Print

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမည်ဆိုလျှင်

  24-Feb-2017
Preview Image

မြန်မာလူမှုပတ်ဝန်းကျင်မှာ လိင်ဆက်ဆံရေး အကြောင်း ပွင့်လင်းမြင်သာမှုနည်းလွန်းတာကြောင့် သိသင့်သိထိုက်တာကို မသိဘဲ လုပ်ဆောင်မှုတွေကြောင့် ဘဝပျက်၊ အတိဒုက္ခရောက်ရတဲ့ အဖြစ်အပျက်တွေ မြောက်မြားစွာရှိခဲ့ပါတယ်။ အိမ်ထောင်ရှင်ဘဝရောက်သည့်တိုင် အိမ်ထောင်ရှင်အမျိုးသမီး၊ အမျိုးသားတွေကိုယ်တိုင် ဘေးကင်းလုံခြုံတဲ့ လိင်ဆက်ဆံရေး ဆိုတာကို သေသေချာချာ မသိရှိကြပါဘူး။ ဒီတပတ်တော့အိမ်ထောင်ရှင်တွေ အားလုံးသိသင့်တဲ့ ကိုယ်ဝန် ဆောင်စဉ် ကာလလိင်ဆက်ဆံမည်ဆိုရင်ဘာတွေ ရှောင်ကြဉ်သင့်သလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံခြင်းက ဘေးကင်းမှုရှိရဲ့လား
ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးအများစုဟာ မွေးခါနီးလို့ ရေမွှာပေါက်တဲ့ အချိန်အထိ ဒါမှမဟုတ် မွေးခန်း ထဲဝင်တဲ့ အထိ ဆက်ပြီးတော့ လိင်ဆက်ဆံလို့ ရပါတယ်။ ကလေးကို ထိခိုက်မှုမဖြစ်စေပါဘူး။ ရေမွှာအိတ်နဲ့ သား အိမ်ရဲ့ သန်မာတဲ့ ကြွက်သားတွေက ကလေးကို ကာကွယ်ပေးထားပါတယ်။ သားအိမ်ခေါင်းကို ပိတ်ဆို့ထားတဲ့ ထူထဲတဲ့ အကျိ အချွဲ တွေကလည်း ရောဂါပိုးဝင်ရောက်မှုကို တားဆီးပေးပါတယ်။

 

ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ လိင်ဆက်ဆံမှုပြုတဲ့ အခါကိုယ့်ဘက်က ပြုပြင်ဖို့ ဒါမှမဟုတ်ရှောင်ရှားဖို့ လိုအပ်တဲ့ အခြေ အနေတချို့လည်း ရှိပါသေးတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံလို့ မဖြစ်တဲ့ အခြေအနေမျိုး ရှိနေတယ်။ ဖြစ် လာနိုင်မယ်ဆိုရင် သင့်ရဲ့ သားဖွားဆရာမ ဒါမှ မဟုတ် ဆရာဝန်က ပြောပြဖို့ တာဝန်ရှိပါတယ်။ ကိုယ့်ဘက်က မသေချာတာရှိရင်လည်း သူတို့ကို မေးရပါမယ်။

 

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံတာက ကွဲပြားတဲ့ခံစားမှု ရှိနိုင်မလား
ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံတာက ကွဲပြားတဲ့ ခံစားမှုရှိတယ်လို့ အမျိုးသမီး အများအပြားကဆိုပါတယ်။ တချို့က ပိုပြီး ပျော်ရွှင်ကျေနပ်စရာဖြစ်တယ်လို့ ပြောကြပေမယ့် တခြားအမျိုးသမီးတွေကတော့ သာယာမှုလျော့နည်းသွားတယ်လို့ ဆိုပါတယ်။ ဘာတွေဖြစ်သလဲ ဆိုတာကိုကြည့်ကြပါစို့။

 

