Print

သိုင်းရွိုက်ကင်ဆာရောဂါနှင့် ပတ်သက်ပြီး သိသင့်သောအချက် ၁၀

  19-Nov-2017
Preview Image


သိုင်းရွိုက်ဆိုတာဟာ လည်ပင်းအရှေ့မှာ ခြောက်စင်တာအရှည်နဲ့ ၂ ဒသမ ၅ စင်တီမီတာအကျယ်အရွယ် ပမာဏရှိတဲ့ လိပ်ပြာပုံသဏ္ဍာန်ဂလင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အရေးကြီးလုပ်ငန်းတွေကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ပေးပြီး အဲဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နဲ့ စိတ်ခံစားမှုတွေကို ပုံမှန်ုုဖြစ်အောင် ထိန်းချုပ်ပေးပါတယ်။ သို်င်းရွိုက်ကင်ဆာရောဂါဟာ ကမ္ဘာမှာအဖြစ်များလာတဲ့ ပြဿနာဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ရောဂါပါ။ လူငယ်အများစုဟာ နှစ်စဉ်ပုံမှန်စစ်ဆေးမှုခံယူရာမှ သိုင်းရွိုက်ကင်ဆာရောဂါရှိမှန်း သိရှိကြရတဲ့အတွက် သိုင်းရွိုက်ကင်ဆာရောဂါအကြောင်းကို သိထားဖို့လိုအပ်ပါတယ်။


၁။ သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကတော့

သိုင်းရွိုက်ကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို အခုထိမသိရှိကြသေးပေမယ့် ကင်ဆာဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတဲ့ အချက်တချို့ရှိပါတယ်။ လည်ပင်းတစ်ဝိုက် ဓာတ်ရောင်ခြည်ထိတာကြောင့် ကင်ဆာဆဲလ်တွေ ပွားသွားနိုင်ပါတယ်။ နျူကလီးယားလက်နက်စမ်းသပ်တာ၊ နျူကလီးယားဓာတ်ပေါင်းဖိုယိုစိမ့်တာ၊ အိုင်အိုဒင်းစားသုံးမှုနည်းတာ၊ မိသားစုရာဇဝင်ရှိတာနဲ့ မျိုးရိုးဗီဇ Gene ရှိတာတွေက သိုင်းရွိုက်ကင်ဆာဖြစ်တာနဲ့ ဆက်စပ်မှုရှိပါတယ်။


၂။ သိုင်းရွိုက်ကင်ဆာရောဂါရှိသူ သုံးယောက်မှာ နှစ်ယောက်က အသက် ၅၅ နှစ် အရွယ်အောက်တွေ ဖြစ်ကြပါတယ်

လူငယ်တွေမှာ ကင်ဆာဖြစ်နှုန်းဟာ နည်းပါးပေမယ့် သိုင်းရွိုက်ကင်ဆာရောဂါက အသက် ၅၅ နှစ်ထက်ငယ်သူတွေမှာ အဖြစ်များကြပါတယ်။ သိုင်းရွိုက်ကင်ဆာဟာ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး ၂၉ နှစ်နဲ့ ၃၉ နှစ်ကြား အမျိုးသမီးတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာပါ။


၃။ အမျိုးသမီးတွေမှာ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်

သိုင်းရွိုက်ကင်ဆာရောဂါရှိသူတွေရဲ့ ရ၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်နဲ့ မီးယပ်သွေးဆုံးပြီးနောက်ပိုင်း အချိန်တွေမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ခြေများတာနဲ့ ဆက်စပ်မှုရှိပါတယ်။


၄။ သိုင်းရွိုက်ကင်ဆာရောဂါ သတ်မှတ်ဖို့ အာထရာဆောင်းရိုက်ကြည့်ခိုင်းပါတယ်။ 

သိုင်းရွိုက်ကို အာထရာဆောင်းရိုက်ကြည့်တာကြောင့် ကင်ဆာကျိတ်ရဲ့ အနေအထားနဲ့ အရွယ်အစားကို သိရှိနိုင်ပါတယ်။ ကင်ဆာကျိတ်ကိုတွေ့ရှိတာနဲ့ အသားစစစ်ဆေးနိုင်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။


၅။ သိုင်းရွိုက်ကင်ဆာ အမျိုးအစားတစ်မျိုးထက်ပိုများပါတယ်။

သိုင်းရွိုက်ကင်ဆာအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ Papillary အမျိုးအစားဖြစ်ပါတယ်။ အားအပျော့ဆုံး အမျိုးအစားပါ။ ကင်ဆာဆဲလ်တွေ ကြီးထွားနှုန်းနှေးကွေးပြီး များသောအားဖြင့် သိုင်းရွိုက်အကျိတ်တစ်ဖက်မှာသာ ဖြစ်တတ်ပါတယ်။ Papillary ကင်ဆာအမျိုးအစားများစွာရှိတဲ့အထဲက Papillary Folicular ကင်ဆာအမျိုးအစားဟာ သိုင်းရွိုက်ကင်ဆာ ရောဂါရှိသူ ၂၅ ရာခိုင်နှုန်းမှာ တွေ့ရတတ်ပါတယ်။ ပိုပြီး ပြင်းထန်တဲ့အမျိုးအစားဖြစ်ပြီး Lymph Node ကို ပျံ့နှံ့နှုန်းလည်း ပိုမြင့်မားပါတယ်။ ရောဂါကို စောစောစီးစီး တွေ့ရှိခဲ့ရင် ကုသပျောက်ကင်းနှုန်း ပိုကောင်းမွန်နိုင်ပါတယ်။


