Print

သုက်ရည်ထဲတွင် သုက်ကောင်မပါခြင်း

  05-Feb-2018
Preview Image


 အမျိုးသားတို့ရဲ့ သုက်ရည်ထဲမှာ သုက်ကောင်တွေမပါတာကို Azospermia လို့ ခေါ်ပါတယ်။ သုက်ကောင်တွေကို ပို့ဆောင်တဲ့လမ်းကြောင်းပိတ်ဆို့နေသော ဒါမှမဟုတ် သုက်ကောင်ထုတ်လုပ်မှုမှာ ပြဿနာရှိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ 


ဖြစ်ရသောအကြောင်းရင်း


(၁) သုက်ကောင်များပို့ဆောင်ရာ လမ်းကြောင်းပိတ်ဆို့ခြင်း


 သုက်ရည်ထဲမှာ သုက်ကောင်မပါတာက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့အမျိုးသားတွေမှာ ဝှေးစေ့ကနေ ဆီးပြွန်ချောင်းထဲကို သုက်ကောင်တွေ ပို့ဆောင်ပေးတဲ့ သုက်ပို့ပြွန်မပါတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပိုးမွှားကူးစက်ဝင်ရောက်တာကြောင့် ဆီးကျိတ်ဂလင်း ဒါမှမဟုတ် ဝှေးစေ့တွေ ရောင်ရမ်းတာကြောင့်လည်း သုက်ရည်ထဲမှာ သုက်ကောင်တွေမရှိတာ ဖြစ်နိုင်ပါတယ်။ တချို့အမျိုးသားတွေမှာ ဆီးအိတ်က အောက်ကိုကျွံကျနေတာကြောင့် ကပ်ပယ်အိတ်ထဲမှာ သွေးကြောတွေ ကြီးနေလို့လည်း ဖြစ်နိုင်ပါတယ်။ ကျောရိုးနံရံကြောမကြီး၊ ဝမ်းဗိုက်အောက်ပိုင်း၊ တင်ပါးဆုံပိုင်းနဲ့ အမျိုးသားမျိုးပွားအင်္ဂါတွေမှာ ထိခိုက်ဒဏ်ရာ ရတာတွေကြောင့်လည်း သုက်ရည်ထဲမှာ သုက်ကောင်တွေ မရှိတာဖြစ်နိုင်ပါတယ်။ 


(၂) သုက်ကောင်ထုတ်လုပ်မှုနည်းခြင်း

 အမျိုးသားတို့ ခန္ဓာကိုယ်မှာ ဟော်မုန်းထုတ်လုပ်မှု မညီမျှတာကြောင့် သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။ ဓာတ်ရောင်ခြည်၊ ပိုးသတ်ဆေးတွေ၊ ဓာတုပစ္စည်းစတာတွေနဲ့ ထိတွေ့မိတာကြောင့် ကျန်းမာတဲ့ သုက်ကောင်တွေ ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။ ပဋီဇီဝပိုးသတ်ဆေး၊ စတီးရွိုက်ဆေး၊ ရောင်ရမ်းမှု လျော့နည်းစေတဲ့ ဆေးဝါးတချို့နဲ့ ကင်ဆာဆေး စတဲ့ ဆေးဝါးတွေကလည်း သုက်ကောင်ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေမှာလည်း သုက်ကောင်ထုတ်လုပ်မှု လျော့နည်းစေပါတယ်။ ]


သိရှိနို်င်သောလက္ခဏာများ

 သုက်ရည်ထဲမှာ သုက်ကောင်မရှိတာကို သိရှိနိုင်တဲ့လက္ခဏာတွေ များစွာရှိပါတယ်။ သင့်အိမ်ထောင်ဖက်အမျိုး သမီးမှာ သားသမီးမရတာ သိတာတဲ့ အချက်တစ်ချက်ပါ။ လိင်ဆက်ဆံပြီးတဲ့အခါ ထွက်လာတဲ့ သုက်ရည်က အကြည်ရောင် ဒါမှမဟုတ် အဖြူရောင်ဖြစ်နေတာကိုလည်း သတိထားမိနိုင်ပါတယ်။ ဟော်မုန်းမညီမျှတာကြောင့် ဖြစ်ခဲ့ရင်သိသာနိုင်တဲ့ အချက်တွေက ခန္ဓာကိုယ်မှာ အဆီတွေ အရမ်းများတာ၊ ရင်သားမှာ အဆီတွေ စုနေတာ၊ ဆံပင် မရှိဘဲ ထိပ်ပြောင်တာတွေပါ။ ဝှေးစေ့တွေက နူးည့ံပြီး သေးငယ်နေတာ၊ ကပ်ပယ်အိတ်မှာ သွေးကြောတွေ ကွေးလိမ်နေတာ စတဲ့ လက္ခဏာတွေလည်း ပြတတ်ပါတယ်။