တင်ပါးဆုံဝန်းကျင်ကို သွေးစီးဆင်းမှုတိုးလာတဲ့အတွက် လိင်အင်္ဂါမှာသွေးတွေပြည့်လာပါတယ်။ အတွေ့အထိ အာရုံခံစားမှု မြင့်တက်လာတာကြောင့် လိင်ဆက်ဆံစဉ်မှာ ပိုပြီးသာယာကျေနပ်မှု ဖြစ်စေပါလိမ့်မယ်။ လိင်အင်္ဂါ အတွင်းမှာ ပိုမိုစိုစွတ်မှု ဖြစ်စေပါလိမ့်မယ်။ ဒါက ကောင်းတဲ့ အချက်တွေပါ။

 

တဘက်မှာတော့ ဒီလိုခံစားချက် အပြောင်းအလဲတွေကို သင်ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ လိင်အင်္ဂါမှာ သွေးတွေပြည့်လာ တာကြောင့် မသက်မသာခံစားရတာတွေ ကြုံရကောင်း ကြုံရပါလိမ့်မယ်။ ဝမ်းဗိုက်ကြွက်သားတွေ အနည်းငယ်နာကျင် သလိုမျိုးလည်း ခံစားရနိုင်ပါတယ်။

 

သင့်ရဲ့ ရင်သားမှာစပ်ဖျဉ်းဖျဉ်းခံစားရတာ၊ ထိလိုက်ရင်နာကျင်တာ၊ ပုံမှန်မဟုတ်ဘဲ အထိအတွေ့မှာ အကဲဆတ်လွန်း နေတာ မျိုးတွေ ဖြစ်နိုင်ပါ တယ်။ အထူးသဖြင့် ကိုယ်ဝန် ပထမ ၃လပိုင်း အတွင်းမှာဖြစ်ပါတယ်။

 

သက်တောင့်သက်သာမရှိဘူးဆိုရင် သင့်ရဲ့ အမျိုးသားကိုပြောပြပါ။ ခါတိုင်းအတူလုပ်နေကျ ကိစ္စမျိုး ဖြစ်နေတယ် ဆိုရင်တောင်ပြောပြပါ။ စမ်းသပ်ခြင်း၊ ညှိနှိုင်းခြင်းအားဖြင့် ၂ယောက်လုံးအတွက် ပျော်ရွှင်ကျေနပ်ဖွယ်ရာ ဆက်ဆံမှုကို ရရှိမှာ ဖြစ်ပါတယ်။

 

လိင်ဆက်ဆံတာထက်ပိုတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေရှိနေတယ် ဆိုတာကိုလည်း သိထားပါ။ တကယ်လို့ သင်က လိင်ဆက်ဆံခြင်းကို ခံစားလို့ မရဘူးဆိုရင် ဒါမှမဟုတ် ဆရာဝန်ကတားမြစ်မယ်ဆိုရင် ပွေ့ဖက်ခြင်း၊ နမ်းခြင်းတွေနဲ့လည်း တယောက်ကို တယောက်ဂရု စိုက်ကြောင်းပြသလို့ ရပါတယ်။

 

ကိုယ်ဝန်ရှိတဲ့ အချိန်ကစလို့ လိင်ကိစ္စကို စိတ်မပါတော့ဘူး။ အဲဒါပုံမှန် ဟုတ်ရဲ့လား
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ လိင်စိတ်နဲ့ ပတ်သက်လို့ အမျိုးသမီး တဦးချင်းစီကိုလိုက်လို့ ကွဲပြားတဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ တချို့က ကိုယ်ဝန်ဆောင်စဉ်တလျှောက်မှာ လိင်စိတ်ဆန္ဒမြင့်တက်လာကြသလို တချို့ကတော့ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှု နည်းပါးသွားကြပါတယ်။ အမျိုးသမီး အများအပြားကတော့ သူတို့ရဲ့ လိင်တပ်မက်စိတ်ဟာ တက်လိုက်ကျ လိုက်နဲ့ ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ တခြား ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုအပေါ်တည်ပြီး တော့ ဒီလိုဖြစ်တယ်လို့ ယူဆလို့ ရကောင်း ရနိုင်ပါလိမ့်မယ်။

 