၆။ ခွဲစိတ်ကုသမှုခံယူတာက သိုင်းရွိုက်ကင်ဆာရောဂါရှိသူတွေအတွက် ရှေးဦးကုသမှုပါ

ခွဲစိတ်ကုသမှုခံယူတာက သိုင်းရွိုက်ကင်ဆာရှိသူတွေ ပထမအဆင့်မှာ အသုံးများတဲ့ ကုသမှုပါ။


၇။ ရောဂါလက္ခဏာတွေ မထင်မရှားဖြစ်ပါတယ်။ 

သိုင်းရွိုက်ကင်ဆာဖြစ်သူအများစုမှာ ဘာလက္ခဏာမှ မခံစားရတတ်ကြပါဘူး။ လည်ပင်းနေရာမှာ အကျိတ်ဖြစ်နေတာ ဒါမှမဟုတ် တင်းတင်းလေးဖြစ်နေတာလောက်သာ ကြုံတွေ့ရတတ်ပါတယ်။ အသံဝင်နေတာနဲ့ အစာမျိုချရခဲယဉ်းတာတွေကလည်း သိုင်းရွိုက်ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။


၈။ ပိုမိုပြင်းထန်တဲ့ ရှားပါးသိုင်းရွိုက်ကင်ဆာ အမျိုးအစားလည်းရှိပါတယ်။

ပျံ့နှံ့မှုနှုန်း မြန်ဆန်တဲ့ သိုင်းရွိုက်ကင်ဆာ အမျိုးအစားဟာ ရောဂါရှိသူ နှစ်ရာခိုင်နှုန်းမှာ ဖြစ်ပွားတတ်ပါတယ်။ Papillary ဒါမှမဟုတ် Follicular အမျိုးအစားကနေ ခွဲထွက်လာတာဖြစ်ပြီး လည်ပင်းနဲ့ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို မြန်ဆန်စွာ ပျံ့နှံ့သွားလေ့ရှိပါတယ်။ အလွန်ရှားပါးပြီး ကုသရခက်ခဲတတ်ပါတယ်။

၉။ အဖြစ်များတဲ့ သိုင်းရွိုက်ကင်ဆာ အမျိုးအစားတွေလည်း ရှိပါတယ်။

ဒုတိယအဖြစ်အများဆုံး သိုင်းရွိုက်ကင်ဆာက Folliceular ဖြစ်ပြီး သိုင်းရွိုက်ကင်ဆာရောဂါဖြစ်သူ ၁၀ ယောက်မှာ တစ်ယောက်နှုန်းတွေ့ရှိရတတ်ပါတယ်။ အစားအစာထဲက အိုင်အိုဒင်းရရှိမှုနည်းတဲ့ တိုင်းပြည်တွေမှာ နေထိုင်သူတွေမှာ အဖြစ်များပါတယ်။ ပြင်းထန်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ တခြားနေရာ (များသောအားဖြင့် အရိုးနဲ့အဆုတ်) တွေ အထိ ပျံ့နှံ့နိုင်ပါတယ်။ တတိယအဖြစ်အများဆုံး သိုင်းရွိုက်ကင်ဆာက Medullary အမျိုးအစားဖြစ်ပြီး ရောဂါဖြစ်သူလေးရာခိုင်နှုန်းမှာ တွေ့ရှိရတတ်ပါတယ်။ ဒီကင်ဆာအမျိုးအစားက C ဆဲလ်တွေမှာ ကြီးထွားတတ်ပြီး ရောဂါကို စောစောသိပြီး ကုသမှုခံယူရင် ပျောက်ကင်းနှုန်း မြင့်မားပါတယ်။


၁၀။ သိုင်းရွိုက်ကို ခွဲစိတ်ထုတ်ပစ်ပြီးနောက်ပိုင်း ဘဝတစ်သက်တာလုံး ဆေးဝါးမှီဝဲရပါမယ်။ 

သိုင်းရွိုက်ကင်ဆာရောဂါရှိသူတစ်ယောက်က သိုင်းရွိုက်ကို ခွဲစိတ်ဖယ်ရှားပြီးနောက်ပိုင်း သိုင်းရွိုက်ဟော်မုန်းပုံမှန်ရရှိဖို့ အတွက် ဘဝတစ်သက်တာလုံး ဆေးဝါးမှီဝဲရပါတယ်။ ဟော်မုန်းမှီဝဲနေတာကြောင့် TSH အဆင့်တွေ လျော့နည်းသွားပြီး ကိုယ်တွင်းကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုလည်း ရပ်တန့်သွားစေနိုင်ပါတယ်။


Credit: ဒေါက်တာခင်မိုးမိုး

ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18