သွေးချိုရောဂါ နှင့် အဝလွန်ခြင်း ( Diabetes Mellitus and Obesity )
27-Aug-2017သွေးချိုရောဂါသည် အဝလွန်ခြင်းနှင့်ပက်သတ်မှုရှိသည်။ အဝလွန်သူများသည် သာမန်လူများထက် အမျိုးအစား(၂) သွေးချိုဖြစ်ရန် သုံးဆမှ ရှစ်ဆအထိ ပိုများသည်။ ပိုဝလေ၊ ပိုဖြစ်နိုင်လေ ဖြစ်သည်။ ကိုယ်အလေးချိန် ၂ ကီလိုဂရမ် (၄.၄ပေါင်) တက်တိုင်း သွေးချိုရောဂါဖြစ်နိုင်ခြေ ၉ ရာခိုင်နှုန်း မြင့်လာသည်ဟုဆိုသည်။ ထို့ကြောင့် အနည်းငယ်ဝသူများ၏ ၂ ရာခိုင်နှုန်း၊ အတော်အသင့် ဝသူများ၏ ၈ ရာခိုင်နှုန်းနှင့် အလွန်အကျွံဝသူများ၏ ၁၃ ရာခိုင်နှုန်းတွင် သွေးချိုရောဂါ တွေ့ရသည်။ ခန္ဓာကိုယ်ဝဖြိုးမှုကို BMI (Body Mass Index) ခေါ်အရပ်အမြင့်အလိုက် ရှိသင့်သည့် ကိုယ်အလေးချိန် တွက်ချက်မှုပေါ် မူတည်သတ်မှတ်လေ့ရှိသည်။ ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်းနှင့် စားခြင်းဖြင့် BMI ကို တွက်သည်။
Body Weight (Kg)
BMI =-----------------------------------------
Height (Meter)×Height (Meter)
BMI ၁၈.၅ မှ ၂၄.၉ အထိကို ပုံမှန်၊ ၁၈.၅ ထက်နည်းသူကို ပိန်သောသူ၊ ၂၅ နှင့်အထက်ရှိသူကို ဝသောသူဟု သတ်မှတ်သည်။ ဝသောသူကို ထပ်မံ၍ BMI ၃၀ထိကို အနည်းငယ် ဝဖြိုးသူ (Overweight)၊ ၃၀ မှ ၃၅ထိကို သိသိသာသာဝသူ (Mild obesity)၊ ၃၅မှ ၄၀ထိကို ပို၍ဝသူ (Moderate obesity) နှင့် ၄၀ အထက်ကို အလွန်အမင်းဝသူ (Gross obesity) ဟူ၍ ခွဲထားသည်။ ဝပုံဝနည်းကို အခြေခံ၍ ခန္ဓာကိုယ် ဝဖြိုးမှုကို ထပ်မံပြီး အုပ်စုနှစ်စု ခွဲထားသည်။ ဝမ်းဗိုက်ပူသည်ကို အဓိကကြည့်ပြီး ဗိုက်စူပြီးဝခြင်း (Abdominal or Central obesity) နှင့် တင်ပါးဆုံပိုင်းဝခြင်း (Global obesity) ဟူ၍ ခွဲထားသည်။ အချို့တွင် လူက သိပ်မဝသော်လည်း ဝမ်းဗိုက် အလွန်အကျွံ ပူနေတတ်သည်။
ထိုထိုဝမ်းဗိုက်ပူပူနှင့် ဝသောသူများသည် အမျိုးအစား (၂) သွေးချိုရောဂါ၊ သွေးတိုးရောဂါ နှင့် သွေးတွင်းအဆီများခြင်းတို့ ဖြစ်ရန် အလားအလာ ပိုများသည်။ ဝတာချင်းအတူတူ မည်သည့်အကြောင်းကြောင့် ရောဂါဖြစ်ပွားမှု ကွာခြားရသနည်း။ ဝမ်းဗိုက်ပူသော လူများတွင် အဆီသည် ဝမ်းဗိုက်အဆီပြင်နှင့် ဝမ်းဗိုက်ရှိ ကလီစာတို့တွင် အဓိကစုနေလေ့ရှိသည်။ ယင်းအဆီသည် အခြားနေရာများရှိ အဆီထက် အင်ဆူလင်(Insulin) ၏ အာနိသင်ကို နှောင့်ယှက်ဟန့်တားနိုင်စွမ်း ပိုများသည်။ ထိုနည်းဖြင့် သွေးချိုအပါအဝင် ရောဂါမျိုးစုံကိုဖြစ်စေသည်။ BMI ဖြင့် တိုင်းတာသတ်မှတ်ပါက မည်ကဲ့သို့သော ဝခြင်းဟုမခွဲခြားနိုင်။ ထို့ကြောင့် ဗိုက်ပူပူဝခြင်းကို သိနိုင်ရန် BMI အစား ခါးအတိုင်းကို သုံးသည်။ ခါးပတ်ပတ်လည်ကို ပေကြိုးနှင့် တိုင်းခြင်းဖြစ်သည်။ ခါး၏ အသိမ်ဆုံးနေရာကို ပတ်၍ တိုင်းရသည်။ အမျိုးသားများတွင် ၉၀ စင်တီမီတာ သို့မဟုတ် ၄၀ လက်မ၊ အမျိုးသမီးများတွင် ၈၀ စင်တီမီတာ သို့မဟုတ် ၃၆ လက်မ အထက်များနေပါက ဗိုက်ပူပြီးဝနေသည်ဟု သတ်မှတ်သည်။