ဆရာဝန်နဲ့ ပြသပါ

 ဆရာဝန်ထံ ပြသတဲ့အခါ ဆရာဝန်က သင့်ကို မေးခွန်းတွေ မေးမြန်းပါလိမ့်မယ်။ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ သင်က သောက်သုံးရမယ့် ဆေးဝါးတွေရဲ့ ထိရောက်မှု၊ လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ သားသမီး ရရှိနိုင်ဖို့ ဘယ်လောက်အချိန် ပေးရမလဲ စတဲ့မေးခွန်းမျိုးတွေ မေးမြန်းဖို့လိုပါတယ်။ အသားစယူတာ၊ သုက်ရည်ကို စစ်ဆေးတာ၊ သွေးကြောတွေရဲ့ ပုံစံအနေအထားကို စစ်ဆေးတာ၊ အာထရာဆောင်းရိုက်တာ၊ MRI ရိုက်တာတွေကို လိုအပ်ပါက ပြုလုပ်ပေးပါလိမ့်မယ်။ 


ကုသခြင်း

 သုက်ရည်ထဲမှာ သုက်ကောင်တွေ မရှိတာကို ကုသနိုင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။ ဟော်မုန်းမညီမျှသူတွေမှာ ဟော်မုန်းညီမျှအောင် လုပ်ပေးတာ၊ ပိုးကူးစက်တာကြောင့် ဖြစ်တဲ့သူတွေမှာ ပိုးသတ်ဆေးတွေနဲ့ ကုသပေးတာ၊ သုက်ပို့ြ့ပွန် ပိတ်ဆို့နေပါက ခွဲစိတ်ရှင်းလင်းပေးတာစတဲ့ နည်းလမ်းတွေ များစွာကို အသုံးပြုပြီး ကုသပေးပါတယ်။ 


လိုက်နာသင့်သော နည်းလမ်းများ


ဆေးလိပ်နဲ့အရက်ဖြတ်ပါ

 ပညာရှင်တွေက ဆေးလိပ်သောက်တာက ကျန်းမာတဲ့သုက်ကောင်တွေကို ထိိခိုက်စေတယ်လို့ဆိုပါတယ်။ ဒါအပြင် ဆေးလိပ်သောက်တာကြောင့် သွေးကြောတွေကို ထိခိုက်စေပြီး သွေးလှည့်ပတ်မှု မကောင်းလို့ သုက်ကောင်ထုတ်လုပ်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ဝှေးစေ့ဆီ မရောက်ရှိနိုင်ပါဘူး။


အရက်သောက်သုံးမှုကို ကန့်သတ်ပါ

 အရက်အလွန်အကျွံ သောက်တာကြောင့် သုက်ကောင်တွေရဲ့ လှုပ်ရှားနိုင်စွမ်းရည်ကို ကျဆင်းစေပါတယ်။ သားသမီးရယူလိုပါက အရက်သောက်သုံးမှုကို ကန့်သတ်ဖို့ လိုအပ်ပါတယ်။


ကိုယ်အလေးချိန်လျှော့ချပါ

 ကိုယ်အလေးချိန်များပါက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏ မညီမမျှဖြစ်ပြီး သုက်ရည်ထဲမှာ သုက်ကောင်တွေ မရှိတာကြောင့် ကို်ယ်အလေးချိန် ပုံမှန်ဖြစ်အောင် လျှော့ချဖို့လိုပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်တာ၊ မျှတတဲ့ အာဟာရစားသုံးတာတွေ ပြုလုပ်ပါ။ 


ကျန်းမာရေးနဲ့ညီညွန်သော အစာစားပါ။

 ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေစားသုံးပြီး ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်ထားဖို့ လိုပါတယ်။ ခုခံစွမ်းအား မြင့်မားပါက ပိုးဝင်ကူးစက်တာနဲ့ ရောင်ရမ်းမှုတွေမဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးပါ။ 


စိတ်ဖိစီးမှု လျှော့ချပါ

 ကျန်းမာတဲ့ သုက်ကောင်တွေ ထုတ်လုပ်ဖို့အတွက် စိတ်ဖိစီးမှုတွေ ကင်းဝေးနေဖို့ လိုပါတယ်။ ယောဂကျင့်တာ၊ တရားထိုင်တာ၊ ကိုးကွယ်ရာ ဘာသာတရား လေ့လာလိုက်စားတာ၊ နှိပ်နယ်ပေးတာ၊ စိတ်လက် အပန်းဖြေတာ စတာတွေ ပြုလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။


Credit: အလင်း (ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18