ဝမ်းချုပ်ခြင်းနှင့် ဝမ်းနှုတ်ဆေးများအကြောင်း
27-Jul-2019ဝမ်းချုပ်နေခြင်းကို ဝမ်းနှုတ်ဆေး (သို့) ဝမ်းသွားစေတတ်သော ဆေးများကို ပုံမှန်သုံးစွဲသူများတွင် အူလမ်းကြောင်းသည် ပုံမှန်အတိုင်း မလှုပ်နိုင်မရှားနိုင် ဖြစ်သွားသောကြောင့် ဝမ်းချူရန် လိုအပ်လာသည်။ ဝမ်းချုပ်ခြင်းကို အများအားဖြင့် လူငယ်ပိုင်းတွင် တွေ့ရှိလာရသည်။ သို့မဟုတ် အလုပ်လုပ်နေသော မျိုးဆက်သစ်များ အထူးသဖြင့် အမျိုးသမီးများတွင် တွေ့ရသည်။ နေ့စဉ်ဘဝတွင် ရုန်းကန်လှုပ်ရှား နေရသောကြောင့် သော်လည်းကောင်း၊ အများသုံးအိမ်သာများကို ကျန်းမာရေးနှင့် မညီညွတ်ဟု ထင်မြင်ယူဆ၍ သော်လည်းကောင်း ဝမ်းသွားရန် ငြင်းဆန်နေကြသည်။
ဤအကြောင်းများက ဝမ်းချုပ်ခြင်းကို ပံ့ပိုးပေးသည်။ ထို့အပြင် ဝမ်းနှုတ်ဆေး (သို့မဟုတ်) ဝမ်းသွားစေတတ်သော ဆေးများသည် ဝမ်းချုပ်ခြင်းကို သက်သာစေ၍ ကိုယ်အလေးချိန်ကို လျှော့ချရန်အတွက်လည်း အသုံးပြုကြပါသည်။ စင်စစ်အားဖြင့် ဝမ်းချုပ်ရခြင်း အဓိကအကြောင်းရင်းမှာ သုံးခုဖြစ်ပါသည်။ အူမကြီးလှုပ်ရှားမှုအားနည်းခြင်း၊ စအိုဝကိုဝန်းရံထားသော (Anal sphincter) ကြွက်သားခိုင်မာမှု မမှန်ခြင်းနှင့် Irritable Bowel Syndrome (IBS) တို့ ဖြစ်ပါသည်။ အူမကြီး လှုပ်ရှားမှု အားနည်းခြင်းကြောင့် ဝမ်းချုပ်သောသူများတွင် အူမကြီးသည် လှုပ်ရှားမှုအနည်းငယ်သာရှိပြီး (သို့) ရက်အနည်းငယ်မျှ လုံးဝလှုပ်ရှားမှု မရှိခြင်း ဖြစ်ကြသည်။ Irritable Bowel Syndrome (IBS) ကြောင့် ဝမ်းချုပ်မှုသည် အကြောင်းရင်းကို မသိရသည့် ရောဂါအစုအဝေးတွင် ပါဝင်သည်။ ယခုအခါတွင် Methane ဓာတ်ငွေ့ကို ထုတ်လုပ်သောအူလမ်းကြောင်း Bacteria ပိုးကြောင့်ဖြစ်သည်ကို တွေ့ရှိလာကြသည်။ ယင်း Methane ဓာတ်ငွေ့သည် အူလမ်းကြောင်းလှုပ်ရှားမှုကို အားနည်းစေ၍ ဝမ်းချုပ်စေသည်။
Anal Sphincter ပုံမှန် အလုပ်မလုပ်ခြင်းကြောင့် ဝမ်းချုပ်သောလူနာများမှာ ဝမ်းသွားရန် အားထုတ်ရသည့် အပြင် ဝမ်းသွားပြီးလျှင်လည်း ပြည့်စုံသွားသည်ဟု မထင်မှတ်ပေ။ အချို့မှာ ကြွင်းကျန်နေသေးသည်ဟု ယူဆ၍ စအိုဝမှ အတွင်းသို့ အရည်များလောင်းထည့်ခြင်း (ဝမ်းချူခြင်း) သို့မဟုတ် လက်ဖြင့်ပင် ထုတ်ရန် ကြိုးပမ်းကြသည်။ အချို့မှာမူ ဝမ်းနှုတ်ဆေးများကို သုံးစွဲကြသည်။
