Print

အိမ်ထောင်သက်တစ်လျှောက် သားဆက်ခြားနည်းလမ်းကို ဘယ်လိုရွေးချယ်ကြမလဲ

  05-Jan-2018
Preview Image


 ချစ်သူရည်းစားတွေရဲ့ လမ်းဆုံးပန်းတိုင်က အိမ်ထောင်ပြုတာပါ။ အိမ်ထောင်မပြုခင်မှာ လက်ထပ်ပြီးတဲ့အခါ နေဖို့ထိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြ၊ လက်ထဲမှာ ငွေပိုငွေလျှံရှိအောင် ရှာဖွေစုဆောင်းကြပေမယ့် အများစုက အရေးကြီးတဲ့ သားဆက်ခြားနည်းတွေကို တိုင်ပင်ဆွေးနွေးမှု မရှိကြတာ များပါတယ်။ အားလုံးပြီးပြည့်စုံနေသူတွေအဖို့ လက်ထပ်ပြီးတာနဲ့ ကလေးတန်းယူကာ ပြဿနာမရှိပေမယ့် အခုမှ ဘဝကို စတင်ထူထောင်ရမယ့်သူတွေအတွက် ဆိုရင်တော့ လက်ထပ်ပြီးတာနဲ့ ကိုယ်ဝန်တန်းရသွားရင် မပြည့်စုံမှုကြောင့် အခက်အခဲတွေ အများကြီးကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် လက်ထပ်တော့မယ့် ချစ်သူတွေ ပျားရည်ဆမ်းနေ့ရက်လေးတွေကို ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းချင်တယ်ဆိုရင် သားဆက်ခြားနည်းလမ်းတွေကို ကြိုတင်ဆွေးနွေးတိုင်ပင်ထားဖို့ လိုပါတယ်။ 


(၁) ကွန်ဒုံးအသုံးပြုခြင်း

 ရော်ဘာနဲ့ ပါးလွှာအောင် ပြုလုပ်ထားပြီး လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးကို အမျိုးသားလိင်တံမှာ စွပ်ပြီး အမျိုးသမီးရဲ့ သားအိမ်ထဲကို သုတ်ကောင်တွေ မဝင်ရောက်နိုင်အောင် တားဆီးတဲ့နည်းလမ်းဖြစ်ပါတယ်။ အသုံးပြုမှု မှန်ကန်မယ်ဆိုရင် ၉၈ ရာခိုင်နှုန်းထိရောက်တယ် ဆိုထားပေမယ့် ၈၂ ရာခိုင်နှုန်းသာ ထိရောက်အောင် ကာကွယ်နိုင်တာ တွေ့ရပါတယ်။


ကောင်းကျိုး

 ကွန်ဒုံးအသုံးပြုတာကြောင့် လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ မဖြစ်အောင်၊ ကိုယ်ဝန်မရအောင် ကာကွယ်နိုင်ပါတယ်။ 


ဘေးထွက်ဆိုးကျိုးများ

 မမှန်ကန်တဲ့အရွယ်အစားကို အသုံးပြုမိတာကြောင့် ကွန်ဒုံးပေါက်ပြဲနိုင်ပါတယ်။ တချို့တွေမှာ ကွန်ဒုံးလုပ်ထားတဲ့ ရော်ဘာနဲ့ ဓာတ်မတည့်တာမျိုးတွေ ကြံုတွေ့နိုင်ပါတယ်။ လိင်ဆက်ဆံပြီးမြောက်တဲ့အခါ လိင်တံမပျော့သွားခင်မှာ ကွန်ဒုံးကို ဖယ်ရှားဖို့လိုပါတယ်။


(၂) ဆေးသောက်ခြင်း

 နေ့စဉ်သောက်သုံးရမှာဖြစ်ပြီး အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းပါဝင်ပါတယ်။ ၉၉ ရာခိုင်နှုန်းထိရောက်မှုရှိတယ်ဆိုပေမယ့် ၉၁ ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်နိုင်တာ တွေ့ရပါတယ်။


ကောင်းကျိုး

 ဆေးသောက်ရတာလောက် လွယ်တဲ့နည်းလမ်းတော့ မရှိတော့ပါဘူး။ ဆေးရပ်မယ်ဆိုလည်း အလွယ်တကူပဲ မသောက်ဘဲ နေလိုက်ရုံပါပဲ။ ရာသီသွေးဆင်းနည်းတာ၊ မမှန်တာတွေ ဖြစ်နိုင်ပါတယ်။


ဘေးထွက်ဆိုးကျိုး

 ကိုယ်အလေးချိန်သာမန်ထက် များသူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ အသက် ၃၅ နှစ်ကျော်သူတွေ အသုံးမပြုသင့်အါဘူး။ ဆေးသောက်ဖို့ မေ့လျော့တာ၊ အန်တာ၊ ဝမ်းသွားတာတွေ ဖြစ်ရင်တော့ ဆေးအာန်သင် လျော့နည်းသွားတတ်ပါတယ်။ 


ပရိုဂျက်စတုန်းသာပါသော သောက်ဆေး

 ပဋိသန္ဓေတားလိုသူတွေ ဒီဆေးကို နေ့စဉ်သောက်သုံးရမှာဖြစ်ပြီး ပရိုဂျက်စတုန်းတစ်မျိုးသာ ပါဝင်ပါတယ်။ ၉၉ ရာခိုင်နှုန်းထိရောက်မှုရှိပါတယ်။