လိင်ဆက်ဆံဖို့ အတွက် ပင်ပန်းတာ၊ စိတ်မရှည်တာ ဒါမှမဟုတ် အော်ဂလီဆန်တာတွေ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ပထမ ၃လ ပိုင်းကာလမှာ ဖြစ်ပါတယ်။ ဒါက ပုံမှန်လို့ ပြောလို့ရပါတယ်။ မိမိမှာ ဖြစ်နေတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆိုင်ရာအပြောင်းအလဲ တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက ကိုယ်ဝန်ဒုတိယ၃လပိုင်းကို ရောက်တဲ့အခါ လိင်စိတ်ပြန်ပါ်လာနိုင်ပါတယ်။

 

ကိုယ်ဝန် တတိယ ၃လပိုင်းမှာ လိင်စိတ်ပြန်လျော့ကျသွားတယ် ဆိုရင်လည်းပုံမှန်ပါပဲ။ အထူးသဖြင့် မွေးခါနီး ၁လ၊ ၂လ လောက် အလိုမှာဖြစ်ပါ တယ်။ ကလေးမွေးတော့မယ် ဆိုတဲ့ အသိကြောင့် ပေါ်လာတဲ့ စိုးရိမ်မှုတွေကြောင့် ဖြစ်ပါတယ်။

 

ဘယ်လို ခံစားရတယ်ဆိုတာကို သင့်ရဲ့ အမျိုးသားကို ပြောပြရမှာဖြစ်သလို သူ့ကိုချစ်နေဆဲပဲ ဆိုတာကိုလဲ သူ သေသေချာချာ သိပါစေ။ သင်တို့ ၂ယောက်ရဲ့ကြားက ဆက်ဆံရေးက ပွင့်ပွင့်လင်းလင်း ရှိဖို့ အရေးကြီးသလို ဒီအပြောင်းအလဲတွေ ကို အတူတကွ ဖြတ်သန်းဖို့ အတွက် တယောက်ကို တယောက် တတ်နိုင်သမျှ အကောင်းဆုံး အထောက်အကူပေးဖို့လည်း အရေးကြီးပါတယ်။

 

သင့်အမျိုးသားရဲ့ လိင်စိတ်ဆန္ဒတွေရော အပြောင်းအလဲဖြစ်သွားနိုင်သလား
အားလုံးမဟုတ်ပေမယ့် အမျိုးသားအများစုက သူတို့ရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အရင်ကထက် အများကြီးပိုပြီး ဆွဲဆောင်မှုရှိလာတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလနောက်ဆုံးပိုင်းတွေမှာ အမျိုးသား တွေရဲ့ လိင်စိတ်ဆန္ဒ လျော့ကျသွားစရာ အကြောင်းတွေလည်း ရှိပါတယ်။ ဥပမာ ဖခင်ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တွေးပြီးတော့ ကြောင့်ကြမိတာမျိုးဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုကလည်း လိင်စိတ်ဆန္ဒကို လျော့ကျစေနိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်စဉ်မှာ လိင်ဆက်ဆံဖို့ အမျိုးသားတွေ မဝံ့မရဲဖြစ်ကြရတဲ့ အဓိကအကြောင်းရင်းတခုကတော့ ကလေးကို ထိခိုက်သွားမှာ ကြောက်လို့ ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ အမျိုးသားက ကိုယ်ဝန်ဆောင်ကာလမှာ လုံခြုံဘေးကင်းစွာ လိင်ဆက်ဆံမှုနဲ့ ပတ်သက်လို့ သံသယတွေ ရှိနေမယ်ဆိုရင် နောက်တခါ ဆရာဝန်နဲ့ သွားတွေ့တဲ့အခါ သူ့ကိုပါ သင်နဲ့ အတူ ခေါ်သွားလိုက်ပါ။

 

အရေးကြီးတာက စိုးရိမ် ကြောက်လန့်မှုတွေရှိနေရင် တယောက်ကို တယောက်ဖွင့်ပြောဖို့ပါပဲ။ သင်လိုချင်တာ၊ ဖြစ်ချင်တာ ရှိရင်လည်း ထိုနည်းတူပါပဲ။ ပွင့်လင်းတဲ့ ဆက်ဆံရေးက တင်းမာမှုတွေလျော့ကျစေနိုင်သလို လိင်ဆက်ဆံမှုမရှိရင်တောင်မှ တစ်ယောက်ကိုတစ်ယောက် ကျေနပ် နှစ်သိမ့်အောင် ပိုမိုရင်းနှီးမှုရမယ့် နည်းလမ်းတွေကိုတွေ့အောင် ကူညီပါလိမ့်မယ်။

