Print

လိင်တံနာကျင်မာတောင့်ခြင်း

  24-Feb-2017
Preview Image

ပုံမှန်မဟုတ်တဲ့ လိင်တံနာကျင်မာတောင့်ခြင်း (Priapism) ဆိုတာ ရုပ်ပိုင်းအားဖြင့်လည်းကောင်း၊ စိတ်ဆန္ဒပိုင်းအားဖြင့်လည်းကောင်း၊ နှိုးဆွခြင်းမရှိဘဲ နာရီအတော်ကြာ လိင်တံတောင့်တင်းမာကျောပြီး နာကျင်မှုဖြစ်နေတဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် လိင်တံအတွင်း သွေးလွှတ်ကြောကတစ်ဆင့် သွေးများစီးဆင်းလာတဲ့အခါ လိင်တံမာကျော တောင့်တင်းလာပြီး (erection) သွေးများ သွေးပြန်ကြောကတစ်ဆင့် ပြန်စီးဆင်းထွက်သွားတဲ့ အခါပြန်ပြီး ပျော့ပျောင်းသွားပါတယ်။ ဆီးသွားပြီးတဲ့အခါ၊ လိင်ဆက်ဆံပြီးတဲ့အခါ၊ ရုပ်ပိုင်း-စိတ်ပိုင်း နှိုးဆွတဲ့အခါတွေမှာ ပုံမှန်အားဖြင့် ပြန်လည်ပျော့ခွေသွားတတ်ပါတယ်။ သွေးအဝင်များတဲ့ High flow type နဲ့ သွေးပြန်အထွက်နှေးတဲ့ Low flow type ဆိုပြီး ၂ မျိုးရှိရာမှာ ၈၀-၉၀% ဟာ Low flow အမျိုးအစားဖြစ်ပါတယ်။

 

ဘာကြောင့်ဒီလို လိင်တံနာကျင်မာတောင့်လာရသလဲ ဇာစ်မြစ်အကြောင်းရင်းကို မသိရပေမယ့် အာရုံကြောများ၊ သွေးကြောများ၏ ရှုပ်ထွေးသော အကြောင်းရင်း များကြောင့် ဖြစ်နိုင်ပါတယ်။ သွေးရောဂါများဖြစ်တဲ့ Sickle cell disease, Thalassemia နဲ့ Leukemia ရောဂါတွေမှာ တွေ့ရတတ်သလို အာရုံကြောမကြီးရောဂါနဲ့ ထိခိုက်မှုတွေမှာလည်း ဒီလိုအခြေအနေမျိုးကို တွေ့ရတတ်ပါတယ်။ G6PD အားနည်းတဲ့သူတွေ၊ Adenosine ပမာဏများသူတွေမှာ သွေးကြောတွေ ဖောင်းကျယ်လာလို့့ ဒီရောဂါ ပိုဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ပန်းညှိုးသူတွေမှာ လိင်တံအတွင်း ဆေးထိုးမိခြင်း (papaverine, alprostadil) ဖြစ်ပါတယ်။ သွေးပေါင်ချိန် ကျဆေးများ၊ စိတ်ရောဂါကုဆေးများ အကြောဆွဲရောဂါဆေးများ၊ စိတ်ငြိမ်ဆေးများ၊ သွေးခဲစေသော ဆေးများနဲ့ မူးယစ်ဆေးများကလည်း Priapism ကို ဖြစ်စေတတ်ပါတယ်။

 

ဒါကြောင့် ဒီဆေးတွေကို သောက်သုံးတော့မယ် ဆိုပါက တတ်သိနားလည်တဲ့ သမားတော်တွေနဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ လိင်တံနာကျင် တောင့်တင်းတဲ့ Priapism ခံစားနေရသူမှာ ဘယ်လိုနောက်ဆက်တွဲရောဂါတွေ ဖြစ်လာတတ်သလဲဆိုတော့ ဒီလိင်တံထဲမှာ စုစည်းနေတဲ့ သွေးတွေ ခဲသွားပြီး သွေးကြောတွေ ယိုယွင်းသွားလို့ လိင်တံသွေးလည်ပတ်မှု ချို့ယွင်းကာ ပန်းသေပန်းညှိုး ရောဂါဖြစ်တတ်သလို လိင်တံတစ်ခုလုံး ပုပ်ဆွေးပြီး ဖြတ်ပစ်လိုက်ရ သည်အထိ ဆိုးရွားသွားနိုင်ပါတယ်။ Priapism ရောဂါကို သတ်မှတ်ဖို့ အချိန်ကာလအားဖြင့် ၄ နာရီကနေ ၆ နာရီခန့်အထိလို့ ဆိုထားပါတယ်။ ၄ နာရီထက် ပိုသွားပါက သမားတော်နှင့် ပြသအကြံ ယူသင့်ပါတယ်။ 

 

Terbutaline ဆေးကတော့ လိင်တံကြွက်သားလေးတွေကို ပြေလျော့စေပြီး သွေးအိုင်လေးတွေက သွေးတွေကို သွေးပြန်ကြောထဲ ပြန်ဝင်စေကာ သွေးလည်ပတ်မှု ပြန်ကောင်းစေတတ်လို့ ဒီဆေးကို စားစေခြင်းဖြင့်လည်း ကုသပေးနိုင်ပါတယ်။ လူနာအများစုမှာတော့ လိင်တံထဲက သွေးတွေ စုပ်ထုတ်ခြင်း၊ Epidual Analgesic ခါးရိုးအတွင်း ဆေးထိုးပေးခြင်းများဖြင့် ကုသပျောက်ကင်း သက်သာစေပါသည်။ ဒီလိုကုသပေးလို့ မသက်သာတဲ့အခါမှာတော့ လိင်တံထိပ် (Corpus Spongiosum) နဲ့ လိင်တံအချောင်း (Corpus Cavernosum) တို့ကို ဆက်သွယ် ခွဲစိတ်ကုသပေးခြင်း၊ အပ်နဲ့ဖောက်ကာ ဆက်စပ်ပေးခြင်း ပြူလုပ်နိုင်ပါတယ်။ အခြား ပိုမိုရှုပ်ထွေးတဲ့ ခွဲစိတ်ကုသနည်းတွေကတော့ လိင်တံအရင်းပိုင်းမှာ Corpus Cavernosum နဲ့ Spongiosum တွေကို ခွဲစိတ်ဆက်သွယ်ပေးတဲ့ ခွဲစိတ်ကုသနည်းတွေဖြစ်ပါတယ်။ 

 

Healthcare.com.mm
Ref:
ပါမောက္ခမြသိန်းဟန်
အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး (ခွဲစိတ်ကုသပါရဂူ)
Ziwaka magazine, August 2014, Pg.65-67

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18