သတိထားပါ တိုက်ဖတ်(Typhus)ရောဂါ
19-Nov-2017တိုက်ဖွိုက်ရောဂါ (Typhoid) အခေါ် အူူရောင်ငန်းဖျားရောဂါဆိုလျှင် လူတော်တော်များများက သိကြသည်။ သို့သော် နာမည်ဆင်တူသော တိုက်ဖတ်(Typhus) ရောဂါဆိုလျှင် ဝေဝေဝါးဝါးဖြစ်သွားကြသည်။ အမှန်စင်စစ် Typhus ရောဂါသည် အဖြစ်များသော ရောဂါဖြစ်ပြီး လူအများစုကြားတွင် တစ်ခါမဟုတ် တစ်ခါဆိုသလို တွေ့ရတတ်သည့်ရောဂါတစ်မျိုးဖြစ်သည်။
ဘယ်လိုကူးစက်သလဲ
တိုက်ဖတ်ရောဂါသည် ဗက်တီးရီးယားအနွယ်ဝင် ရစ်ကတ်စီးယားပိုးတစ်မျိုး (Orientia tsutsugamushi) ကြောင့်ဖြစ်ပြီး တိရစ္ဆာန်မှတစ်ဆင့်ကူးစက်သောရောဂါတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်အဖြစ်များသော Scrub Typhus ရောဂါမှာ မွှားသားလောင်းကိုက်ရာမှတစ်ဆင့်ကူးစက်ခြင်းဖြစ်သည်။ အထူးသဖြင့် လူနေအိမ်ခြေများတွင်ရှိသော ကြွက်ကြီးများသည် ရောဂါပိုးမွှားများကို သယ်ဆောင်သူတွေဖြစ်တတ်သည်။ ကြွက်ကြီးများမှတိုက်ရိုက်ကူးစက် ခြင်းမဟုတ်ပဲ ကြွက်များပေါ်မှ မွှားကောင်လေးများ တစ်နည်းအားဖြင့် Trombiculid Mite အမည်ရှိ မွှားကောင်များ (Chigger) အကိုက်ခံရာမှတစ်ဆင့် ပိုးဝင်ကူးစက်ခြင်းဖြစ်သည်။
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ဝင်ရောက်ပြီးနောက် ရ ရက်မှ ၂၁ ရက်ကြာအတွင်း ရောဂါလက္ခဏာများပေါ်လာတတ် သည်။ အများအားဖြင့် သာမာန်ဖျားနာဖြစ်သော ရုတ်တရက် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခြင်း၊ ချမ်းတုန်ခြင်း၊ အော့အန်ခြင်း၊ အကျိတ်တွေကြီးခြင်းကဲ့သို့ဖြစ်ပြီး သုံးပတ်ကျော်အထိကြာတတ်သည်။ ရောဂါစဖြစ်ပြီး ၅ - ရ ရက်အတွင်း ကိုယ်လုံး၊ မျက်နှာ၊ ခြေလက်များတွင် အနီရောင်အကွက်များပေါ်လာတတ် ပြီး ၂ ပတ်အကြာတွင် ပျောက်သွားတတ်သည်။ တိုက်ဖတ်ရောဂါသည် မွှားကောင်ကိုက်ခံရရာမှ ကူးစက်ခံရသော ရောဂါဖြစ်သည့် အားလျော်စွာ အများစုတွင် မွှားကိုက်ဒဏ်ရာခေါ် Eschar ရှိနေတတ်သည်။ အနာကို ယားသဖြင့် ကုတ်မိရာမှ ပိုးဝင်ရောင်ယမ်းခြင်းဖြစ်တတ်ပြီး အကိုက်ခံရသောနေရာသည် နီနေပြီး အလယ်တွင် မည်းနေသောအနာ ရှိတတ်သည်။ ရောဂါ၏ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများမှာ နှလုံးရောင်ယမ်းခြင်း၊ အဆုတ်ထိခိုက်ပျက်စီးခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးယိုစီးခြင်းများဖြစ်တတ်သည်။ ကိုယ်ခံအားနည်းသူများနှင့် အခြားရောဂါအခံရှိသူများဆိုလျှင် အသက်ရှူလမ်းကြောင်းပျက်ခြင်း၊ အသည်းရောင်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ ဗိုက်အောင့်ခြင်းများပါ ဖြစ်ပေါ်လာတတ်သည်။