 

လိင်ဆက်ဆံခြင်းကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ
တကယ်လို့ ဒီလိုကူးစက်မှုတွေကို ကာကွယ်ရတော့မယ်ဆိုရင်တော့ (သင့်နဲ့ သင့် အမျိုးသားတို့ရဲ့ဆက်ဆံရေးဟာ ရောဂါ ကင်းစင်တဲ့ တလင်တမယား စနစ်မျိုး မဟုတ်ခဲ့ဘူးဆိုရင်) တော့ လိင်ဆက်ဆံတဲ့ အခါတိုင်း ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန် ဒုံးကို သုံးသင့်ပါတယ်။ အဲဒါက သင့်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုရင် polyurethane နဲ့ ပြုလုပ်တဲ့ အမျိုးသားကွန်ဒုံးနဲ့ အမျိုးသမီး ကွန်ဒုံးတွေကို အသုံးပြုနိုင်ပါတယ်။

 

ဘယ်လို ပုံစံနဲ့ ဆက်ဆံတာက သက်တောင့် သက်သာ အဖြစ်ဆုံးလဲ
သင့်အတွက် အကောင်းဆုံး ဖြစ်မယ့် ပုံစံကိုရှာဖွေ စမ်းသပ်ရပါမယ်။ သက်တောင့် သက်သာ အရှိဆုံး ပုံစံ အနေအထားကို ရွေးချယ်ဖို့က သင့်ရဲ့ ဝမ်းဗိုက် ပိုပြီးပူလာတာနဲ့ အမျှ ပိုခက်ခဲလာပါလိ်မ့်မယ်။ ဆိုလိုတာကတော့ ကိုယ်ဝန် ရင့်လာတာနဲ့ အမျှ နည်းလမ်းသစ်တွေ ပိုရှာဖွေလာရမယ့် သဘောပါပဲ။

 

တချို့ စုံတွဲတွေကတော့ ကိုယ်ဝန်ရှိတာကို နည်းလမ်းသစ်တွေ ရှာဖွေဖို့ အခွင့်အရေးတခုလို့ သဘောထားကြပါတယ်။

 

ဘယ်လို လက္ခဏာမျိုးတွေ တွေ့လာရင် ဆရာဝန်ဆီသွားရမလဲ
လိင်ဆက်ဆံနေစဉ် အတွင်းမှာ ဒါမှမဟုတ် ဆက်ဆံပြီးစမှာ အနည်းငယ်နာကျင်မှု ခံစားရတာကတော့ ထူးခြားမှုမဟုတ်ပါဘူး ။ ဒါပေမယ့် မိနစ် အနည်းငယ်ကြာတဲ့ အထိ နာကျင်ခြင်း မပျောက်ဘူးဆိုရင်၊ ဒါမှ မဟုတ် သွေးယိုစီးလာမယ်ဆိုရင် ဆရာဝန်နဲ့ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။

 

လိင်ကိစ္စနဲ့ ပတ်သက်လို့ သင့်မှာမေးစရာ ရှိလာတဲ့ အချိန်တိုင်း ဆရာဝန်ကိုမေးဖို့ ဆွေးနွေးဖို့ ဘယ်တော့မှ မနှောင့် နှေးပါ နဲ့။ အထူးသဖြင့် လိင်ဆက်ဆံမှုကို ရှောင်ရှားသင့်သလားဆိုတာ မသေချာတဲ့ အချိန်မှာ ဒါမှမဟုတ် ကလေးငယ်ရဲ့ ဘေးကင်းမှုအတွက်စိုးရိမ်စရာရှိတဲ့ အခြေအနေမျိုးမှာဖြစ်ပါတယ်။နောက်ပြီးတော့ ကလေးမွေးပြီးသွားတဲ့ အခါမှာလည်း ကလေးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံမှုနဲ့ ပတ်သက်လို့ ဆရာဝန် နဲ့ ဆွေးနွေးဖို့ မမေ့ပါနဲ့။

 

Healthcare.com.mm

Ref:
ဧရာဝတီ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18