ဆီးချို၊လား သွေးချိုလား
01-Mar-2017
ဆီးချိုနဲ့ သွေးချိုရောဂါဆိုတာ ရောဂါ ၂ခု မဟုတ်ဘဲ ရောဂါတစ်ခုတည်းသာ ဖြစ်ပါတယ်... တချို့လူနာတွေက ရောဂါ မတူဘူးထင်တတ်ကြလို့ ပါ... ဆီးချိုရောဂါ (Diabetes Mellitus)ဆိုတာ ပြောရရင် ကိုယ်ခန္ဓာထဲက သကြားအချိုဓါတ် (Glucose) ထိန်းညှိမှုဆိုင်ရာပြဿ နာတစ်ရပ်ပဲ ဖြစ်ပါတယ်... ဂလူးကို့စ် အချိုဓါတ်ဟာ ကြွက်သားတွေ၊ အာရုံကြောတွေ၊ ခန္ဓာကိုယ် တစ်ရှူးတွေ အတွက် အဓိက အင်အားတစ်ရပ် ဖြစ်ပါတယ်... ဦးနှောက်ရဲ့ အဓိက လောင်စာဟာလည်း အချိုဓါတ်ပါပဲ...တကယ်လို့ သင့်မှာ ဆီးချိုရောဂါရှိနေတယ်လို့ဆိုရင် သင့်ရဲ့ သွေးထဲမှာ အချိုဓါတ်တွေ လိုအပ်တာထက်ပိုကဲနေပြီလို့ သိထားရမှာ ဖြစ်ပါတယ်...
သွေးတွင်း သကြားဓါတ်လွန်ကဲခြင်းဟာ ရေရှည်မှာ ကျန်းမာရေးကို များစွာ ထိခိုက်စေပါတယ်...ဆီးချိုရောဂါမှာ အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဆိုပြီးတော့ အဓိကအားဖြင့် အမျိုးအစား ၂ မျိုးရှိပါတယ်... အမျိုးအစား (၁) က ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပြီး များသောအားဖြင့် ကလေးအရွယ်နဲ့ လူပျိုအပျိုဖြစ်ကာစ အရွယ်မျိုးမှာရောဂါစတင် ဖြစ်ပေါ်တတ်ပါတယ်... အမျိုးအစား (၂) ဆီးချိုကတော့ အသက်ကြီးတဲ့ သူတွေမှာ ပိုဖြစ်တတ်ပြီး အများအားဖြင့် အသက် ၄၀ ကျော်အရွယ်မှာ စတင်တွေ့ရတတ်ပါတယ်...
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်း (Gestational Diabetes) ဆိုတာလည်း ရှိပြီး များသော အားဖြင့်တော့ ကိုယ်ဝန်ဆောင်ကာလပြီးလို့ ကလေးမွေးဖွားပြီးတာနဲ့ သွေးချို ပုံမှန် ပြန်ဖြစ်သွားတတ်ကြပါတယ်... ဒါပေမယ့် ဒီလို ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ဖူးသူတွေဟာ နောင်တချိန်မှာ ဆီးချို အမျိုးအစား (၂) ဖြစ်ပေါ်လာဖို့ အခွင့်အရေးပိုများတယ်ဆိုတာ သိရှိထားဖို့လည်း လိုအပ်ပါတယ်...
ရောဂါလက္ခဏာများ
သွေးတွင်း သကြားဓါတ် အနည်းအများပေါ်မူတည်ပြီး ပြသတဲ့ လက္ခဏာတွေရဲ့ ပုံစံလည်း ကွဲပြားကြပါတယ်... ဆီးချိုစဖြစ်ကာနီး (Pre - diabetes) နဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ အစပိုင်းတွေမှာ ဘာလက္ခဏာမှ မရှိဘဲနေတတ်တာကလည်း ရောဂါသိတာ နောက်ကျ
စေတတ်လို့ သတိပြုစရာပါ... အမျိုးအစား (၁) ဆီးချိုရောဂါကတော့ ရောဂါလက္ခဏာစောစီးစွာပြသလေ့ရှိပါတယ်...
- မကြာခဏ ရေဆာခြင်း
- ဆီးသွားများခြင်း
- ဗိုက်အလွန် ဆာလောင်ခြင်း
- ကိုယ်အလေးချိန် လျော့ကျလာခြင်း
- နုံးခွေနေတတ်ခြင်း
- အမြင်အာရုံ ဝေဝါးခြင်း
- အနာပေါက်လျှင် တော်ရုံနှင့် အနာမကျက်ခြင်း
- မကြာခဏ အရေပြားမှိုစွဲတတ်ခြင်း၊ မိန်းမကိုယ်အင်္ဂ ါ ပိုးဝင်ခြင်း
အစရှိတဲ့ လက္ခဏာတွေ တွေ့ရှိရင် ဆီးချိုရောဂါ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်...
