နှာခေါင်းနောက်ပိုင်းကင်ဆာ ( Nasopharyngeal carcinoma )
13-Aug-2017
နှာခေါင်းနောက်ပိုင်း ( Post-nasal space ) သည် အာခေါင်အပေါ်ပိုင်း နှင့် တဆက်တည်းဖြစ်သည်။ အာခေါင်အပေါ်ပိုင်းနေရာဟု ခေါ်နိုင်သည်။ ယင်းနေရာသည် ဦးနှောက်အာရုံကြော၊ ဦးနှောက်ခွံ၏ အခြေနှင့် နီးသည်။
ဖြစ်ပွားမှု
နှာခေါင်းနောက်ပိုင်း ကင်ဆာရောဂါ ( Nasopharyngeal carcinoma ) သည် တရုတ်နိုင်ငံတောင်ပိုင်းတွင် အဖြစ်များသည်ကို တွေ့ရသည်။၂၀၀၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း နှာခေါင်းနောက်ပိုင်းကင်ဆာ ဖြစ်ပွားသူ ၈သိန်းခွဲခန့် တွေ့ရှိရသည်။ နှာခေါင်းနောက်ပိုင်းကင်ဆာသည် လူငယ်များတွင်လည်း ဖြစ်တတ်သည်။ အသက်၂၀နှစ်အောက်လူငယ်များနှင့် ၅၀နှစ်ကျော်တို့တွင် အဖြစ်များသည်။ အမျိုးသားများတွင် ပိုမိုဖြစ်ပွားသည်။
ဖြစ်ပွားရခြင်းအကြောင်းအရင်း
နှာခေါင်းနောက်ပိုင်း ကင်ဆာသည် တရုတ်နိုင်ငံ၊ ကန်တုံပြည်နယ်မှ လူများနှင့် ယင်းတို့၏မျိုးရိုးနှင့် ပတ်သက်ဆက်နွယ်သူများတွင် ပိုမိုအဖြစ်များသည်ကို တွေ့ရသည်။ သို့ဖြစ်၍ မျိုးရိုးလိုက်တတ်သော ကင်ဆာတစ်ခုဖြစ်သည်။ အစားအသောက်တွင်ပါရှိသည့် ဓာတုပစ္စည်းကြောင့်လည်း နှာခေါင်းနောက်ပိုင်းကင်ဆာ ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ငါးပိကောင်တွင်ပါရှိသည့်် နိုက်ထရိုစမင်း ( Nitrosamine ) ဓာတ်ကြောင့် နှာခေါင်းနောက်ပိုင်းကင်ဆာဖြစ်နိုင်သည်။ အချို့က အမွှေးတိုင်မှထွက်သော ဟိုက်ဒရိုကာဗွန်က ကင်ဆာကို ဖြစ်စေသည်ဟုဆိုသည်။ နောက်ဆုံးတွေ့ရှိမှုအရ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်သည်ကို တွေ့ရသည်။ ဆေးလိပ်၊ အရက်တို့သည်လည်း ကင်ဆာဖြစ်ပွားမှုနှင့် ဆက်နွယ်နိုင်သည်။
ရောဂါရှာဖွေခြင်း
နှာခေါင်းနောက်ပိုင်းအား မြင်နိုင်ရန် လျှာကိုဖိ၍ သာမန်မှန်ပြားဖြင့် အနာ၊ အကျိတ်ရှိမရှိ ကြည့်ရှုသည်။ မှန်ပြောင်းဖြင့်လည်း ကြည့်နိုင်သည်။ အသားစယူ၍လည်း စစ်နိုင်သည်။ CT Scan ကို Axial ခေါ် တည့်တည့် ဖြတ်၍ ရိုက်ခြင်း၊ Coronal ခေါ် အရှေ့အနောက်ဖြတ်၍ ရိုက်ခြင်းတို့ကို ပြုလုပ်သည်။ နှာခေါင်းနောက်ပိုင်းနှင့် ဦးခေါင်းခွံအခြေကို CT Scan ရိုက်သည်။
