ဆီးချိုနှင့် အရိုး၊ အကြောအဆစ်ရောဂါများ
26-Mar-2017ကမ္ဘာပေါ်မှာ ဆီးချိုလူနာတွေ တစ်နေ့တခြားများလာနေသလို အရိုး၊ အကြော၊ အဆစ်ဆေးခန်း တွေမှာလည်း လူနာတွေ များလာနေပါတယ်။ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေ ဆက်စပ်နေတာကိုတော့ လူတွေအသိများကြပါတယ်။ အရိုး၊ အကြော၊ အဆစ်နဲ့ နှလုံးရောဂါ ဆက်စပ်တာကိုလည်း တော်တော်များများ တော့ သိလာကြပါပြီ။ လေးဖက်နာရောဂါ တစ်ခုခုရှိတာဟာ ဆီးချိုရောဂါရှိတဲ့သူထက်တောင် နှလုံးရောဂါဖြစ်ဖို့ အလားအလာ ပိုများစေတယ်ဆိုတာ သိပ္ပံနည်းကျ လေ့လာတင်ပြချက်တွေ ရှိနေပါပြီ။ ဒါက အရိုး၊ အကြော၊ အဆစ်က အကြောင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေက အကျိုးရလာဒ်ပါ။
အပြန်အလှန်အဖြစ် ဆီးချိုရှိလို့ အရိုး၊ အကြော၊ အဆစ်ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာတော့ ရတတ်တယ်။ အကြီးသုံးကောင်၊ အငယ်သုံးကောင်လို့ လူနာတွေ၊ ကျောင်းသားတွေကို ပြောပြရလေ့ရှိပါသည်။ အကြီး ၃ ကောင်ဆိုတာက သွေးကြောကြီးတွေ ခြေထောက်သွေးကြောပိတ်ရောဂါတွေကို တင်စားပြီး ပြောတာပါ။ အငယ်သုံးကောင်ဆိုတာက သွေးကြောမျှင်ငယ်လေးတွေ ကျဉ်းပြီးဖြစ်လာရတဲ့ မျက်စိမှုန်ရောဂါ၊ ကျောက်ကပ်ပျက်စီးတဲ့ရောဂါ၊ ထုံကျဉ်အာရုံကြောအားနည်းတဲ့ရောဂါတွေပါ။
သွေးကြောတွေ မာ၊ ကျဉ်းသွားတာက အချိုဓာတ်တွေများလွန်းလို့ တစ်သျှူးတွေမှာကပ်နေရင် သကြားရည်တို့၊ ကပ်စေးနည်းတို့ စွန်းသွားပြီး ခြောက်သွားရင် မာခေါက်ခေါက်ဖြစ်သွားသလိုပဲ တစ်သျှူးတွေဟာ သကြားဓာတ်ပိုဆောင်းပြီး မာသွားတာပါ။ ဒီဖြစ်စဉ်က သွေးကြောနံရံတွေမှာသာမက အရိုးနုတွေ၊ အဆစ်ကိုထိန်းတဲ့ အရွတ်တွေ၊ ကြွက်သားနဲ့အရိုးကို ဆက်တဲ့ အရွတ်ပြားတွေမှာလည်း ဖြစ်ပါတယ်။ ဒီအခါမှာ အရိုး၊ အကြော၊ အဆစ်ပြဿနာစုံ ပေါ်လာတော့တာပါပဲ။ ဒီတစ်ခါမှာတော့ ဆီးချိုက အကြောင်းတရား၊ အရိုး၊ အကြော၊ အဆစ်ရောဂါတွေက အကျိူးတရားပါ။ နောက်ဆက်တွဲရလဒ်တွေ၊ တစ်နည်းအားဖြင့် မလိုချင်ဘဲရလာတဲ့ ကလေးတွေလို့လည်း ပြောနိုင်ပါတယ်။
ဒါကြောင့် လူနာတစ်ယောက်က ပခုံးနာတယ်၊ လက်တွေ၊ ခြေတွေ တောင့်တင်းလာတယ်၊ လေးတယ်ဆိုရင် တစ်ဖက်က လေးဖက်နာသွေး၊ ဂေါက်သွေးတွေ စစ်ရသလို တစ်ဖက်က ဆီးချိုကလည်း စစ်ကြည့်ရပါတယ်။ တချို့ ဆီးချိုစစ်မယ်ပြောလိုက်မှ “ ကျွန်မမှာ ဆီးချိုရှိတာ ဆယ်နှစ်ရှိပြီ” လို့ ထုတ်ပြောတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကို ဒါဟာဆီးချိုကြောင့်ဖြစ်တာပါ။ ကိုက်တာ၊ ခဲတာတွေဟာ အရိုး၊ အကြော၊ အဆစ်တွေကို အချိုဓာတ် ဂျိုးတွေကပ်လို့ ဖြစ်တာပါပြောလည်း တော်တော်နဲ့မယုံကြပါဘူး။ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ၊ ယူရစ်အက်ဆစ်တွေ အကုန်စစ်ပြီး ဘာမှမရှိတော့မှပဲ ဆီးချိုကြောင့်ဖြစ်တယ်ဆိုတာ ဘဝင်ကျပါတော့တယ်။