ဘယ်လိုစစ်ဆေးမလဲ
တိုက်ဖတ်ရောဂါကို အတိအကျအတည်ပြုသတ်မှတ်နိုင်ရန် သွေးစစ်ဆေးခြင်း၊ မော်လီကျူးနည်းပည်ဖြင့် ပိုးရှာဖွေဖော်ထုတ်ခြင်းများလုပ်နိုင်သည်။ အခြားဖျားနာသော အကြောင်းရင်းမရှိပဲ ရက်ရှည်ဖျားနာနေပါက ရင်ဘတ်ပိုင်း၊ ကိုယ်ပိုင်း၊ ချိုင်းနေရာ၊ ပေါင်ခြံတို့တွင် မွှားကိုက်ဒဏ်ရာ သို့မဟုတ် Eschar ခေါ်အနာငယ်ကိုရှာဖွေသင့်ပြီး တိုက်ဖတ်ရောဂါကို သံသယဝင်သင့်သည်။
ကုသနည်း
တိုက်ဖတ်ရောဂါကို ပဋိဇီဝဆေးဖြင့်ဆေးပတ်လည်အောင် သောက်ခြင်းဖြင့် ထိရောက်စွာကုသနိုင်သည်။ Doxycycline, Tetracycline, Azithromycin, Rifampicin, Chloramphenicol ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လူနာအသက်အရွယ်၊ ကျားမ စသည့် လူနာအခြေအနေအလိုက် ကုသပေးနိုင်သည်။
ကာကွယ်နည်း
အရေးအကြီးဆုံးမှာ ရောဂါမဖြစ်ခင် ကာကွယ်နည်းဖြစ်သည်။ ဥပမာ-
- မွှားကောင်များမရှိစေရန် မြေကြွက်များ၊ လယ်ကြွက်များမရှိစေရန် ကြွက်နှိမ်နင်းရေးလုပ်ဆောင်ခြင်း၊
- မွှားကောင်အများအပြားရှိသောနေရာများကို အင်းဆက်သတ်ဆေးများဖြင့် မွှားနှိမ်နင်းရေးလုပ်ဆောင်ခြင်း၊
- အဝတ်ထူထူဝတ်ဆင်ခြင်း၊ လိမ်းဆေးများလိမ်းခြင်း၊ ခြုံနွယ်ထူထပ်သောနေရာများ ရှောင်ခြင်း၊ ခြံုများ၊ အမှိုက်များကို တတ်နိုင်သလောက်ရှင်းလင်းခြင်း၊ အင်းဆက်ပိုးသတ်ဆေးဖြင့် ဖြန်းခြင်းများလုပ်ဆောင်ခြင်း၊
- မွှားကောင်အကိုက်ခံရပါက လက်ဖြင့်မပွတ်ပဲ ထိုနေရာကို ဆပ်ပြာမြှုပ်များများဖြင့်တိုက်ကာ မွှားကိုဖယ်ရှားပါ။ ဖြစ်နိုင်ပါက ရေနွေးဖြင့်ဆေးကြောပါ။ အဝတ်အစားများချက်ချင်းလျှော်ဖွတ်ပါ။
- နာတာရှည်ရောဂါဖြစ်ပါက မွှားကိုက်အနာရှိမရှိရှာပြီး အနာရှိပါက ဆရာဝန်ထံအမြန်ဆုံးပြသပါ။
တိုက်ဖတ်ရောဂါသည် အသက်သေသည်အထိ ဖြစ်နိုင်ခြေနည်းသည်။ သို့သော်နာတာရှည်ဖျားသည်။ နာတာရှည်ဖျားခြင်းဖြင့် မိမိ အလုပ်အကိုင်ပျက်ကာ မိသားစုကို ၀န်ပိစေခြင်းအပြင် မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများပါဖြစ်လာနိုင်သဖြင့် သေသေချာချာကုသရန်လိုအပ်ပေသည်။ ထို့ကြောင့် ရောဂါမဖြစ်ခင်တည်းက တိုက်ဖတ်ရောဂါအကြောင်းသိရှိကာ မွှားသားလောင်းအကိုက်မခံရအောင် သတိထား ကာကွယ်သင့်ပါကြောင်း အသိပေးတင်ပြလိုပါသည်။
ဒေါက်တာကောင်း
Credit: မြတ်ထွဋ်ညွန့် (ဆေး-၂)
AROGYAM Health Magazine, Vol. 303, October, 2017