ရောဂါ စောသိပြီး စောစောကုသရင် အကျိုးရှိလှတာမို့ ဒီလို လက္ခဏာတွေကို သိရှိ
သင့်လှပါတယ်...
ရောဂါ ဖြစ်စေသော အကြောင်းရင်းများ
ရောဂါ ဖြစ်ပေါ်ပုံကို နားလည်နိုင်ဖို့ ပထမဦးစွာ အင်ဆူလင် (Insulin) နဲ့ အချိုဓါတ် (Glucose) တွေ ပုံမှန် ဘယ်လို လည်ပတ်နေတယ်ဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်...
အချိုဓါတ် (Glucose) ---- အထက်မှာ ပြောခဲ့သလိုပဲ အချိုဓါတ်ဟာ ကြွက်သားတွေတစ်ရှူးတွေအတွက် အင်အား ဖြစ်ပါတယ်... သကြားဓါတ်ကို အဓိကအားဖြင့် အသည်းနဲ့ စားသုံးလိုက်တဲ့ အစားအစာတွေကနေ ရရှိပါတယ်... ဒီလိုရရှိတဲ့ အချိုဓါတ်တွေဟာသွေးထဲကိုရောက်ရှိသွားပြီး အင်ဆူလင်ရဲ့ အကူအညီနဲ့ သွေးထဲကတဆင့် တစ်ရှူးတွေထဲကို ဝင်ရောက်ကြရပါတယ်... အချို့ အချိုဓါတ်တွေကိုတော့ အသည်းကသိုလှောင်ထား
ပေးပါတယ်... လူ့ခန္ဓာကိုယ်မှာ အချိုဓါတ်အလွန်ကျတဲ့ အနေအထားမျိုးရောက်တဲ့အခါ အသည်းက သူသိုလှောင်ထားတဲ့အချိုဓါတ်တွေကို ပြန်လည်ထုတ်လွှတ်ပေးပါတယ်...
အင်ဆူလင် (Insulin) ---- အင်ဆူလင် ဆိုတာ မုန့်ချိုအိတ် (Pancreas) ကနေထုတ်လုပ်ပေးတဲ့ ဟော်မုန်းဓါတ် ဖြစ်ပါတယ်... ကိုယ်ခန္ဓာထဲကို အချိုဓါတ်တွေ ဝင်ရောက်လာတဲ့အခါ မုန့်ချိုအိတ်က အင်ဆူလင်ကို သွေးကြောတွေထဲကို ထုတ်လွှတ်ပေးလိုက်ပါတယ်...
ဝင်ရောက်လာတဲ့ အချိုဓါတ်တွေနဲ့ အင်ဆူလင် ပေါင်းစပ်ပြီး သွေးကြောထဲကနေတစ်ရှူးတွေထဲကို ဝင်ရောက်သွားကြပါတယ်... ဒီလိုနဲ့ သွေးကြောထဲကအချိုဓါတ်တွေ လျော့ကျလာပြီး အချိုဓါတ်လျော့လာတာနဲ့ အမျှ မုန့်ချိုအိတ်ကလည်း အင်ဆူလင် ထုတ်လွှတ်မှုကို လျှော့ချလိုက်ပါတယ်... ဥပမာပေးပြီး ပြောရရင် အင်ဆူလင်ဆိုတာ သကြားဓါတ်တွေ သွေးထဲကနေ တစ်ရှူးတွေထဲ ဝင်ရောက်ပြီး အင်အားအဖြစ်အသုံးချနိုင်ဖို့ သော့တစ်ချောင်းပဲ ဖြစ်ပါတယ်... သော့ရှိမှ အထဲဝင်လို့ ရသလို အင်ဆူလင်ရှိမှသာ သကြားဓါတ်တွေ သွေးထဲကနေ အသားထဲ ဝင်ရောက်နိုင်ကြတာ ဖြစ်ပါတယ်...
အမျိုးအစား (၁) ဆီးချို ---- အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ပွားရခြင်းရဲ့ အကြောင်းကတော့ ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေးစနစ် (Immune System) က အင်ဆူလင်ထုတ်ပေးတဲ့ မုန့်ချိုအိတ်ရဲ့ ဆဲလ်တွေကို တိုက်ခိုက်ခြင်းကြောင့်လို့ ယူဆထားကြပါတယ်...ဒီလို တိုက်ခိုက်မှုကြောင့် အမျိုးအစား (၁) ဆီးချိုရှင်တွေမှာ အင်ဆူလင် ဟော်မုန်းဟာ မရှိသလောက် နည်းပါးနေတတ်ကြပါတယ်... မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်...