ရောဂါလက္ခဏာများ
နှာခေါင်းနောက်ပိုင်းကင်ဆာဖြစ်သည့်အခါ နားကိုက်ခြင်း၊ နားလေးခြင်း၊ နားမကြားခြင်း၊ နားအူခြင်း၊ နားပိတ်သလို ခံစားရခြင်းတို့ ဖြစ်သည်။ နားတစ်ဖက်တည်းဖြစ်စေ၊ နှစ်ဖက်လုံးဖြစ်စေ မကြားဘဲဖြစ်တတ်သည်။ နားပြည်ယိုနိုင်သည်။ လည်ပင်းတစ်ဖက်တစ်ချက်တွင် အကျိတ်များထွက်လာသည်။ ယင်းတို့သည် နာကျင်ခြင်းမရှိချေ။ နှာခေါင်းပိတ်နေတတ်သည်။ နှာခေါင်းသွေးလျှံတတ်သည်။ နှာခေါင်းအတွင်း အနာလည်းဖြစ်နိုင်သည့်အပြင် အလုံးပေါ်နိုင်သည်။မျက်စိဝါးခြင်း၊ ပုံရိပ် ၂ ခုမြင်ခြင်းတို့အပြင် ခေါင်းကိုက်ခြင်း၊ မျက်နှာတခြမ်းကိုက်ခြင်း၊ ပါးရွဲ့ခြင်းတို့လည်း ဖြစ်နိုင်သည်။ ယင်းတို့မှာ ဦးခေါင်းခွံ အခြေရှိ အာရုံကြောများအား ထိခိုက်ခြင်းကြောင့်ဖြစ်ရသည်။ အရိုးကိုထိခိုက်ခြင်း၊ အရိုးစားသွားခြင်း ဖြစ်တတ်သည်။ အသံအိုးသို့သွားသည့် နာ့ဗ်ကြောထိခိုက်လျှင် မူလအသံပြန်မရနိုင်ချေ။
ကုသခြင်း
နှာခေါင်းနောက်ပိုင်း ကင်ဆာကို ဓာတ်ရောင်ခြည်ဖြင့် ကုသရသည်။ စောစီးစွာသိရှိပြီး စောစီးစွာကုသလျှင် အမြစ်ပြတ်နိုင်ပြီး သက်တမ်းစေ့နေနိုင်သည်။ ယခုအခါ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဆေးသွင်းကုသခြင်းတို့ ပူးတွဲ၍ ကုသသည်။ကုသပြီးနောက် ပြန်ဖြစ်ရန် အခွင့်အလမ်းနည်းသည်။ CT Scan ရိုက်ခြင်း၊ သို့မဟုတ် မှန်ပြောင်းဖြင့် စမ်းသပ်ခြင်းတို့ကို ၆ လ တစ်ကြိမ် ပြုလုပ်ပြီး စစ်ဆေးနိုင်သည်။
ကာကွယ်ခြင်း
ငါးပိကောင်ကဲ့သို့ နိုက်ထရိုစမင်း ( Nitrosamine ) ဓာတ်ပါရှိသည့် အစားအစာများကို ရှောင်ကြဉ်သင့်သည်။ အမွှေးတိုင်အနံ့များမှာလည်း ကင်ဆာဖြစ်မှုနှင့် ဆက်နွယ်ဖွယ်ရှိ၍ မရှူမိစေရန် ရှောင်ကြဉ်သင့်သည်။ ဆေးလိပ်၊ အရက်ကိုလည်း ရှောင်ကြဉ်ပါက မှားသည်ဟု မဆိုနိုင်ချေ။
Credit: ဒေါက်တာအောင်သန်း (အဖြစ်များသောကင်ဆာရောဂါများ)
By Dr. Pearl (7887 Healthcare Call Center)