Print

ဆီးလမ်းကြောင်းပိုးဝင်ရောဂါ

  28-May-2017
Preview Image

 

ဆီးလမ်းကြောင်းပိုးဝင်ရောဂါ (urinary tract infection) သည် ကလေးဘဝတွင်  မကြာခဏ တွေ့ကြရသော ရောဂါတစ်ခု ဖြစ်ပေသည်။ ဆီးလမ်းကြောင်းဟု ဆိုရာ၌ ကျောက်ကပ်မှ စ၍ ဆီးစီးဆင်းရာပြွန် (ueter) နှင့် ဆီးလမ်း (bladder) ထိ တစ်နည်း ဆိုရသော် ဆီးဖြစ်ရာ “ကျောက်ကပ်” မှ  နောက်ဆုံးစုဝေးရာ “ဆီးအိမ်” အထိကို ခေါ်သည်။ ၎င်းလမ်းကြောင်းတစ်လျှောက် တစ်နေရာရာတွင်းသို့ “ပိုး” ဝင်ခဲ့သော် ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ ဖြစ်ပေါ်လာနိုင်သည်။ ၎င်း ပိုးဝင်ရောဂါသည် အသက်အရွယ်အားဖြင့် မွေးစလောက်မှ စ၍ အပျိုပေါက် လူပျိုပေါက် အရွယ်အထိ ဖြစ်နိုင်ကြသည်ကို တွေ့ရသည်။ မွေးစနှင့် တစ်နှစ်အောက်အရွယ်တွင် ယောကျ်ားလေး၊ မိန်းကလေး မကွဲဘဲ ရာနှုန်းအတူတူ ဖြစ်နိုင်ကြသော်လည်း နောင်အသက်အတန်ငယ် ကြီးလာသည်တွင် ဆီးထွက်လမ်းကြောင်း (urethra) ပို၍ တိုသော မိန်းကလေးများက အဖြစ်များလာသည်ကို တွေ့နိုင်သည်။ 


 မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းချက် ပါလာသည့် ကလေးများအဖို့ ငယ်ငယ်ရွယ်ရွယ် မွေးစမှပင် စ၍ဤရောဂါကို ခံစားကြရလေ့ရှိသည်။ အချို့ကလည်း အသက် ၂ လမှ ၂ နှစ်အရွယ်အတွင်း  ဤရောဂါ အဖြစ်များကြသည်ကို တွေ့ရပြန်သည်။ ယောကျ်ားလေးများအတွက် ဆီးထွက်ပေါက်ဝ ကျဉ်း၍ သော်လည်းကောင်း၊ ဆီးပေါက်ဝ (Phymosis) ပိတ်ဆို့နေလျှင် သော်လည်းကောင်း ဆီးသွားသည့်အခါ အကုန်မထွက်ဘဲ ဆီးအိမ်တွင်း ကျန်ကျန်နေသဖြင့် ဤရောဂါကို မကြာခဏ ခံစားကြရသည်။ အသက်ကြီးလာသည့် ကလေးများတွင်မူ ဆီးလမ်းကြောင်း ချို့ယွင်းချက်လည်း မရှိ၊ ပိတ်ဆို့မှုလည်း မရှိပါဘဲနှင့် အရှက်ကြီးလွန်းသဖြင့် ဆီးသွားချင်သည်ကို အောင့်အောင့်ထားတတ်ခြင်း၊ သို့မဟုတ် အဆော့ကစား  မက်၍ ဆီးသွားချင်လျက်နှင့် မသွားဘဲ အောင့်ထားတတ်ခြင်းကြောင့် ၎င်းဆီးလမ်းကြောင်း ပိုးဝင်ရောဂါကို အလွယ်တကူ ရလာတတ်ကြသည်။ 


