သင်သိသင့်သော ကျောက်ကပ်ရောဂါ၏ အဓိကလက္ခဏာ (၁၀)
01-Mar-2017(၁) ဆီးလမ်းကြောင်းလုပ်ငန်းဆောင်တာ ပြောင်းလဲခြင်း
ဆီးသွားတဲ့ပမာဏနှင့် ဆီးသွားတဲ့အကြိမ်ရေ ပြောင်းလဲတာက ကျောက်ကပ်ရောဂါ ရှိတာရဲ့ ပထမဆုံးလက္ခဏာပါ။ ဒါ့အပြင် ညဘက်မှာ မကြာခဏ ဆီးသွားချင်တာကြောင့် ထရတာ၊ ဆီးသွားချင်နေပေမယ့် ဆီးသွားရခက်နေတာ၊ ဆီးဟာ ပုံမှန်ထက်ပိုပြီး အရောင်ရင့်နေတာ၊ ဆီးအမြှပ်ထတာ၊ ဆီးထဲမှာသွေးပါတာ၊ ဆီးသွားစဉ် နာကျင်နေတာတွေလည်းဖြစ်တတ်ပါတယ်။
(၂) ခနွာကိုယ်ဖောရောင်ခြင်း
ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာဟာ ခနွာကိုယ်မှ ပိုလျှံနေတဲ့အရည်နဲ့ အညစ်အကြေး တွေကို စွန့်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းဆောင်တာတွေ မလုပ်နိုင်ရင် ကိုယ်တွင်းမှာ အရည်စုဆောင်းမှုပိုလာပြီး ဖောရောင်လာနိုင်ပါတယ်။ လက်၊ ခြေထောက်၊ ခြေချင်းဝတ်၊ မျက်နှာနဲ့ မျက်စိအောက်မှာ အဓိကဖောရောင်တတ်ပါတယ်။
(၃) အလွန်အမင်းမောပန်းခြင်း
ကျောက်ကပ်က သူရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စွာ မလုပ်နိုင်ရင် အချိန်တိုင်း မောပန်းနေတတ်ပါတယ်။ မောပန်းတာ၊ ပင်ပန်းတာတွေအပြင် စွမ်းအင်မရှိသလို ခံစားရတတ်ပါတယ်။ ဒါဟာ သွေးအားနည်းနေတာနဲ့ ခနွာကိုယ်အတွင်း အညစ်အကြေးတွေ စုဆောင်းနေတာကြောင့် ဖြစ်တာပါ။ ကျန်းမာတဲ့ ကျောက်ကပ်ဟာ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ သွေးနီဥတွေ ထုတ်လုပ်ဖို့ ကူညီနိုင်တဲ့ အီလက်ထရိုပွိုင်ရန်တင် ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ ကျောက်ကပ် ပျက်စီးနေတာကြောင့် ဒီဟော်မုန်း မထွက်ရှိနိုင်တော့ဘဲ သွေးနီဥအရေအတွက်တွေ ကျဆင်းကာ သွေးအားနည်းရတာ ဖြစ်ပါတယ်။ ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် ခနွာကိုယ်အတွင်း အဆိပ်အတောက်တွေ စုဆောင်းမှုဖြစ်လာကာ အစာစားချင်စိတ်လျော့နည်းလာပြီး စွမ်းအင်တွေ ကုန်ခန်းသွားတတ်ပါတယ်။
(၄) ခေါင်းမူးခြင်း
ကျောက်ကပ်ရောဂါကြောင့် သွေးအားနည်းတာ ဖြစ်ခဲ့ရင် ခေါင်းမူးတာ၊ ခေါင်းလေးနေတာ၊ ခနွာကိုယ်ဟန်ချက် မထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ သွေးအားနည်းတာကြောင့် ဦးနှောက်အတွင်း အောက်ဆီဂျင်လုံလုံလောက်လောက်မရရှိတဲ့ အတွက်ပါ။ ဒါ့အပြင် အာရုံစူးစိုက်ဖို့ ခဲယဉ်းတာနဲ့ အိပ်ပျော်ဖို့ ခက်ခဲတာတွေလည်း ဖြစ်တတ်ပါတယ်။ သင်ဟာ ရုတ်တရက် ခေါင်းမူးတဲ့ ဝေဒနာ ခံစားရပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းခဲ့ရင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