အမျိုးအစား (၂) ဆီးချို ---- အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားရခြင်းရဲ့ အကြောင်းကိုတော့ အင်ဆူလင် ထုတ်လုပ်မှု လျော့နည်းလာခြင်း၊ အင်ဆူလင်၏ အစွမ်းသတ္တိကို သိရှိခံစားမှု လျော့နည်းလာခြင်း (Insulin Resistance) စသဖြင့် အကြောင်းအရင်း များစွာ တွေ့ရှိထားကြပြီး မျိုးရိုးလိုက်ခြင်းနဲ့ နေ့စဉ်နေထိုင်မှု ပုံစံ (Lifestyle) အပြောင်းအလဲကြောင့် ဖြစ်ပွားနိုင်ပါတယ်... အဝလွန်သူတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ပိုဖြစ်တာကိုလည်း တွေ့ရှိရပါတယ်...
ကိုယ်ဝန်ဆောင် ဆီးချို ---- ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ အချင်းကနေ ထုတ်လွှတ်တဲ့ ဟော်မုန်းအချို့ဟာ အင်ဆူလင်ဓါတ်ရဲ့ အစွမ်း
သတ္တိကို သိရှိခံစားမှု ကျဆင်းစေပါတယ်... ဒီလိုအခြေအနေမျိုးမှာ ပုံမှန်အားဖြင့် မုန့်ချိုအိတ်က အင်ဆူလင်ပိုထုတ်ပြီး အချိုဓါတ် မများလာအောင် ထိန်းညှိပေးပါတယ်... တခါတရံမှာတော့ မုန့်ချိုအိတ်က ဒီလိုထိန်းညှိမှုကို မလုပ်ပေးနိုင်ဘဲ အချိုဓါတ်တွေ
သွေးစီးကြောင်းထဲမှာ များလာပြီး ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်...
နောက်ဆက်တွဲ ပြဿ နာများ
နောက်ဆက်တွဲ ပြဿ နာတွေဟာ ဆီးချိုသက်တမ်းကြာရှည်မှု၊ သွေးတွင်း အချိုဓါတ် ထိန်းသိမ်းနိုင်မှု စတဲ့ အပေါ်မူတည်ပြီး အနည်းအများကွဲပြားပါတယ်... သွေးတွင်းအချိုဓါတ်တက်တာ များလေ နောက်ဆက်တွဲ ပြဿ နာ ပိုများလေပါပဲ...
ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့-
- နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ဆီးချိုရောဂါဟာ သွေးတိုး၊ လေဖြတ်၊ နှလုံးသွေးကြောကျဉ်း စတဲ့ ရောဂါတွေကို ပိုမိုဖြစ်ပေါ်နိုင်စေပါတယ်...
- ကျောက်ကပ်ဆိုင်ရာ ရောဂါများ
ကျောက်ကပ်ထဲမှာ သန်းနဲ့ချီတဲ့ သွေးကြောငယ်လေးတွေ ပါဝင်နေပြီး ကိုယ်ခန္ဓာထဲက မလိုအပ်တဲ့ပစ္စည်းတွေကို စစ်ထုတ် စွန့်ပစ်ပါတယ်... ဆီးချိုရောဂါကြောင့် ဒီလို စစ်ထုတ်တဲ့ စနစ်မှာ ပြဿ နာ ရှိပြီး ကျောက်ကပ်ရောဂါဖြစ်ပွားလာနိုင်ပါတယ်... တခါတရံ ကျောက်ကပ်လုံးဝ ပျက်စီးသည်အထိ ဒုက္ခပေးနိုင်ပါတယ်...
- အာရုံကြောဆိုင်ရာ ရောဂါများ
သွေးတွင်းအချိုဓါတ်များခြင်းကြောင့် အာရုံကြောတွေကိုသွားတဲ့ ဆံခြည်မျှင်သွေးကြောငယ်လေးတွေ ပျက်စီးပြီး အာရုံကြောပျက်စီးကာ ထုံခြင်း၊ ကျဉ်ခြင်း၊ စတဲ့ ပြဿ နာတွေ ဖြစ်ပွားနိုင်ပါတယ်... အထူးသဖြင့် ခြေထောက်အာရုံကြောတွေ ပျက်စီးပြီး စနစ်တကျ မကုသရင် ခြေထောက်တစ်ခုလုံး ထုံထိုင်းသွားသည်အထိ ဖြစ်နိုင်ပါတယ်... ထုံကျဉ်မှုကြောင့် အနာဖြစ်ဖို့ အခွင့်အရေးပိုများပြီး အနာကျက်နှေးတာလည်း ရှိတာမို့ ရောဂါပိုးဝင်ပြီး ခြေထောက် ဖြတ်ရသည်အထိဖြစ်ပေါ်နိုင်တာကြောင့် ခြေထောက်မှာ အနာဖြစ်တာ၊ အနာပိုးဝင်တာ ရှိရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ ကုသမှု ခံယူဖို့ အရေးကြီးလှပါတယ်...အာရုံကြောဆိုင်ရာပျက်စီးမှုကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးခြင်း (Erectile dysfunction) လည်း ဖြစ်နိုင်ပါတယ်...