 ၎င်းရောဂါဖြစ်ပေါ်စေသော ပိုးတို့မှာ အက်စရီးချားကိုလိုင်း (Esch.Coli)၊ ပရိုတီရက်စ် (B.Proteus)၊ ဆူဒိုမိုနယ်စ ပိုရိုစိုင်းနေး(စ်) (Pseudo Pyocyanaea) စသည်တို့ ဖြစ်ကြသော်လည်း Esch. Coli ကြောင့် ဖြစ်ရသည်မှာ ၈၀ ရာခိုင်နှုန်းလောက် ဖြစ်ပေသည်။ မွေးစအရွယ်နှင့် တစ်နှစ်အောက် အရွယ်တို့တွင် ဖြစ်တတ်သဖြင့် ဆီးလမ်းကြောင်းပိုးဝင်ရောဂါဟု ထင်မှတ်လေ့ မရှိဘဲ အစာမကြေ၊ ဝမ်းပျက်ရောဂါ ရသည်ဟုလောက်ပင် ထင်မှတ်တတ်ကြပေသည်။ ကိုယ်ပူ၍ ဖျားခြင်းမှာလည်း တစ်ခါတစ်ရံတွင် ၁၀၃ ဒီဂရီ၊ ၁၀၄ ဒီဂရီထိ ပူတတ်ကြသော်လည်း ရံဖန်ရံခါတွင်မူ ကိုယ်မပူဘဲ ရောဂါဖြစ်လာရသည်။ များသောအားဖြင့် အစားပျက်၍ နုံးခွေကာ အီနေလေ့ရှိကြသည်။ ခါတိုင်း သွက်သွက်လက်လက် ဆော့ကစားနေလေ့ရှိသည့် ကလေးငယ်တစ်ဦး မှိုင်တိုင်တိုင်နှင့် အစားပျက်လျှင် ကိုယ်မပူဘဲ ရှိပင်ရှိငြား ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ ဖြစ်နိုင်သည်ကို မိဘတို့ သတိပြုမိစေချင်သည်။

 

 ကလေးကြီးများတွင်မူ ၎င်းရောဂါဖြစ်ခဲ့ပါက ကိုယ်ပူနိုင်သော်လည်း ကလေးများကဲ့သို့ ခံတွင်းပျက်ခြင်း၊ နုံးခွေခြင်း သိပ်မရှိလှဘဲ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်တွင် ကိုက်ခဲခြင်းတို့သာ အဖြစ်များလေ့ရှိသည်။ ဆီးသွားသည့်အခါ နာကျင်တတ်၍ ဆီးပူခြင်းနှင့် ဆီးနည်းနည်းနှင့် ခဏခဏ သွားခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။ ရံဖန်ရံခါတွင်မူ စိမ့်၍ ချမ်းတုန်ခြင်းတို့လည်း ဖြစ်ပေါ်တတ်ပေသည်။ အကယ်၍ ချက်ချင်းဖြစ်ပေါ်လာသည့် လက္ခဏာများကို သတိမထားမိဘဲ  သေသေချာချာ ကုသမှု အတိအကျ မရခဲ့ပါမူ ၎င်းဆီးလမ်းကြောင်း ပိုးဝင်ရောဂါသည် “ နာတာရှည်” ရောဂါ (chronic disease) အဖြစ် လပေါင်း၊ နှစ်ပေါင်းများစွာ ဆက်လက် တည်ရှိသွားနိုင်ပေသည်။ 


ထိုသို့ဖြစ်လျှင် စဖြစ်စဉ်က တွေ့ရသည့် လက္ခဏာမျိုး မတွေ့ကြရတော့ဘဲ ရံဖန်ရံခါ “ဖျား” ၍ ဆီးစစ်ဆေးမှု ပြုလုပ်သည့်အခါများတွင်သာ ဆီးအတွင်း “ပြည်” များ ရှိနေသည်ကို တွေ့ကြရပေမည်။ ကလေးအနေနဲ့လည်း ထွားကျိုင်းမှု တဖြည်းဖြည်း လျော့နည်းလာပြီး သွေးအားနည်းရောဂါ၏ လက္ခဏာများကိုပါ နောက်ပိုင်းတွင် တွေ့လာနိုင်ပေသည်။ နောင်တွင် “ဆီး” ကို ဓာတ်ခွဲခန်း၌ အမှတ်မထင် စစ်ဆေးကြည့်လျှင် ဆီးတွင် သာမန်အားဖြင့် မတွေ့ရသည့် ပရိုတင်း (albumin) များ တွေ့နေရသည်ကို တွေ့ကြရမှာဖြစ်ပါသည်။ ကျောက်ကပ်ပျက်စီးမှု အစပြုနေပြီကို ဖော်ပြသည့် သင်္ကေတ လက္ခဏာတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။ နောင်ကာလရွေ့လာလျှင် ကျောက်ကပ်ပျက်စီး၍ အလုပ်မလုပ်နိုင်တော့သည့် လက္ခဏာများ (renal failure signs) နှင့် သွေးတိုးရောဂါ လက္ခဏာများပါ တွေ့လာရပေတော့မည်။