(၅) ခါးနောက်ကျော နာကျင်ခြင်း
ခါးနောက်ကျောဘေးနေရာက နာကျင်နေတာဟာ ကျောက်ကပ်ရောဂါ ဒါမှမဟုတ် ကျောက်ကပ်ထဲ ပိုးဝင်နေတာကြောင့်ပါ။ ခါးနောက်ကျောအောက်ပိုင်းနှင့် ပေါင်းခြံမှာ နာကျင်တာက ဆီးပြွန်မှာ ဆီးကျောက်တည်နေတာကြောင့် ဖြစ်ပါသည်။
(၆) အရေပြားယားယံခြင်းနှင့် အရေပြားတွင် အနီရောင် အစင်းကြောင်းထင်ခြင်း
အရေပြားမှာ အလွန်အမင်း ယားယံတာနဲ့ သွေးခြည်ဥတာလိုမျိုးဖြစ်တာဟာကျောက်ကပ်ရောဂါရဲ့ လက္ခဏာတစ်ခုပါပဲ။ ခနွာကိုယ်တွင်း အညစ်အကြေးနဲ့ အဆိပ်အတောက်တွေ များနေတာကြောင့် အရေပြားပြဿနာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင်ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် သွေးအတွင်း ကယ်လ်စီယမ်နဲ့ဖောစဖရပ်စ်ပမာဏ ညီညွတ်မျှတမှုမရှိတော့တာ ကြောင့် အလွန်အမင်း ယားယံတာဖြစ်ပါတယ်။
(၇) အသက်ရှူရာတွင် အမိုးနီးယားအနံ့ထွက်နေခြင်း
ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ည့ံဖျင်းသွားတာကြောင့် သွေးအတွင်း ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ ယူရီးယားဟာ တံတွေးမှာ အမိုးနီးယားအဖြစ် ပြိုကွဲသွားပြီး အသက်ရှူရာမှာ ဆီးနံ့လိုမျိုး အမိုးနီးယားအနံ့တွေ ထွက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် အရသာအာရုံလည်း ပြောင်းလဲသွားနိုင်ပါတယ်။
(၈) ပျို့ခြင်း ဒါမှမဟုတ် အန်ခြင်း
ပျို့တာ၊ အန်တာနဲ့ ခံတွင်းပျက်တာက ကျောက်ကပ်ရောဂါရှိသူတွေမှာ အတွေ့များရတဲ့ အစာအိမ်လမ်းကြောင်းဆိုင်ရာ လက္ခဏာပဲဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့သွေးအတွင်းမှ ဒုက္ခပေးနိုင်တဲ့ Toxin တွေကို မစွန့်ထုတ်နိုင်တဲ့အတွက် သွေးထဲမှာ ယူရီးယားတွေ အများအပြား စုဆောင်းလာကာ အစာအိမ်နဲ့ အူနံရံကို လှုံ့ဆော်မှုပေးတာကြောင့် ပျို့တာ၊ အန်တာတွေ ဖြစ်လာတာပါ။
(၉) တစ်ချိန်လုံး ခြေဖျားလက်ဖျားအေးနေခြင်း
ဒါဟာကျောက်ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ သွေးအားနည်းရောဂါရဲ့ လက္ခဏာတစ်ခုပါပဲ။ ပူနွေးတဲ့ ပတ်ဝန်းကျင်မှာတောင် အေးနေပြီး တုန်ချမ်းချမ်းနေတတ်ပါတယ်။ သင်ဟာ အမြဲတမ်းချမ်း နေတတ်ပြီး ခေါင်းမူးကာ အားမရှိသလို ဖြစ်နေရင် ဆရာဝန်နဲ့ ပြပါ။
(၁၀) အသက်ရှူမဝခြင်း
အသက်ရှူမဝတာကလည်း ကျောက်ကပ်ရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် အဆုတ်အတွင်း အရည်တွေ စုဆောင်းမှုတွေ ဖြစ်နေတာကြောင့်ပါ။ ကျောက်ကပ်ပြဿနာကြောင့် သွေးအားနည်းလာပြီး အသက်ရှူမဝတာလည်း ဖြစ်တတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, September 2015, Pg. 13