ထိုအတိုင်းအတာသည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တိုင်းသားများအတွက် ဖြစ်သည်။ အနောက်နိုင်ငံသားများ အတွက်မူ ဤထက်ပိုများသည်။ ဤသို့ ဗိုက်ပူဝဖြိုးခြင်း၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများခြင်းတို့ စုပေါင်း၍ဖြစ်နေသော ရောဂါစုကို ကိုယ်တွင်းဓာတုဖြစ်စဉ်ရောဂါစု (Metabolic syndrome) ဟုခေါ်သည်။ လူနေမှုပုံစံ ပြောင်းလဲလာပြီဖြစ်သော ယနေ့ခေတ်ကာလတွင် ဤကဲ့သို့သော ရောဂါစုကို လူနာတော်တော်များများတွင် တွေ့နေရပြီဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ အစားအစာ မဆင်ခြင်ဘဲ အဆီနှင့် ကစီဓာတ် အလွန်အကျွံစားသူများတွင် အဓိကတွေ့ရသည်။ သွေးချို၊ သွေးတိုးရောဂါဟု ဆိုရလောက်အောင် သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်မမြင့်တက်မီ အကြိုကာလ အဆင့်တွင်ပင် Metabolic syndrome ဟုသတ်မှတ်ပါသည်။ သွေးပေါင်ချိန် ၁၄၀/၉၀ mmHg ထက်မြင့်မှ သွေးတိုးဟုခေါ်သော်လည်း Metabolic syndrome တွင် သွေးပေါင်ချိန် ၁၃၀/၈၅ ရှိရုံဖြင့်၊ နံနက်စောစော အစာမစားမီ သွေးတွင်း သကြားဓာတ် ၁၂၆ မီလီဂရမ် ရာခိုင်နှုန်းထက်မြင့်မှ သွေးချိုရောဂါဟုခေါ်သော်လည်း Metabolic syndrome တွင် ၁၁၀ ရှိရုံဖြင့် ထိုရောဂါ လက္ခဏာ အဖြစ်သတ်မှတ်သည်။
ဤရောဂါစုတွင် သွေးတွင်းအဆီဓာတ် များသည်ဟု ဆိုရာတွင် ခန္ဓာကိုယ်ဝဖြိုးခြင်းနှင့် အဓိက ဆက်စပ်မှုရှိသော အဆီဓာတ် Triglyceride နှင့် HDL Cholesterol ကို ရည်ညွှန်းပါသည်။ မကောင်းသော အဆီတစ်မျိုးဖြစ်သည့် Triglyceride မြင့်တက်ခြင်းနှင့် ကောင်းသောအဆီဓာတ် HDL နည်းနေခြင်းဖြစ်သည်။ Triglyceride ၁၅၀ မီလီဂရမ် ရာခိုင်နှုန်းထက်မြင့်လျှင်၊ HDL cholesterol ၅၀ မီလီဂရမ် ရာခိုင်နှုန်းထက် နည်းလျှင် ပုံမှန်မဟုတ်ဟုသတ်မှတ်သည်။ အမျိုးသားများအတွက် HDL ပမာဏပိုနည်းသည်၊ (၄၀ မီလီဂရမ် ရာခိုင်နှုန်း)။ Metabolic syndrome ကို ရောဂါ စတင်မဝင်ခင်ကတည်းက ကာကွယ်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာခြင်းနှင့်ညီညွတ်သော အစားအစာစားသုံးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်သည်။ နေ့စဉ်ပုံမှန် မိနစ် ၃၀မှ ၄၀ခန့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းသည်ပင် လုံလောက်ပါသည်။ နေ့စဉ်မလျှောက်နိုင်ပါက အနည်းဆုံး တစ်ပတ် ၅ ရက်ခန့် လျှောက်သင့်သည်။
ကျန်းမာခြင်းနှင့် ပြည့်စုံသော အစားအစာနှင့် ပတ်သက်၍ အကြမ်းဖျင်းဆိုရသော် ကစီဓာတ်၊ တိရစ္ဆာန်မှရသော ပြည့်ဝဆီနှင့် အချိုကဲသော အစာများကိုလျှော့၍ အသား၊ ငါး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပဲတို့ကို သင့်တင့်အောင် တိုး၍စားရန်ဖြစ်သည်။ ဆေးလိပ်ကို လုံးဝဖြတ်ပြီး အရက်ကို ကျန်းမာရေး မထိခိုက်စေသော ပမာဏလောက်ကိုသာ သောက်ရန် လိုအပ်ပါသည်။ Metabolic syndrome ဝင်လာပြီဆိုပါက ကျန်းမာခြင်းနှင့် ညီညွတ်သော လူနေမှုပုံစံကို ပို၍ လိုက်နာကျင့်ကြံရန် ဖြစ်သည်။ ထို့အပြင် သွေးချို၊ သွေးတိုးနှင့် သွေးတွင်းအဆီများခြင်းတို့ကိုလည်း ထိရောက်စွာကုသရန် လိုအပ်ပါသည်။ အဝလွန်ခြင်းအတွက် ပိန်ဆေးများလည်းရှိပါသည်။ အစားအသောက်၊ အနေအထိုင် ပြုပြင်ပြီး ပိန်ဆေးသောက်သော်လည်း ကိုယ်အလေးချိန်ချရန် ခက်ခဲနေသော အလွန်ဝသည့်လူနာများအတွက် အစာအိမ်ဖြတ်၍ ဆက်ခြင်း၊ ဝမ်းဗိုက်အဆီပြင် စုပ်ထုတ်ခြင်း စသည့်် ခွဲစိတ်နည်းများဖြင့် ကုသနိုင်ပါသည်။
Credit: သွေးချိုရောဂါ အကြောင်းသိသင့်သမျှ - ပါမောက္ခနေဝင်း (ဆေးပညာ)
Dr. Pearl (7887 Healthcare Call Center)