- မျက်စိ ရောဂါများ မျက်လုံးရဲ့အမြင်အာရုံခံစားတဲ့နေရာ (Retina) ကို ပေးပို့ထောက်ပံ့နေတဲ့ သွေးကြောငယ်လေးတွေ ပျက်စီးတာကြောင့် အမြင်အာရုံ ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်... ရေတိမ်ရောဂါနဲ့ အတွင်းတိမ် ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်...
- အရေပြားဆိုင်ရာ ရောဂါများ ဆီးချိုရောဂါရှင်တွေဟာ မှိုစွဲခြင်းနဲ့ ဘက်တီးရီးယားနဲ့ ဆိုင်တဲ့ အရေပြား ရောဂါတွေကို သူများတွေထက် ပိုမိုခံစားရနိုင်ပါတယ်...ဒါတွေကအများအားဖြင့် တွေ့ရနိုင်တဲ့ နောက်ဆက်တွဲ ပြဿ နာတွေဖြစ်ပြီး အခြား ပြဿ နာတွေလည်း ရှိနိုင်ပါသေးတယ်...
ကုသခြင်း
ကုသခြင်းကတော့ စားဆေး နဲ့ ထိုးဆေး ၂ မျိုးရှိပြီး ဆီးချို အမျိုးအစား၊ အသက်၊ ကိုယ်ခန္ဓာ အလေးချိန် စသဖြင့် အချက်တွေပေါ် မူတည်ပြီး ကုသမှု ပုံစံတွေ ကွဲပြားပါတယ်... တစ်ခုခြင်းကို ရှင်းပြရင် စာအရမ်းရှည်သွားမှာစိုးတာကြောင့် ကုသမှုအပိုင်းမှာ
ဆရာဝန်ရဲ့ကုသမှုပိုင်းကို မဖော်ပြတော့ဘဲ မိမိဘာသာ ပြုလုပ်နိုင်တဲ့ အရာတွေကိုဖော်ပြပေးလိုက်ပါတယ်...
- စားသောက်မှု ပုံစံ- ဆီးချိုရောဂါရှင်တွေအနေနဲ့ အာဟာရကို မျှတအောင် စားဖို့ လိုအပ်ပါတယ်... ဥပမာအားဖြင့် နေ့စဉ်ထမင်းစားပန်းကန်ကို ၄ ပုံ ပုံပါ... ၄ ပုံ ၂ ပုံက အသီးအရွက် (ကန်စွန်းရွက်၊ ဟင်းနုနွယ် စသည်) တို့ဖြစ်ပြီး ကျန် ၄ ပုံ ၁ ပုံက အသားဓါတ် ဖြစ်ရပါမယ်... ကျန်တဲ့ ၄ ပုံ ၁ ပုံကမှ ကာဗိုဟိုက်ဒရိတ်ဓါတ် (ထမင်း) ဖြစ်ရပါမယ်... ဒါဟာ ဆီးချိုဝေဒနာရှင်တွေ စားသင့်တဲ့ ပုံစံပဲ ဖြစ်ပါတယ်...
- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု - ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု ပြုသင့်ပါတယ်... ဒါပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးကိုတော့ မပြုလုပ်သင့်ပါဘူး... အချိုဓါတ် ရုတ်တရက် အလွန်ကျဆင်းသွားတတ်တဲ့အတွက် ဖြစ်ပါတယ်... သာမာန် (အေရိုးဗစ်၊ ယောဂ၊ လမ်းလျှောက်ခြင်း) စတဲ့ လှုပ်ရှားမှုမျိုးကို ပြုလုပ်နိုင်ပါတယ်... ကိုယ်လက်လှုပ်ရှားမှုဟာ အင်ဆူလင် အစွမ်းသတ္တိ ကို ခံစားမှုကျခြင်းကိုလည်း သက်သာစေပါတယ်...
