ဆီးချိုလားသွေးချိုလား ဆီးချိုသွေးချိုလား
04-Apr-2018ယနေ့ကာလတွင် အများစုလက်ခံထားသော အဓိပ္ပာယ်သတ်မှတ်ချက်အရ “ဆီးချိုသွေးချို ရောဂါဆိုသည်မှာ သွေးအတွင်း အချိုဓာတ်များ ကာလတာရှည်စွာ တစ်စိုက်မတ်မတ် များပြားနေခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေး” ဟု ဆိုလိုပါသည်။ ယခင် ဆယ်စုနှစ်များက ဤရောဂါကို Benedict Solution ခေါ် ဆေးရည်ဖြင့် လူနာ၏ ဆီးကို ရော၍ပေးပြီး မူလအပြာရောင်မှ ဆီးအတွင်း ပါဝင်သည့် ဂလူးကို့စ်ဓာတ် အနည်းအများ ပမာဏအပေါ် မူတည်ကာ အစိမ်းနုရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အုတ်ခဲကျိုးအနီရောင် စသည်ဖြင့် အရောင်အဆင့်ဆင့်သို့ ပြောင်းလဲခြင်းကို အသုံးပြု၍ ရောဂါသတ်မှတ်ခဲ့ကြပါသည်။ ရောဂါကို ပိုမိုတိတိကျကျ သတ်မှတ်နိုင်ရန် သွေးပြန်ကြောမှ သွေးကို ထုတ်ယူပြီး ဓာတ်ခွဲခန်းတွင်း စမ်းသပ်ကာ သွေးချိုဓာတ်ပမာဏကို တိုင်းထွာစစ်ဆေးပြီး ရောဂါသတ်မှတ်ခဲ့ကြပါသည်။
ယခုအခါ သွေးပြန်ကြောမှ သွေးထုတ်ယူကာ ဂလူးကို့စ်ဓာတ်တိုင်းတာခြင်းသည် စံထားတိုင်းတာခြင်းအနေဖြင့် လက်ခံဆဲဖြစ်သည့်အပြင် ဂလူကိုမီတာခေါ် သွေးချိုဓာတ်တိုင်း ကိရိယာကလေးများဖြင့် လက်ထိပ်မှ သွေးဖောက်ပြီး သွေးချိုဓာတ်တိုင်းတာခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု၍ ရောဂါသတ်မှတ်လာကြပါသည်။ နောက်ဆုံးအနေဖြင့် သွေးအတွင်းရှိ သွေးနီဥများမှ သွေးရောင်ခြယ်ဓာတ်တွင် တွဲ၍ ရှိနေသော ဂလူးကို့စ်ဓာတ်ပါဝင်မှု ရာခိုင်နှုန်းကို တိုင်းထွာခြင်းဖြင့်လည်း ရောဂါသတ်မှတ်လာကြပါသည်။
လူနာများအနေဖြင့် ဆေးခန်းသို့မလာမီ အစာရှောင်ခြင်း၊ သွေးချိုထိန်း သောက်ဆေးများ သောက်လာခြင်း နည်းလမ်းများဖြင့် သွေးအတွင်းသကြားဓာတ်ကို မများအောင် ပြုလုပ်လာတတ်ကြသဖြင့် ဆေးခန်းခြောက်မှ ဂလူကိုမီတာဖြင့် တိုင်းတာသောသွေးချိုဓာတ်များသည် လူနာ၏ ရောဂါအခြေအနေမှန်ကို တစ်ခါတစ်ရံ မပြဘဲ ဖြစ်နေတတ်ပါသည်။ HbA1C ခေါ် သွေးနီဥအတွင်းရှိ သွေးရောင်ခြယ်ဓာတ် (Haemoglobin) တွင်တွဲလျက်ရှိသော ဂလူးကို့စ် ပမာဏကို တိုင်းတာခြင်းကမူ သွေးနီဥ၏ သက်တမ်းရက်ပေါင်း (၁၂၀) အတွင်း သွေးတွင်ရှိသော ပျှမ်းမျှဂလူးကို့စ်ဓာတ်ကို ပိုမိုမှန်ကန်စွာ ပြနိုင်ခြင်းကြောင့် HbA1C ကို အသုံးပြု၍ ရောဂါသတ်မှတ်ခြင်းကိုလည်း လက်ခံလာကြခြင်းဖြစ်ပါသည်။
လူတစ်ဦးသည် ဆီးချိုသွေးချိုရောဂါရှိသည်ဟု သတ်မှတ်ရန်မှာ -
