Print

သားသမီးရတနာ ပိုင်ဆိုင်နိုင်ဖို့ရာ

  24-Feb-2017
Preview Image

မည်သည့်အတွက် ဇနီးမောင်နှံတို့သည် သားသမီးမရနိုင်သလဲ
သားသမီးရရှိခြင်းမှာ အမျိုးသား၏ဝှေးစေ့မှ ထွက်သော သုက်ကောင်များအား သုက်လွှတ်ကြောမှ တစ်ဆင့် အမျိုးသမီး၏ သားမွေးလမ်းကြောင်းထဲသို့ ရောက်ရှိပြီး၊ ယင်းသုက်ကောင်လေးများက အမျိုးသမီးများ၏ (မျိုးဥအိမ်) မှ ထွက်သော သားဥအားဖောက်ထွင်း၍ သန္ဓေတည်စေခြင်း ဖြစ်၏။ သာမန်အားဖြင့် အမျိုးသားများသည် သုက်တစ်ကြီမ်ထွက်လျှင် သုက်ကောင်ရေပေါင်း သန်း (၆၀) ခန့် ပါဝင်သော်လည်း သုက်တစ်ကောင်ကသာ အမျိုးသမီး၏ သားဥတစ်ဥကို ဖောက်ထွင်း၍ သန္ဓေသားကိုဖြစ်စေ၏။

 

သာမန်ကျန်းမာသော ဇနီးမောင်နှံသည် အတူတကွနေထိုင်ပါက ၅၀% ကျော် ဇနီးမောင်နှံတို့သည် ၃ လအတွင်း သားသမီးရနိုင်ပြီး၊ ၆ လနေထိုင်ပါက ၇၅% နှင့် ၁၂ လအတူနေပါက ၈၉% သည် သားသမီးရနိုင် ကြ၏။ သာမန်အားဖြင့် အမျိုးသားများ၏ဝှေးစေ့မှ သုက်ကောင်ထုတ်ခြင်းသည် အသက်မသေခင် နောက်ဆုံးအချိန်ထိ ထုတ်နိုင်စွမ်းရှိသော်လည်း အမျိုးသမီးများမှာမူ အသက်အရွယ် ကြီးလာသည်နှင့်အမျှ ၎င်းတို့၏ ဥအိမ်မှထွက်သော သားမျိုးဥများသည် တဖြည်းဖြည်း နည်းပါးလာကာ အမျိုးသမီးသွေးဆုံးပါက သားဥထွက်ခြင်းနှင့် ကြွေခြင်း ရပ်ဆိုင်းသွားပါသည်။ သို့ဖြစ်၍ အိမ်ထောင်ပြု သည့် အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ သားသမီးရနိုင်မှုမှာ ကျဆင်းလာနိုင်ပါသည်။ 

 

အကယ်၍ အိမ်ထောင်ပြု ပြီး ဇနီးမောင်နှံတို့သည် အတူတကွ ၁ နှစ်နေထိုင်ကြပြီး သားသမီးမရရှိပါက သက်ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်နှင့် ပြသ၍ စမ်းသပ်ရှာဖွေကုသ သင့်ပါသည်။ စမ်းသပ်စစ်ဆေးမှုများအား အမျိုးသားရော အမျိုးသမီးပါ စမ်းသပ်သင့်ပါသည်။ အမျိုးသားများအတွက် အဓိကအားဖြင့် သွေးအတွင်းရှိသော ကျားဟော်မုန်းအားနှင့်လောလောလတ်လတ် ထုတ်ယူသော သုက်ရည်အား၊ သုက်ကောင်ရေအား၊ သုက်ကောင်၏ လှုပ်ရှားမှု၊ ကောင်းမွန်မှု စသည်တို့ကို စမ်းသပ်ခြင်းဖြင့် သားသမီးရနိုင်၊ မရနိုင်အား သိရှိနိုင်ပါသည်။ သုက်ကောင်အရေအတွက်သည် သန်း ၂၀ ကျော်ပါက သားသမီးရနိုင်ရန် အခွင့်အရေးများပြီး၊ သန်း ၂၀ အောက်သာရှိပါက အခွင့်အရေးနည်းပါး တတ်ပါသည်။

 

အမျိုးသားများတွင် သုက်ကောင်ရေနည်းခြင်း၊ သုက်ကောင်ရည်မရှိခြင်းသည် သုက်ရည်ထုတ်သော ဝှေးစေ့ မကောင်း၍လည်းကောင်း၊ သုက်လမ်းကြောင်း ပိတ်ဆို႔မှုကြောင့် သော်လည်း ဖြစ်နိုင်သဖြင့် သင့်တော်သလို ရှာဖွေစမ်းသပ်နိုင်ပါသည်။ အမျိုးသမီးများမှာမူ သားဥအိမ်မှ သားဥမထွက်ခြင်း၊ သားဥဆင်းရာလမ်းကြောင်း ပိတ်ဆို့ခြင်း၊ သားအိမ်အားနည်းခြင်းတို့ကြောင့် သားသမီးမရနိုင် ဖြစ်တတ်သဖြင့် သက်ဆိုင်ရာ သားဖွားမီးယပ်ပါရဂူများနှင့် ဆွေးနွေးကုသသင့်ပါသည်။ သားဥအိမ်မှ သားဥထွက်၊ မထွက်အား နံနက်အိပ်ရာထချိန်တွင် ခန္ဓာကိုယ်၏ အပူချိန်အား တိုင်းတာခြင်း၊ ဆီးတွင် သားဥထွက်သည့်အခါ ထွက်ပေါ်လာသည့် ဓာတ်အား စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်။ 

 

သားဥဆင်းရာလမ်းကြောင်း ပိတ်ဆို့မှုအား သားအိမ်အတွင်းသို့ ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်းဖြင့် လည်းကောင်း၊ ဝမ်းဗိုက်အတွင်းသို့ မှန်ဘီလူးအား ထည့်သွင်းပြီး ကြည့်၍ သားအိမ်အတွင်းမှ အရောင်ပါသည့်အရည် ထွက်၊မထွက်အား ကြည့်၍လည်းကောင်း၊ စမ်းသပ်စစ်ဆေးနိုင်ပါသည်။ အမျိုးသမီးများတွင် သားအိမ်၏ ချို့ယွင်းမှုအား အသံလှိုင်းဖြင့် သားအိမ်အား ကောင်း၊ မကောင်း စမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် သားအိမ်အတွင်းသို့ မှန်ဘီလူးထည့်၍ ကြည်ရှုခြင်းဖြင့် စမ်းသပ်စစ်ဆေးနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ပါမောက္ခဦးသန်းအေး
ဆီနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီး
Ziwaka magazine, November 2014, Pg. 87-88

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18