ဝမ်းနှုတ်ဆေးများကမူ အူမကြီးလှုပ်ရှားမှု သွက်လက်စေသဖြင့် အချိန်ကာလကြာရှည်စွာ သုံးစွဲပါက ယင်းအူသိမ်အူမကြွက်သားများကို အားနည်းစေသည်။ ထိုအခါ ဝမ်းနှုတ်ဆေး၏ ပမာဏကိုလည်း တိုးမြင့်သုံးစွဲကြရသည်။ ဝမ်းချုပ်ခြင်းကို မှားယွင်းစွာ ကုသနေမှုများမှာ မလိုလားအပ်သော သက်ရောက်မှုများကို ဖြစ်စေနိုင်သည်။
ဥပမာ - အူလမ်းကြောင်းအတွင်းသို့ ရေ၊ အရည်ထည့်၍ ဝမ်းချူသောကြောင့် အူလမ်းကြောင်း ပေါက်ခြင်း (Perforation) သို့မဟုတ် အူမကြီးနှင့် စအိုလမ်းကြောင်းတွင် ရောဂါပိုးဖြစ်ခြင်း အချို့ဝမ်းနှုတ်ဆေးများကြောင့် အူသိမ်၊ အူမ မလှုပ်ရှားနိုင်ခြင်း (သို့) ပြင်းထန်၍ ကြာမြင့်စွာ ဝမ်းသွားရန် အားထုတ်မှုကြောင့် လိပ်ခေါင်း (Haemorrhoid) ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။
အခြား ဝမ်းချုပ်စေနိုင်သော အကြောင်းရင်းများမှာ စားသောက်သော အစားအစာများတွင် အမျှင်ပါသောအစာ လုံလောက်စွာ မပါဝင်ခြင်း၊ ရေသောက်မှု မလုံလောက်ခြင်း၊ လုံလောက်သော လှုပ်ရှားမှု (သို့) လေ့ကျင့်ခန်း မရှိခြင်း (သို့) မလှုပ်မရှားနေထိုင်ခြင်း၊ အချို့ဆေးနှင့် vitamins တို့သည် အူလမ်းကြောင်း၏ လှုပ်ရှားမှုကို လျော့ကျစေသည်။ အချို့ရောဂါများ ဥပမာ - Thyroid ရောဂါနှင့် အူလမ်းကြောင်းကင်ဆာ အစရှိသည်တို့ကြောင့် ဝမ်းချုပ်နိုင်သည်။
ဝမ်းချုပ်နေမှုကို ထိရောက်စွာကုသနိုင်ရန် ယင်းဝမ်းချုပ်ရခြင်းအကြောင်းကို သိရှိရန် လိုအပ်ပါသည်။ ယင်းကို ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ကိရိယာများကို အသုံးပြု၍ ဆောင်ရွက်နိုင်ပါသည်။ သာမန်အားဖြင့် အူမကြီးကင်ဆာ (သို့) ပိတ်ဆို့မှု တစ်စုံတစ်ရာကို သံသယ ရှိနေလျက် အူလမ်းကြောင်းအတွင်းသို့ ကြည့်ရှုရန် ကိရိယာကိုထည့်၍ စစ်ဆေးမှာဖြစ်ပါသည်။ (Endoscopy) သို့သော် အချိန်ကာလကြာမြင့်စွာ ဝမ်းချုပ်တတ်သော လူနာများတွင် မည်သည့် အကြောင်းရင်းမျှ Endoscopy ဖြင့် မသိရှိရပေ။ ဝမ်းနှုတ်ဆေးကို ဆေးညွှန်းပေး၍ ကျန်းမာရေးဆိုင်ရာ နေထိုင်စားသောက်မှုများကို အကြံပြုရပါမည်။ ယခုအခါတွင် တိကျ၍ ထိရောက်သော အကြောင်းရင်းများကို ရှာဖွေနိုင်သော နည်းပညာများ ဖွံ့ဖြိုးလာပါပြီ။ တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုခံရသော အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်း (ULCA) မှ အချိန်ကာလကြာရှည်စွာ ဝမ်းချုပ်နေသူများအတွက် အရေးပါသော အလုံးစုံပြည့်စုံသည့်အတွက် စောင့်ရှောက်မှု စနစ်တစ်ခုကို ရှာတွေ့နိုင်ခဲ့ပါသည်။
