စောစောစီးစီးသိရှိပြီး ကုသသင့်သော ကျောက်ကပ်ကင်ဆာ
12-Nov-2017ကျောက်ကပ်ကင်ဆာကို နားလည်လွယ်အောင် ပြောရရင် သုံးမျိုးလောက်ရှိပါတယ်။ ကျောက်ကပ်မှာနာတာရှည် ကျောက်တွေရှိနေတာကို ခွဲမထုတ်ပဲထားရင် ၁၀ နှစ်၊ ၁၅ နှစ်လောက်ကြာတဲ့အခါ ပွတ်တိုက်တာကြောင့် ကျောက်ကပ်က ဆဲလ်တွေပြောင်းလာပြီး Squamous Call Carcinoma ဖြစ်လာတယ်။ အဖြစ်မများပေမယ့် ကျောက်ကပ်ကျောက်တည်တာနဲ့ တွဲပြီးတော့ တွေ့ရတတ်ပါတယ်။
နောက်တစ်မျိုးကတော့ ဓာတုဗေဒဆေးရုံတွေ၊ ဘိလပ်မြေစက်ရုံ၊ ရော်ဘာစက်ရုံ၊ စတာတွေမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေ၊ လက်အိတ်မယတ်ဘဲ လက်နဲ့ကိုင်မိတာမျိုးတွေကြောင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ဆီးထဲကတစ်ဆင့် ဓာတုပစ္စည်းစွန့်ရတာဖြစ်လာတယ်။ ကြာလာတဲ့အခါ ကျောက်ကပ်သာမကဘဲ ဆီးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဆီးပြွန်၊ ဆီးအိတ်၊ စတာတွေအကုန်လုံးမှာ ဖြစ်နိုင်ပါတယ်။
ကျောက်ကပ်ကင်ဆာဆဲလ်အများစုက ကြည့်လိုက်လျှင် ကြည်နေပါတယ်။ Clear Cell Carcinoma ခေါ်တာပေါ့။ ကျောက်ကပ်မှာ ကျောက်ရှိတာနဲ့ မဆိုင်တယ်။ ဆေးလိပ်သောက်တာနဲ့ ပတ်ဝန်းကျင် အကြောင်းတရားတွေနဲ့လည်း ဆိုင်တယ်။ အဲဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
အဖြစ်များသော အသက်အရွယ်
ကျောက်ကပ်မှာကင်ဆာဖြစ်တာက အသက်ကြီးပိုင်းမှာ အဖြစ်များပါတယ်။ ငယ်တဲ့အရွယ်တွေမှာ အဖြစ်နည်းပါတယ်။
ရောဂါလက္ခဏာများ
ကျောက်ကပ်မှာ ကင်ဆာဖြစ်တဲ့အခါ ဆီးထဲသွေးပါတဲ့ လက္ခဏာပြတတ်ပါတယ်။ ဆီးသွားတဲ့အခါ စစသွားချင်းမှာမပါဘဲ ဆီးသွားလို့ ပြီးခါနီးမှ ဆီးထဲမှာသွေးပါလာတာပါ။ တချို့လည်း ခါးနာတာဖြစ်တတ်တယ်။ ကျောက်ကပ်က ခါးနေရာ နောက်ဘက်မှာရှိတယ်။ ကျောက်ကပ်က နည်းနည်းကြီးပြီးတင်းလာတာကြောင့် ခါးနာတာ ခံစားရတာပါ။ ဆီးပူတာ၊ ကျဉ်တာ၊ မစားချင်မသောက်ချင်ဖြစ်ပြီး ကိုယ်အလေးချိန်ကျလာတာ၊ သွားရာလာရာမှာ နည်းနည်းလေးလံတာ စတာတွေလည်း ခံစားရနိုင်ပါတယ်။
ကုသခြင်း
ကျောက်ကပ်ကင်ဆာကို ကုသရာမှာ အများအားဖြင့် ခွဲစိတ်လို့ရတဲ့ အခြေအနေဆိုရင် ခွဲစိတ်ပြီး ကုသပါတယ်။ ကျောက်ကပ်ကို ခွဲစိတ်ကုသတော့မယ်ဆိုရင် ဖြစ်တာကညာဘက် ကျောက်ကပ်ဆိုပါစို့။ ဘယ်ဘက်ကျောက်ကပ် ကောင်း၊ မကောင်းကို အရင်ဆုံး စစ်ဆေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကင်ဆာဖြစ်နေတဲ့ ညာဘက်ကျောက်ကပ်ကို ခွဲစိတ်ထုတ်လိုက်တယ်ဆိုရင် ဘယ်ဘက်ကျောက်ကပ်ကောင်းနေပါက ကျောက်ကပ်တစ်ခုတည်းနဲ့ အသက်ရှင်ပါတယ်။
တချို့ကျောက်ကပ်ကင်ဆာက မျိုးရိုးလိုက်ပြီး ဖြစ်တတ်တာကြောင့် ကိုယ့်ရဲ့မိဘဆွေမျိုးတွေထဲမှာ ကျောက်ကပ်ကင်ဆာ ဖြစ်ဖူးသူရှိတယ်ဆိုရင် ကိုယ့်ဆီမှာလည်း ရှိ၊ မရှိ သိရှိနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေကို ကြိုတင်ပြုလုပ်ထား သင့်ပါတယ်။ အာထရာဆောင်း ပုံမှန်ရိုက်ကြည့်နိုင်တယ်ဆိုရင်တောင် ကျောက်ကပ်မှာ အလုံးရှိလား၊ မရှိလားသိရှိနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာကလည်း အကြာကြီးရှိနေမယ်ဆိုရင် မကောင်းပါဘူး။ လိုအပ်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကျောက်ခြေတာ၊ ခွဲစိတ်ဖယ်ရှားတာတွေ ပြုလုပ်ထားသင့်ပါတယ်။ နောက်ပြီး ဓာတုပစ္စည်းစက်ရုံ၊ ရော်ဘာစက်ရုံ၊ ဘိလပ်မြေစက်ရုံ စတာတွေမှာ အလုပ်လုပ်သူတွေအနေနဲ့ ကျောက်ကပ်ကို ပုံမှန်စစ်ဆေးမှုတွေ ပုံမှန်လုပ်သင့်ပါတယ်။
Credit: ပါမောက္ခဒေါက်တာစိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ)
Dr. KPZY