယား ပါဝင်မှု ရှိမရှိကို စစ်ဆေးရမယ့်အပြင် သွေးဖြူဥနှင့် သွေးနီဥပမာဏ ပုံမှန်ဟုတ်မဟုတ်ကိုလည်း စစ်ဆေးရပါမယ်။ ဆီးမှာ ပါဝင်တဲ့ ဘက်တီးရီးယား အမျိုးအစားကို သိရှိဖို့အတွက် ဓာတ်ခွဲခန်းမှာ ဆီးကို ပိုးမွေးမြူပြီး စစ်ဆေးနိုင်ပါတယ်။
ရောဂါ ကုသခြင်း
ဆီးလမ်းကြောင်းပိုး ဝင်တဲ့ရောဂါ အတွက် ပဋိဇီဝဆေးဝါးနဲ့ ကုသမှု ခံယူရပါတယ်။ ရေများများသောက်တာနဲ့ ဆီးအိတ်ထဲမှ ဘက်တီးရီးယားတွေ ပြင်ပထွက်ရှိသွားဖို့ မကြာခဏ ဆီးသွားတာမျိုး ပြုလုပ်ပေးရပါမယ်။ ကျောက်ကပ်ထဲ ရောဂါပိုးဝင်တာကို ပဋီဇီဝဆေးနဲ့ပဲ ကုသနိုင်ပေမယ့် ရောဂါဆိုးရွားရင်တော့ ဆေးရုံတက်ရောက်ပြီး အကြောဆေးမှတစ်ဆင့် ပဋိဇီဝဆေးပေးကာ ကုသမှု ခံယူရပါတယ်။
၉။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ခြင်း
အောက်ပါတို့ဟာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို လျော့နည်းနိုင်တဲ့အချက်တွေပါ။
• ရေများများ သောက်ခြင်း
• လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ဆက်ဆံမှု ပြုလုပ်အပြီး ဆီးသွားခြင်း
• အောက်ပိုင်းသန့်ရှင်းရေး လုပ်ရာမှာ အရှေ့မှအနောက်သို့ တစ်သျှူးဖြင့် သန့်စင်ပေးခြင်း
• ရေစိမ်ချိုးမယ့်အစား ရေလောင်းချိုးခြင်း တို့ ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No. 287,June 2016, Pg. 103-107