Print

Living Together

  25-Jan-2018
Preview Image


ဒီကနေ့ မှာ အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာပါပြီ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်လာတာမို့ အရှေ့၊ အနောက် ယဉ်ကျေးမှု၊ ကူးလူးဆက်ဆံမှုက အရင်ကထက် အများကြီးပိုနီးကပ်လာပါသည်။ အဆိုးဆုံးက အနောက်ပိုင်းမှာ Living Together ဆိုတဲ့ အလေ့အကျင့်တစ်ခုဟာ သိသိသာသာကြီး ကျွန်တော်တို့ဆီရောက်လာပါပြီ။ ပိုပြီးပွင့်လင်းလာကြ၊ ပိုပြီးလည်း လွတ်လပ်လာကြပါသည်။ အတားအဆီး၊ အရှက်အကြောက်တွေလည်း နည်းသည်ထက် နည်းလာကြသည်။ ဒီကနေ့ခေတ်လို့ဆိုတော့ အရင်တုန်းက ဒါမျိုးမရှိကြဘူးလားဆိုတော့ ရှိကြတာပါပဲ။ ဆိတ်ကွယ်ရာအရပ်ဟာ ချစ်သူနှစ်ဦးရဲ့ သွေးသားကို ပိုပြီးဆူပွက်စေတယ်ဆိုတာ လူတိုင်းအသိပါ။ ကိုယ့်ကိုယ်ကို်ယ ထိန်းချုပ်နိုင်စွမ်းများတဲ့ ကာလမှာတော့ ဘာမှသိပ်မဖြစ်ကြပေမဲ့ ဒီကနေ့လို ဖြစ်သွားရင်တောင် တားဆီးလို့ရတဲ့ နည်းတွေရှိတယ်ဟဲ့ဆိုပြီး မိုက်ရူးရဲဆန်လာကြတာလည်း ပါမည်ထင်သည်။ 

စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ၊ အားနည်းချက်တွေဟာလည်း နေရာတိုင်းမှာ တွေ့မြင်နေရဆဲ ဖြစ်သည်။ ကဲ ဒီတော့ ဒီနေ့ လူမှုကွန်ယက်ကြီးအတွင်း အင်တာနက်တွေ၊ Facebook တွေကို အလွယ်တကူ သုံးနေနိုင်ပြီဖြစ်တဲ့ခေတ်ကြီးမှာ 

ဘာကြောင့် အားနည်းချက်တွေ ရှိနေသလဲ၊ ဘာတွေ လိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အားလုံး လေ့လာကြည့်ကြရမှာပါ။ ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတု့ ဝေါဟာရတစ်ခုပါရှိပါသည်။ Living Together တဲ့ မြန်မာလိုပြောရရင် လက်မထပ်ဘဲ အတူနေခြင်းပါ။ ဒီထက်ပိုပြီး ရှင်းရရင် လက်မထပ်ဘဲ လင်စုံမယားဖက် ပေါင်းသင်းနေထိုင်ခြင်းလို့ အဓိပ္ပာယ်ရပါသည်။ 

ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့ အတော်လေး စိမ်းနေခဲ့သည်။ အခုတော့လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီး။ အနောက်တိုင်းနိုင်ငံတွေမှာ Living Together အပေါ် ထောက်ခံတဲ့လူတွေ အများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့သည်။

ကဲ ဒါဆို ကျွန်တော်တို့ကရော Living Together အပေါ် ဘယ်လိုမြင်ပါသလဲ။ နှစ်ဦးနှစ်ဖက်လုံးကလည်း သဘောတူတယ်။ အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ၊ မှတ်ချက်ချစရာ မရှိပါဘူး။ ဒီနေရာမှာ အပိုင်း ၂ ပိုင်း ဖြစ်သွားပါပြီ။ 


၁။ နှစ်ဦးနှစ်ဖက်လုံးသဘောတူညီခြင်း

“ အိုဗျာ .. အတူနေဖို့တောင် ညှိနှိုင်းပြီးပြီပဲ နှစ်ယောက်လုံး သဘောမတူတာမျိုး ရှိပါ့မလားဗျာ ” လို့ မေးစရာရှိတယ်။ အဲဒါကတော့ အကျပ်ကိုင်ခြင်းပဲပေါ့။ ယောကျ်ားလေးဘက်က “ နင် ငါ့ကို တကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့လိုက်လျောပေးပါ ” လို့ အကျပ်ကိုင်လာရင်၊ “နင် ငါ့ကိုတကယ်ချစ်တာဟုတ်ရဲ့လားဟာ ဒါဆို ငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ်” လို့ ဆိုလာရင် သာမန်အချစ်ကြီးတဲ့ မိန်းကလေး၊ ချစ်သူအတွက်ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေးကတော့ ခေါင်းညိတ်မိမှာ အမှန်ပါပဲ။ 

ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘဝကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ငြင်းလိုက်ပြီဆိုရင် ချစ်သူနဲ့ ပြဿနာရှိလာပါပြီ။ အမှန်တကယ်တော့ မိန်းကလေးကလည်း ပြတ်သားဖို့လိုသည်။ သူ ငါ့ကို တကယ်ချစ်တာလား၊ ကာမကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့ အရေးကြီးသည်။ 

တစ်ခုမှာချင်တာက မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာချစ်မိတဲ့ ယောကျ်ားလေးတစ်ယောက်အဖို့တော့ အဲဒီမိန်းကလေးကို တန်ဖိုးထားတတ်ဖို့လည်း လိုပါလိမ့်မည်။ နောက်ပြီး မသေချာတဲ့ အရှက်နဲ့သိက္ခာကိုလည်း ထည့်တွက်ထားသင့်သည်။ ဘဝဆိုတာ ပုံသေပြောလို့မရတာ လူတိုင်းအသိပါ။ အခန့်မသင့်လို့ ခြေလွန်လက်လွန်ဖြစ်ပြီးမှ မိဘအသိုင်းအဝိုင်းက သဘောမတူတာကြောင့်ပဲဖြစ်ဖြစ်၊ တခြားသော အကြောင်းကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ကွဲကွာရတာမျိုးလည်း ရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက်သွားတဲ့ Living together တွေ ရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့၊ မတတ်သာလို့ (သူမချစ်ဖူးလို့ ထင်သွားမှာစိုးလို့) အလျှော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together တွေလည်း ရှိပါလိမ်မည်။ 


၂။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင် ဖြစ်မြောက်နိုင်မှာပါ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေတဲ့ သူမျိုးကို မဆိုလိုပါဘူး။ မြန်မာနိုင်ငံအတွင်းမှာဆို မိဘအလစ်လည်း ဖြစ်ရဦးမည်။ ဥပမာ - မိဘက ခရီးသွားနေတာမျိုး၊ ဒါမှမဟုတ် အလုပ် (သို့မဟုတ်) ကျောက်ပြေးပြီး ရည်းစားနဲ့အတူ သွားနေခြင်း စတဲ့ အပြုအမူမျိုးကို ဆိုလိုတာပါ။ ဒါမှမဟုတ် နယ်ကနေ မြို့တက်ပြီး အဆောင်မှာပဲဖြစ်ဖြစ်နေပြီး မိဘအုပ်ထိန်းသူအောက်မှာမဟုတ်ဘဲ တစ်ယောက်တည်းရပ်တည်နေရတဲ့သူမျိုး စသဖြင့် ဇာတ်လမ်းတွေကတော့ အမျိုးစုံရှိကြမှာပါ။ မိုးကရွာ၊ မှောင်ကလည်း မှောင်၊ မိုးခိုရင်း ဟိုတယ်မှာ ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ၊ သင်္ကြန်မှာ လျှောက်လည်ရင် ချမ်းလွန်းလို့ အချမ်းပြေဘီယာလေးပြီးသောက်၊ ဟိုတယ်၊ တည်းခိုခန်း ခဏရောက်သွားတဲ့ အဖြစ်မျိုးတွေလည်း အများကြီးကြားဖူးကြမှာပါ။ 


Living together ၏ ကောင်းကျိုးများ

သိပ်များများစားစားတော့ ရှိမယ် မထင်ပါဘူး။ အလွန်ဆုံး တစ်နာရီလောက် အတူနေပြီးတဲ့နောက်မှာ နှစ်ယောက်စလုံးရဲ့ သံယောဇဉ်တွေ ပိုပြီးခိုင်မာလာမယ်လို့ ထင်နေကြတာတစ်ခုတည်းပါ။ နောက်တစ်ခုက လက်တည့်စမ်းချင်ကြတာမျိုးပါ။ အထူးသဖြင့် လူငယ်စုံတွဲတွေအနေနဲ့ အတွေ့အကြုံအသစ်တစ်ခုကို ခံစားချင်ကြတာမျိုးပါ။ ဒီနေရာမှာ မိန်းကလေးဘက်က အလိုတူရခြင်းဟာ အကြောင်းအမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒါကာယကံရှင်တွေပဲ သိမှာပါ။ နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ ကြည့်ရင်တော့ လက်မထပ်သေးဘဲ Living together နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာကြာ လေ့လာနိုင်မည်။ ဒီအတောအတွင်း သဘောထားချင်း မတိုက်ဆိုင်ရင် လမ်းခွဲကြမည်ပေါ့။ ပြဿနာမရှိဘူး သူတို့ဆီမှာက ဒီ Sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ကိစ္စတော့ မဟုတ်လှဘူး။ ဒါကြောင့် တချို့ဆို ကလေးတွေဘာတွေရပြီးမှ လက်ထပ်တာမျိုးလည်း ရှိတာပေါ့။ သူံအယူအဆနဲ့သူ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ။ 


Living Together ၏ ဆိုးကျိုးများ

           မှတ်ရလွယ်အောင် အချက်ကလေးတွေ စဉ်ပြီးကြည့်ရအောင်

၁။ အပျိုစင်ဘဝကို ယူပြီးသွားတော့ ချစ်သူက ကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုးကြံုရနိုင် ပါသည်။ (ဒါကြောင့် ခက်ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့။)