ယင်းတို့မှာမူ ပုံမှန် မဟုတ်သော ဝမ်းသွားခြင်းစနစ်ကို အဖြေရှာရာမှာ Anorectal Monometry , Colonic Transit Time Test နှင့် Hydrogen Breath Test တို့သည် ရှေ့က ဖော်ပြခဲ့သည့်အတိုင်း ဝမ်းချုပ်ခြင်းကို အုပ်စုသုံးခု ခွဲ၍ မှတ်တမ်းတင်နိုင်သည်။ Anal sphincter မူမမှန်ဖြစ်ခြင်း၊ အူမကြီးလှုပ်ရှားမှုမရှိခြင်းနှင့် အူလမ်းကြောင်းတွင် Bacteria ပိုးများ လွန်ကဲစွာရှိနေခြင်းကြောင့် Methane ဓာတ်ငွေ့ကိုထုတ်လုပ်ရာ ယင်းဓာတ်ငွေ့သည် ဝမ်းချုပ်ခြင်းနှင့် အစာမကြေခြင်းတို့ ဖြစ်စေသည်။ ရောဂါလက္ခဏာများ၏ အကြောင်းရင်းကို တိကျစွာ သိရှိရသောအခါ ထိရောက်သော ကုသမှုကို ပေးနိုင်ပါသည်။
ဥပမာ - စအိုကြွက်သားစိုင်ကို လေ့ကျင့်မှုလုပ်စေခြင်း ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ ရောက်သည်။ Methane ထုတ်လုပ်သော အူလမ်းကြောင်း Bacteria ပိုးများကို သုတ်သင်ရန် ပဋိဇီဝဆေး (Antibiotic) ပေးခြင်း။ ဤသို့အားဖြင့် ဝမ်းချုပ်သည့် ဝေဒနာခံစားနေရသော လူနာများ၏ ဘဝအရည်အသွေးကို ပိုမိုတိုးတက်လာစေ၍ ဝမ်းနှုတ်ဆေး မှီဝဲနေမှုကို လျှော့ချ၍ ထပ်တိုးရောဂါများ မဖြစ်ရန်ကိုလည်း ကာကွယ်ပါသည်။
အထူးကုသမားတော်ကြီးများက အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းအတွက်ကို တူညီသောမှတ်ချက်ကိုသာပေးလိုပါသည်။ အဓိကအားဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်ဖြစ်ပါသည်။ ယင်းတို့မှာ အမျှင်များစွာပါဝင်သော အစာများကို စားရန်( ဥပမာ - ဆီးသီးခြောက်)
လုံလောက်စွာ
ရေသောက်ခြင်း၊
လေ့ကျင့်ခန်း (Anal
sphincter နှင့်
အူလမ်းကြောင်းကြွက်သားများ၏
ကျုံ့ခြင်းစွမ်းအားကို
တိုးတက်စေရန်) နှင့် ပုံမှန်ဝမ်းသွားရန် လေ့ကျင့်ခြင်းမှာ အရေးကြီးဆုံးဖြစ်ပါသည်။ ဝမ်းသွားနေစဉ် စာဖတ်ခြင်းနှင့် အခြားလှုပ်ရှားမှုများကို ရှောင်ကြဉ်သင့်သည်။ ဝမ်းနှုတ်ဆေးသုံးစွဲခြင်းသည် နောက်ဆုံးရွေးချယ်မှု ဖြစ်သင့်သည်။ အမှန်တကယ် သုံးသင့်လျှင်လည်း အချိန်ကာလကြာမြင့်စွာ မသုံးစွဲသင့်ပါ။ ဤကဲ့သို့သော လေ့ကျင့်မှုကောင်းများဖြင့် ပြုမူနေထိုင်စားသောက်ပါက (ဝမ်းနှုတ်ဆေး၏ ပံ့ပိုးမှု မပါဝင်ဘဲ ) ဝမ်းသွားခြင်းမှာလည်း လွယ်ကူသောကိစ္စဖြစ်သွားပါလိမ့်မည်။
Credit :
ကေတီမြင့်