၂၀၀၉ ခုနှစ်မှာ လူကြီးဆီးချိုလူနာ ၈၀ ကို လေ့လာကြည့်ခဲ့တာမှာ ၃၀ ရာခိုင်နှုန်းဟာ အရိုး၊ အကြော၊ အဆစ်ရောဂါလက္ခဏာ တွေ့ရတယ်လို့ တင်ပြခဲ့ဖူးပါတယ်။ အသက်ကြီးလေ ပိုတွေ့ရတယ်လို့ ဆိုပါတယ်။ ဆီးချိုလေးဖက်နာလို့ထင်ရင် စမ်းတဲ့နည်းနှစ်နည်းရှိပါတယ်။ သူက လက်ချောင်းနဲ့လက်ခုံပိုင်းတွေ တင်းလာတာ၊ လှုပ်ရှားနိုင်မှု နည်းလာတာဖြစ်တဲ့အတွက် လက်ချောင်းနဲ့ လက်ဖဝါးတွေက ဖလားတစ်ခုကို ပင့်ကိုင်ထားရသလိုမျိး ခုံးနေပါတယ်။ ဒါကြောင့် လက်ဖဝါးကို စားပွဲပေါ်မှာ မှောက်လျက် ချခိုင်းရင် လက်ဖနောင့်နဲ့ လက်ထိပ်တွေပဲ စားပွဲနဲ့ ထိနိုင်ပြီး လက်ဖဝါးက အပြားလိုက် မချနိုင်တာတွေ့ရမှာပါ။ စားပွဲစမ်းနည်းလို့ ခေါ်ပါတယ်။ နောက်တစ်နည်းကတော့ ဘုရားရှိခိုးနည်းပါ။
စားပွဲပေါ်ချလို့ လက်တစ်ဖက်ချင်းစီက သိပ်မခုံးဘူး။ စားပွဲနားကပ်ပြီး ထိ မထိ ကြည့်ရတာလည်း ခက်တယ်ဆိုရင် လက်ဝါးနှစ်ဖက်ကို ဘုရားရှိခိုးသလို ပူးခိုင်းကြည့်ရပါတယ်။ ဒီအခါမှာလည်း လက်ဖဝါးနှစ်ဖက်က လေလုံအောင် မထိနိုင်ဘဲ ဟတတ၊ ကွာတာတာဖြစ်နေတာကို သတိထားကြည့်ရင် မြင်ရမှာပါ။ တကယ်ဆိုးလာပြီဆိုရင် စာရေးလို့မရ၊ အဝတ်လျှော်လို့မရ နောက်ဆုံး ထမင်းဆုပ်စားရတာတောင် ခက်လာနိုင်ပါတယ်။
ပိုကြောက်ရတာက သူကလည်းအချိုဓာတ်ချိုး (ဂျိုး) ကပ်တဲ့ လက္ခဏာတစ်ခုဆိုတော့ ဆီးချိုရောဂါသည်တစ်ယောက်မှာ ဆီးချိုလေးဖက်နာရှိပြီဆိုရင် စစ်မကြည့်လို့သာ၊ သေချာစစ်ကြည်မယ်ဆိုရင် ဆီးထဲမှာ အသားဓာတ် နည်းနည်းလေးစပါနေတာ၊ လက်ချောင်း၊ ခြေချောင်းတွေမှာပေါ်မှာ အာရုံကြောစမ်းတဲ့ အမွှေးလေးနဲ့ တို့ကြည့်ရင် မသိတော့ဘဲဲ မသိမသာလေး ထုံနေတာစတဲ့ သွေးကြောငယ်ပိတ်ရောဂါတွေလည်း ရှိနေတတ်တယ်။ စစ်ကြည့်ဖို့လိုမယ်ဆိုတာပါပဲ။ ကုသမှုကတော့ သွေးလေးဖက်နာလို ကောက်ကွေးပုံပျက် အိပ်ရာပေါ် လဲသွားမယ့် ရောဂါမဟုတ်ဘူးဆိုတာကို ရှင်းပြ၊ စိတ်အေးအောင် ပြောပြဖို့ ရာဘာဘောလုံး ပျော့ပျော့လေးတွေကို ဆုပ်ဆုပ်ပေးပြီး လက်ကအကြော၊ အဆစ်တွေ ပျော့ပျောင်းသန်မာလာအောင် လေ့ကျင့်ခန်းလုပ်ပေးဖို့ ငါးကြီးဆီ၊ ဇင့်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဗီတာမင်ဒီဓာတ်တွေ လိုအပ်သလိုဖြည့်စွက်စာ ထည့်သွင်းပေးဖို့၊ အရေးအကြီးဆုံးက ဆီးချိုကို သေချာထိန်းဖို့တွေပါပဲ။
ကုသမှုကတော့ လေ့ကျင့်ခန်းက အဓိကကပါပဲ။ ပခုံးအရွတ်တွေ ဆန့်လာအောင် ကြွက်သားတွေ၊ အရွတ်တွေ ဆန့်လာအောင် ကြွက်သားတွေ၊ အရွတ်တွေကို ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေ သင်ပေးလိုက်ရတာပါ။ ပူတဲ့၊ အေးတဲ့ လိမ်းဆေးတွေ လိမ်းတာ၊ ကြွက်သားပြေလျော့တဲ့ ဆေးတွေသောက်တာ၊ နောက်ဆုံး ၃ လလောက်မှ မသက်သာရင် ပခုံးထဲကို စတီးရွိက်ဆေး ထိုးထည့်ပေးတာတွေလည်း လုပ်ရတတ်ပါတယ်။
Credit : ပါမောက္ခဦးချစ်စိုး
(အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး)