အရိုးပွခြင်း (အရိုးပါးခြင်း)
01-Mar-2017
အရိုးပွခြင်း(အရိုးပါးခြင်း)သည် ဆိုးရွားလှသော ယိုယွင်းမှုဖြစ်စေသည့် ရောဂါ တစ်ခုဖြစ်သည်။ အသက် ၄၅ နှစ်ကျော်အရွယ် အမျိုးသမီးသုံးဦးအနက် တစ်ဦးတွင် အရိုးပွခြင်း ရှိနေတတ်သည်။ အရိုးပွခြင်းမှာ လက္ခဏာဝေဒနာပြသမှုမရှိဘဲ အချိန်ကြာမြင့်စွာ ငုပ်လျှိုးနေတတ်သည်။ ရောဂါကို နောက်ကျမှ တွေ့ရတတ်သည်။ အရိုးကျိုးမှုကြုံတွေ့ရချိန်၌ ရောဂါ ရှိမှန်း သိလာရသည်။
အရိုးပွခြင်းအန္တရာယ်မှ ကင်းဝေးစေရန်အတွက် -
• ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ စားသုံးပေးရပါမည်။
• ခန္ဓာကိုယ်အလေးချိန်ကို မျှတအောင် ထိန်းသိမ်းရန်လိုအပ်သည်။
• လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ အေရိုးဘစ် လေ့ကျင့်ခြင်းတို့ လုပ်ဆောင်သင့်သည်။
• ဆား၊ ကဖင်းနှင့် အရက်တို့ သုံးစွဲမှုလျှော့ချရပါမည်။
• ဆေးလိပ်လုံးဝမသောက်သင့်ပါ။
အရေးကြီးဆုံးမှာ အာဟာရကြွယ်ဝသော အစားအစာစားသုံးရန် ဖြစ်သည်။ အစားအစာ တွင် ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ရပါမည်။ ပါဝင်နိုင်ခြင်း မရှိပါ က ဖြည့်စွက်မှီဝဲရန် လိုအပ်မည်ဖြစ်ပါသည်။ သင့်၌ အရိုးပွခြင်းအန္တရာယ် ရှိမရှိ အောက်
ဖော်ပြပါ မေးခွန်းများကို ဖြေကြည့်ထားပါ။ ပြီးလျှင် ဟုတ်သည်၊ မဟုတ်သည်၊ အကြိမ်မည်မျှ ရှိသည်ကိုတွက်၍ အန္တရာယ်ရှိမရှိ သုံးသပ်ကြည့်နိုင်ပါသည်။
(၁) သင်၏ မိဘများ၌ မတော်တဆချော်လဲမှုကြောင့် ပေါင်ထိပ်ရိုးကျိုးခဲ့ဖူးသည်။
(၂) သင်ကိုယ်တိုင်မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် အရိုးကျိုးခဲ့ဖူးသည်။
(၃) အမျိုးသမီးတစ်ဦးဖြစ်ပါက မီးယပ်သွေးသည် ၄၅ နှစ် မတိုင်မီဆုံးခဲ့သည်။
(၄) ကိုယ်ဝန်ဆောင်ခဲ့ခြင်းကြောင့် မဟုတ်ပါဘဲ မီးယပ်သွေး ၁၂ လ ခန့်၊ (သို့) ၁၂ လ ထက်ပို၍ ရပ်တန့်ခဲ့ဖူးသည်။
(၅) သင်၏အရပ်သည် ၃ စင်တီမီတာ၊ (သို့) တစ်လက်မခန့် နိမ့်ကျသွားသည်။
(၆) သင်နေ့စဉ်အရက် ၄ ယူနစ် (အမျိုူသား) သို့မဟုတ် ၂ ယူနစ် (အမျိုးသမီး) ထက် ပို၍ သောက်သုံးသည်။
(၇) သင်သည်နေ့စဉ်စီးကရက် အလိပ် ၂၀ ထက်ပို၍ သောက်သည်။
အထက်ဖော်ပြပါ မေးခွန်းတိုင်း၏ “ဟုတ်ပါသည်” ဟူသောအဖြေသည် အရိုးပွခြင်း၏ လက္ခဏာများပင် ဖြစ်သည်။ ထို့ကြောင့် “ဟုတ်ပါသည်” အဖြေများနေပြီဆိုပါလျှင် သင်၏ မိသားစုဆရာဝန်ထံ သွားရောက်၍ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။