၂။ တစ်နည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက်၊ သိက္ခာ ကျဆင်းနိုင်မယ့်အဖြစ်မျိုးပါ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။

၃။ ကိုယ်က အပျိုစင်ဘဝပေးပြီးတော့ သူ့ဘက်ကကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်သည်။ အမြဲတမ်း စိတ်ပူနေရတတ်ပါသည်။ နောက်ဆုံး Depression အထိ ရနိုင်ပါတယ်။

၄။ Living Together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင်ကိုယ်ဝန်ရနိုင်ပါတယ်။

၅။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့် မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဘက်ကို ဦးတည်ကျမှာပါ။ ဒီအခါအပြစ်မရှိတဲ့ အသက်တွေ သေကြရဦးမည်။

အထက်ပါငါးချက်ဟာ အကြမ်းဖျင်း ယေဘုယျဆိုးကျိုးငါးချက်ပဲ ရှိပါသေးတယ်။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ်။ (ဥပမာ အကုန်လုံး လူသိရှင်ကြား သိသွားပြီးမှ ယောကျ်ားလေးဘက်က သဘောမတူဘူး၊ တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်။)


Living Together ၏ နောက်ဆက်တွဲ ကြံုတွေ့ရမည့် ပြဿ နာများ 

         လုပ်ပြီဆိုမှာတော့ ပီပီပြင်ပြင် လုပ်ကြရမှာပဲ Living Together ဘယ်တော့မှအတူ မနေဘူးဆိုရင်တော့ ဘာမှပြောစရာ မရှိပါဘူး။ ကဲ နေမယ်ရှင်ဆိုတဲ့ မိန်းကလေးတွေအဖို့ ဘာတွေလုပ်သင့်သလဲဆိုတဲ့ အချက်တွေဟာ အရေးကြီးပါသည်။

၁။ ကိုယ်ဝန်မရအောင် လုံးဝကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ။

၂။ မိမိရဲ့ Partner ကို ကွန်ဒုံးသုံးခိုင်းပါ။ တချို့လူတွေက မိန်းကလေးဘက် ထည့်မတွက်ဘဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ်။ အဲဒီနေရာမျိုးမှာ မိန်းကလေးဘက်က ပြတ်ပြတ်သားသား အမိန့်ပေးပါ။

၃။ ကဲ ရှုံးနိမ့်သွားပြီးဆိုပါစို့။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုက်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ။ သုက်ရည်ကို မိမိမိန်းမကိုယ် (Vagina) ထဲမှာ မလွှတ်စေဘဲ အပြင်မှာ ထုတ်ခိုင်းပါ။ ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ်၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး။ နောက်ပြီး လုံးဝစိတ်ချလို့ရတာမျိုးလည်း မဟုတ်ဘူး။ 

၄။ ကဲ နံပါတ် ၃ အချက်ကိုလည်း ရှုံးနိမ့်ပြီး သုက်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိ သွားပြီဆိုပါစို့။ ကိုယ်ဝန်မရအောင် အရေးပေါ် သန္ဓေတားဆေးသောက်ဖို့ လိုပါတယ်။ စျေးကွက်ထဲမှာ ရ၂ နာရီအတွင်း သောက်ရတဲ့ အရေးပေါ် သန္ဓေတားဆေးတွေ အလွယ်တကူဝယ်လို့ရပါပြီ။ Levonogestrel 0.75 mg ပါဝင်ပါသည်။ လိင်ဆက်ဆံ ပြီးပြီးချင်း ရ၂ နာရီအတွင်း စောနိုင်သမျှ စောစောစသောက်ရပါမည်။ ဆေး ၂ လုံးပါပါသည်။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင် နောက်ဆေးတစ်လုံး သောက်ရ ပါမည်။ ဆေးသောက်ပြီးလို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမည်။

၅။ ခဏခဏတော့ Living Together အတူမနေမိပါစေနဲ့။ ဒါဆိုရင် အရေးပေါ် သန္ဓေတားဆေးကလည်း ကူညီပေးနိုင်မှာမဟုတ်ပါဘူး ခဏခဏနေမယ် စိတ်ကူးရှိရင် OC Pills လို့ခေါ်တဲ့ မြှားကတ်လေးတွေ သောက်မလား၊ ၃ လခံဆေး 3 month depo injection ထိုးမလား၊ IDU လို့ခေါ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်း ထည့်မလား သင်ကြိုက်ရာရွေးနိုင်ပါသည်။


တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ Sex နဲ့ တွဲမှ လေးနက်ခိုင်မြဲတဲ့အရာ မဟုတ်ပါဘူး။ သူ့အလိုလို နားလည်ခွင့်လွတ်ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ။  အထက်ပါအကြောင်းအရာတွေကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်းလင်းလင်းသိပြီး ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာ ဆောင်နိုင်ပဲ အတွက်ပဲ ဖြစ်ပါသည်။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျက်…။  


Credit:

ပြည့်နိုင်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18