 ထိုသို့နောက်ဆက်တွဲ ဝမ်းနည်းဖွယ်ရာ အခြေအနေမျိုး မတွေ့ကြုံကြရလေအောင် ကလေးငယ် ဖျားသည်နှင့် ဆီးလမ်းကြောင်း ပိုးဝင်ရောဂါကြောင့် ဟုတ်မဟုတ်ကို သိသာစေရန် ဆီးကို ဓာတ်ခွဲခန်းပို၍ သေချာစွာ စစ်ဆေးမှုများ ပြုလုပ်အပ်ပေသည်။ ထို့နောက် ဆီးကို ပိုးပွားမှု (urine for culture ans sensitivity) နှင့် ဆေးထိရောက်မှုတို့ကို ပြုလုပ်၍ ဝင်ရောက်နေသော ပိုးအတွက် အထိရောက်နိုင်ဆုံးသော ဇီဝပဋိဆေး (antibiotics) များကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိတိကျကျ လိုက်နာ၍ တိုက်ကျွေးဖို့ လိုပေသည်။ ကာလအပိုင်းအခြား အနေနှင့်လည်း  ဆရာဝန်ညွှန်ကြားသည့် ကာလအပိုင်းအခြားအထိ တိတိကျကျ တိုက်နေဖို့ အရေးကြီးပါသေးသည်။


 မွေးရာပါဆီးလမ်းကြောင်း ချို့ယွင်းချက်၊ ပိတ်ဆို့မှုများ ရှိမရှိကို သိသာစေရန် လိုအပ်သည့် ကျောက်ကပ်၏ လုပ်ငန်းစွမ်းအားကို ထင်ရှားစေနိုင်သည့် စစ်ဆေးမှုများနှင့် ဆီးအိမ်တွင်း ချို့ယွင်းမှုကို ပြနိုင်သည့် စစ်ဆေးမှုများကို ဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း ပြုလုပ်ဖို့ လိုအပ်ပါက လုပ်ကြရပါလိမ့်မည်။ အထူးသဖြင့် ငယ်ရွယ်သည့် အရွယ်များတွင် ဖြစ်ပါက မွေးရာပါချို့ယွင်းချက်များ ရှိမရှ်ိကို သိသာအောင် စုံစမ်းစစ်ဆေးဖို့ လိုအပ်ပေသည်။ အချို့ယောကျ်ားလေးများ ဆီးပေါက်ဝ ကျဉ်း၊ ပိတ်နေသည့် လက္ခဏာရှိသော် ဆီးကျန်များ မရှိလေအောင် ဆီးကို ၂ ခါ၊ သုံးခါ ဆက်တိုက် အချိန်အနည်းငယ်စီသာ ခြား၍ တည်ပေးရပါလိမ့်မည်။ ထိုသို့မှ မရပါလျှင် အပေါက်ဝကို ချဲ့သင့်က ချဲ့ရပါမည်။ မိန်းကလေးများအဖို့ အရွယ်ကို လိုက်၍ ချို့ယွင်းချက် ရှိမရှိ စုံစမ်းပြီးလျှင် ဆီးကို ခဏခဏသွားခိုင်းရမည်။ ဆီးအောင့်၍ မထားရန်လည်း သတိပေးနေရပါမည်။ တစ်ချိန်တည်းမှာပင် ဆီးများများ သွားစေရန် အရည်ကိုလည်း မကြာခဏ သောက်ခိုင်းထားသင့်ပါသည်။


 ရောဂါလက္ခဏာအနေနဲ့ ပြောပလောက်အောင် အရေးမကြီးလှသော်လည်း တိကျသော ကုသမှုမျိုးကို ငယ်ရွယ်စဉ်အခါက မရခဲ့ပါလျှင် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ရတတ်ပြီး လူလတ်ပိုင်းရောက်သည်နှင့် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ အလုပ်မလုပ်နိုင်တော့သည့် အခြေအနေမျိုး ဆိုက်ရောက်ကြရသည်ကို တွေ့ကြရပါသည်။ ထိုသို့ဖြစ်လျှင် အသက်အန္တရာယ် ရောက်သည်အထိ၊ စိုးရိမ်ဖွယ်ရာ အခြေအနေအထိ ဖြစ်နိုင်သွားပါသည်။ ထို့ကြောင့် မိဘများ အနေနှင့်မိမိတို့၏ သားငယ်သမီးငယ်များ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ ဖြစ်ခဲ့လျှင် တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် ထိရောက်သော ကုသမှုမျိုးကို ပေးမိစေရန် ရေးသားလိုက်ရပါသည်။


Credit:

ဒေါက်တာ ခင်မျိုးဟန်

(ကလေးအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18