- Fasting Blood Glucose (FBG) (ညအိပ်ချိန်မှ မနက် သွေးချိုတိုင်းကြည့်ချိန်အထိ အစာမစားဘဲ သွေးချိုတိုင်းတာခြင်း) 126mg/dl နှင့် အထက်ရှိသော်လည်းကောင်း၊
- 2 hour post prandial Blood Glucose (2hPPBG) (ညအိပ်ချိန်မှ မနက် သွေးချိုတိုင်းကြည့်ချိန်အထိ အစာမစားဘဲ FBG တိုင်းကြည့်ပြီးနောက် ဂလူးကို့စ် ၇၅ ဂရမ်ကို ရေဖြင့် ဖျော်တိုက်ပြီး (၂) နာရီအကြာတွင် တိုင်းကြည့်သော ဆီးချိူဓာတ်) 200 mg/dl နှင့် အထက်ရှိလျှင်သော်လည်းကောင်း ဆီးချိုသွေးချိုရောဂါဟု သတ်မှတ်နိုင်ပါသည်။ ဤ 2hPPBG ကိုပင် ဆရာဝန်များက လူနာများ အစာစားပြီး ၂ နာရီအကြာတွင် အလွယ်တကူ သွေးချိုဓာတ်တိုင်းကြည့်ကာ၊ 200 mg/dl နှင့်အထက်ရှိလျှင် ဆီးချိုသွေးချိုရောဂါဟု သတ်မှတ်နေကြပါသည်။
- Random Blood Glucose (RBG) တစ်နေ့တာကာလ၏ မည်သည့်အချိန်တွင်းဖြစ်စေ၊ နောက်ဆုံးအစာစားခဲ့သည့်အချိန် မည်မျှကြာမြင့်ခဲ့သည်ဖြစ်စေ၊ ကြုံကြိုက်သည့်အချိန်တွင် သွေးချိုဓာတ်ဖောက်ကြည့်လျှင် 200 mg/dl နှင့်အထက်ရှိလျှင် ဆီးချိုသွေးချိုရောဂါရှိသည်ဟု သတ်မှတ်နိုင်ပါသည်။
- HbA1C ခေါ် သွေးနီဥတွင်း သွေးရောင်ခြယ်ဓာတ်ရှိ သွေးချိုဓာတ်ပမာဏ 6.3% ထက်များနေလျှင်လည်း ဆီးချိုသွေးချိုရောဂါရှိသည်ဟု သတ်မှတ်နိုင်ပါသည်။
သတိပြုရန် အချက်တစ်ချက်မှာ ဆီးချိုသွေးချိုရောဂါ၏ ရောဂါလက္ခဏာဖြစ်သော ဆီးများခြင်း၊ ရေငတ်ခြင်း၊ ရေသောက်များခြင်း စသည့်လက္ခဏာများ ရှိနေသူတစ်ဦးတွင် သွေးချိုဓာတ်များနေခြင်းကို တစ်ကြိမ်တွေ့ရှိသည်နှင့် ဆီးချိုသွေးချိုရောဂါရှိသည်ဟု သတ်မှတ်ကာ ကုသမှုကို စတင်နိုင်ပါသည်။ သို့ရာတွင် ဆီးချိုသွေးချိုရောဂါ၏ ရောဂါလက္ခဏာများ မရှိသောသူများတွင်မူ သွေးချိုဓာတ် တစ်ကြိမ်များနေရုံဖြင့် ဆီးချိုသွေးချိုရောဂါဟု သတ်မှတ်ကာ စတင်ကုသမှုပေးရန် မသင့်တော်ပါ။ ၂၄ နာရီမှ ၄၈ နာရီအတွင်း နောက်ထပ်တစ်ကြိမ် သွေးချိုထပ်ဖောက်ကာ များနေမှ ဆီးချိုသွေးချိုရောဂါရှိသည်ဟု သတ်မှတ်ကာ ကုသမှုကို စတင်နိုင်ပါသည်။
ယနေ့ကာလ ဆီးချိုသွေးချိုရောဂါဟု ခေါ်နေသော ရောဂါ၏ အခေါ်အဝေါ်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှင်းလင်းစေရန်နှင့် ဆီးချိုသွေးချိုရောဂါ၏ သမိုင်းအကြောင်းအကျဉ်းကို တင်ပြကာ ယနေ့ကာလ လက်ခံထားသော ရောဂါသတ်မှတ်ချက် (Diagnosis) အကြောင်း တင်ပြလို၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
Credit: ပါမောက္ခဦးတင့်ဆွေလတ်
(ဆီးချို သွေးချို အထူးကုဆရာဝန်ကြီး)