ကောင်းကျိုး

 ရာသီမလာဘဲ ရပ်သွားတာ ဒါမှမဟုတ် နည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေ ဒါမှမဟုတ် အသက် ၃၅ နှစ်ကျော်သူ အမျိုးသမီးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။


ဘေးထွက်ဆိုးကျိုး

 နေ့စဉ်အချိန်အတိအကျ သောက်သုံးရမှာဖြစ်ပြီး အချိန် ၁၂ နာရီထက်ကျော်ပြီးမှ သောက်သုံးပါက ဆေးအာနိသင် မရတာမျိုး ဖြစ်တတ်ပါတယ်။ ဆေးသောက်ဖို့ မေ့လျောတာ၊ အန်တာ၊ ဝမ်းသွားတာတွေဖြစ်ပါကလည်း ဆေးအာနိသင် လျော့နည်းနိုင်ပါတယ်။


(၃) ပဋိသန္ဓေတား ထိုးဆေး

 အများအားဖြင့် သုံးလခံ ထိုးဆေးဆိုပြီး လူသိများပါတယ်။ အာနိသင်တာရှည်ခံပြီး ၉၉ ရာခိုင်နှုန်းထိရောက်မှုရှိပါတယ်။


ကောင်းကျိုး

 နို့တိုက်ကျွေးချိန်မှာလည်း ထိုးနှံထားလို့ ရပါတယ်။ ကလေးမွေးပြီး ၂၁ ရက်အတွင်းမှာတော့ ဘာတားဆေးမှ အသုံးပြုဖို့ အလိုပါဘူး။ သောက်ဆေးလိုမျိုး ဆေးသောက်ဖို့ မေ့မှာလည်း မပူရဘူး။ ရာသီလာစဉ်ဖြစ်ပေါ်တဲ့ နာကျင်ကိုက်ခံမှုဝေဒနာကို လျော့နည်းစေတယ်။ တင်ပါးဆုံ ရောင်ရမ်းမှု ဖြစ်စေတဲ့ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးတယ်။ သားအိမ်မှာဖြစ်တဲ့ ကင်ဆာတချို့ကိုလည်း ကာကွယ်ပေးတယ်။ 


ဘေးထွက်ဆိုးကျိုး

 ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တက်လာတာ စတာတွေ ဖြစ်နိုင်ပြီး ဆေးရပ်လိုက်ရင်တောင် အဲဒီဆိုးကျိုးတွေဆက်ဖြစ်နို်င်ပါတယ်။ ဆေးရပ်ပြီးနောက် သားသမီးယူမယ်ဆိုရင်လည်း ချက်ချင်းရဖို့ ခဲယဉ်းတတ်ပါတယ်။


(၄) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD)

 ပလတ်စတစ် ဒါမှမဟုတ် ကော့ပါးနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သားအိမ်ထဲကို ဆရာဝန် ဒါမှမဟုတ် သူနာပြုက ထည့်ပေးမှဖြစ်ပါတယ်။ ၉၉ ရာခိုင်နှုန်းထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ချက်ချင်းထိရောက်မှုရှိပြီး ငါးနှစ်ကနေ ၁၀ နှစ်အထိ အသုံးပြုနိုင်ပါတယ်။ ဖယ်ရှားတဲ့အခါမှာလည်း ဆရာဝန် ဒါမှမဟုတ် သူနာပြုနဲ့ ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။


ကောင်းကျိုး

 ဟော်မုန်းမပါဝင်တာကြောင့် ဟော်မုန်းကြောင့်ခံစားနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်နိုင်ပါ။ သားအိမ်ထဲ ထည့်ထားတဲ့ ပစ္စည်းကို ဖယ်ရှားလိုက်ပါက သာမန်အတိုင်း ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။


ဘေးထွက်ဆိုးကျိုး

 ရာသီသွေးဆင်းများနိုင်ပါတယ်။ တချို့အမျိုးသမီးတွေက သားအိမ်ထဲ ပစ္စည်းထည့်တာကို သဘောမကျတတ်ကြပါဘူး။ ပစ္စည်းထည့်ပြီး ပထမရက် ၂၀ အတွင်းမှာ ပိုးဝင်နိုင်ခြေ အနည်းငယ်ရှိပါတယ်။ 


(၅) လက်မောင်းအရည်ပြားအောက်ထည့်ခြင်း

 သေးငယ်တဲ့ အချောင်းလေးကို လက်မောင်းအရေပြားအောက်မှာ ထည့်ထားရတာဖြစ်ပြီး ကျွမ်းကျင်တဲ့ပညာရှင်က ထည့်ပေးတာဖြစ်ပါတယ်။ အဲဒီထဲကနေ ပရိုဂျက်စတုန်းဟော်မုန်းထွက်ရှိပြီး သားဥကြွေတာကို ဟန့်တားပေးပါတယ်။ ၉၉ ရာခိုင်နှုန်း ကာကွယ်မှု ရနိုင်ပါတယ်။ 


ကောင်းကျိုး

 ထည့်ထားတာကို ဖယ်ရှားလိုက်ပါက ပုံမှန်အတိုင်း သားသမီးပြန်လည်ရယူနိုင်ပါတယ်။


ဘေးထွက်ဆိုးကျိုး

 လက်မောင်းရဲ့ အရေပြားအောက်မှာ ထည့်ထားရတာကြောင့် မမြင်ရသည့်တိုင်အောင် စိတ်ထဲမှာ တစ်ခုခုတော့ ခံစားရနိုင်ပါတယ်။ ဝက်ခြံထွက်နိုင်ပါတယ်။ 


Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18