- သွေးချို နေ့စဉ်မှတ်တမ်းထားခြင်း - ကုသနေတဲ့ပုံစံပေါ်မူတည်ပြီး နေ့စဉ် သွေးချို ဖောက်ချိန်တွေကတော့ ကွာခြားတတ်ပါတယ်... အရေးကြီးတာက ဆရာဝန် ညွှန်ကြားထားတဲ့ အတိုင်း သွေးချို မှတ်တမ်းထားရှိပြီး ဆရာဝန်နဲ့ ပြသတဲ့အခါ အဆိုပါ မှတ်တမ်းကိုပါ တစ်ခါတည်းယူဆောင်သွားဖို့ ဖြစ်ပါတယ်... ဆေးချိန်ညှိတဲ့နေရာမှာ နေ့စဉ်သွေးချိုမှတ်တမ်းဟာ အရေးပါတဲ့အချက်တစ်ခု ဖြစ်တဲ့အတွက် မှတ်တမ်းကို စနစ်တကျ ထားရှိသင့်
ပါတယ်...
ကျွန်တော့်ရဲ့ Professor ဆရာမကြီး ဒေါ်သန်းသန်းအေးရဲ့ ပြောနေကျ ဥပမာစကားနဲ့ပြောရရင် သွေးတွင်းအချိုဓါတ်တွေဟာ အပင်တစ်ပင်ရဲ့ ပင်စည်လိုပဲ ဖြစ်ပါတယ်...အပင်ကို သေချာစွာ ဂရုပြုစောင့်ရှောက်ပါမှ အကိုင်းအခက်တွေ ဝေဖြာစိမ်းလန်းမှာ ဖြစ်သလို သွေးချိုဓါတ် ထိန်းသိမ်းမှု ကောင်းပါမှ နောက်ဆက်တွဲ ပြဿ နာတွေကင်းဝေးမှာ ဖြစ်ပါတယ်... သွေးတွင်းအချိုဓာတ်(ပင်စည်)ထိန်းသိမ်းမှုမကောင်းရင်
နောက်ဆက်တွဲ ပြဿ နာ(အကိုင်းအခက်များ ခြောက်သွေ့ခြင်း)တွေ ဝင်ရောက်လာမှာပါ...ဆီးချိုရောဂါကို စောစောသိပြီး စနစ်တကျ ကုသမှုခံယူရင်း ပင်စည်ကို ရေလောင်းပေါင်းသင်နေရင် အကိုင်းအခက်တွေ စိမ်းလန်းကာ နောက်ဆက်တွဲ ပြဿ နာတွေကင်းဝေးပြီး အသက်ရှည်ရှည် နေထိုင်သွားနိုင်မှာပါ... ရောဂါရှိမှန်း အသိနောက်ကျတာ၊ ရောဂါရှိမှန်းသိပေမယ့် သွေးတွင်းအချိုဓါတ်ကို သေချာ မထိန်းသိမ်းခဲ့တာစတဲ့ အခြေအနေတွေမှာ အကိုင်းအခက်တွေ ခြောက်ကပ်ခြင်းဖြစ်တဲ့ နောက်ဆက်တွဲ ပြဿ နာတွေ ဝင်ရောက်လာတတ်ပါတယ်... ဒီအခါမှာတော့ ကုသစရိတ်ပိုကုန်၊ ကုသမှုလည်းခက်ခဲပြီး အသက်တိုမှာအမှန်ပဲ ဖြစ်ပါတယ်...
တချို့က ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ အကိုင်းအခက် ခြောက်ကပ်ခြင်းနောက်ကိုပဲ လိုက်ကုသနေပြီး တကယ့်ပင်စည်ဖြစ်တဲ့ သွေးချိုဓါတ်ကို မထိန်းညှိမိဘဲ ရှိနေတတ်တာမျိုးလည်းတွေ့ရပါတယ်...
ဒါကြောင့် ဆီးချိုရောဂါရဲ့ လက္ခဏာရပ်တွေကို လေ့လာသိရှိပြီး ရောဂါဖြစ်လာရင်စောစောသိဖို့၊ ရောဂါဖြစ်လာရင်လည်း ဆေးမြီးတိုတွေနဲ့ ပေါ့ပေါ့ဆဆ မနေဘဲ စနစ်တကျ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်... ဒါမှသာ ဆီးချိုရောဂါ ဝေဒနာသည် မဖြစ်ဘဲ ဆီးချိုရောဂါ ရှိသူအဖြစ် နေထိုင်နိုင်မှာ ဖြစ်ပါတော့တယ်...
Credit :
ကြယ်မင်းတာရာ
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး