Print

အမျိုးသားနဲ့အတူနေပြီး သွေးဆင်းတာဟာ စိုးရိမ်စရာလား

  25-Mar-2018
Preview Image

 အမျိုးသမီးအများစုဟာ အမျိုးသားနဲ့အတူနေပြီးသွေးဆင်းတာဟာ တစ်ခါမဟုတ် တစ်ခါဆိုသလို ကြုံရတတ်ပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေရဲ့ ၆၃ ရာခိုင်နှုန်းခန့်က အမျိုးသမီးအင်္ဂါခြောက်သွေ့ခြင်းနဲ့ သွေးဆင်းခြင်း၊ သို့မဟုတ် အတူနေပြီး သွေးဆင်းခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။ နောက်ပြီး သွေးမဆုံးခင်အမျိုးသမီး ၉ ရာခိုင်နှုန်းခန့်က အတူနေပြီးသွေးဆင်းတာကို ခံစားရတတ်ပါတယ်။ 


 အများအားဖြင့် သွေးအနည်းငယ်သာဆင်းတာက စိုးရိမ်စရာမရှိတတ်ပါ။ ဒါပေမယ့် မိမိမှာ နောက်ခံရောဂါ အခြေအနေတစ်ချို့ရှိနေလျှင် သို့မဟုတ် သွေးဆုံးပြီးအမျိုးသမီးဖြစ်နေရင်တော့ ဆရာဝန်နဲ့ မလွဲမသွေ သွားရောက်ပြသသင့်ပါတယ်။ 


သွေးဆင်းစေတဲ့အကြောင်းအရင်းတွေပေါ်မူတည်ပြီး စိုးရိမ်စရာမရှိတာလား သို့မဟုတ် ဆေးကုသမှုခံယူရမယ့် အခြေအနေလားဆိုတာကို ခွဲခြားနိုင်ပါတယ်။ သွေးဆင်းနိုင်တဲ့နေရာတွေကို အကြမ်းအားဖြင့်

၁။သားအိမ်ခေါင်း

၂။သားအိမ်

၃။အမျိုးသမီးအင်္ဂါ မိန်းမကိုယ်

၄။ဆီးပြွန် အစရှိတဲ့နေရာတွေက သွေးဆင်းနိုင်ပါတယ်။  

 သွေးဆင်းတဲ့အကြောင်းအရင်းထဲမှာ အမျိုးသမီးအများစုကြောက်ရတာက သားအိမ်ခေါင်းကင်ဆာဖြစ်တယ်ဆိုတာကို အထွေအထူးပြောစရာလိုမယ်မထင်ပါဘူး။ အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီးတွေရဲ့ အဓိကစိုးရိမ်ရတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်းသားအိမ်ခေါင်းကင်ဆာမဟုတ်တဲ့အတွက် အတူနေပြီးသွေးဆင်းနိုင်တဲ့ အကြောင်းတွေကို လေ့လာကြည့်ရအောင်။


(၁) ပိုးဝင်ခြင်း

 ရောဂါပိုးဝင်ပြီး မိန်းမကိုယ်တွင်း အသားစများရောင်ရမ်းလျှင်လည်း သွေးဆင်းနိုင်ပါတယ်။ ရောဂါတွေထဲမှာ

၁။ တင်ပါးဆုံအတွင်းပိုင်း ပိုးဝင်ရောဂါ (Pelvis Inflammatory disease)

၂။ လိင်မှတဆင့် ကူးစက်သောရောဂါများ

၃။ သားအိမ်ခေါင်းရောင်ရမ်းခြင်း

၄။ မိန်းမကိုယ်ရောင်ရမ်းခြင်း အစရှိတာတွေ ပါဝင်ပါတယ်။ 


(၂) မီးယပ်သွေးဆုံးပြဿနာ

 အမျိုးသမီးအများစုမှာ မီးယပ်သွေးဆုံးလာလျှင် ကြုံရလေ့ရှိတဲ့အခြေအနေပါပဲ။ မီးယပ်သွေးဆုံးလာလျှင် ခန္ဓာကိုယ်တွင်း အိစတရိုဂျင်ခေါ် မ ဟော်မုန်းလျော့နည်းလာပါတယ်။ မ ဟော်မုန်းဓါတ်လျော့နည်းလာတာနဲ့အမျှ မိန်းမကိုယ်မှာ ပြောင်းလဲမှုတွေ အနေနဲ့ မိန်းမကိုယ်အရေပြားခြောက်သွေ့ခြင်း၊ လုံလောက်သော မိန်းမကိုယ်တွင်းအရည်များထုတ်လုပ်မှုနည်းလာခြင်းနဲ့ အရေပြားကြုံ့ဆန့်နိုင်မှုအားနည်းလာခြင်း အစရှိသော ပြောင်းလဲခြင်းတွေဖြစ်လာပါတယ်။ အရေပြားလည်း ပါးလာ၊ ရှုံ့လာတာကြောင့် အတူနေစဉ် နာကျဉ်ခြင်းနဲ့ သွေးဆင်းခြင်းတွေ ခံစားရပါတယ်။ 


(၃) မိန်းမကိုယ်ခြောက်သွေ့ခြင်း

 မီးယပ်သွေးဆုံးခြင်းကြောင့်အပြင် တခြားပြဿနာတွေကြောင့်လည်း မိန်းမကိုယ်ဟာခြောက်သွေ့နိုင် ပါတယ်။ ဥပမာ-

၁။ နို့တိုက်နေစဉ်

၂။ ကလေးမွေးပြီးပြီးခြင်း

၃။ ဆေးဝါးတချို့ ဥပမာ-ဖျားနာသက်သာဆေး၊ ပန်းနာရင်ကြပ်ဆေး၊ စိတ်ဓါတ်ကျရောဂါအတွက်ဆေး

၄။ ဆေးသွင်းကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံး

၅။ မိမိမှ နိုးကြားစိတ်ပါမှုမရှိခင် လိင်ဆက်ဆံခြင်း

၆။ မိန်းမကိုယ်အား သန့်စင်ဆေးကြောခြင်း

၇။ မိန်းမကိုယ်သန့်စင်ဆေးရည်များအသုံးပြုခြင်း အစရှိသော ရောဂါ၊ အခြေအနေတွေကြောင့် အတူနေပြီး သွေးဆင်းခြင်းကို ခံစားရနိုင်ပါတယ်။ 


(၄) အလုံးအကြိတ် ပေါလစ်ပ်(Polyps)

 ပေါလစ်ပ် အလုံးအကြိတ်တွေက ကင်ဆာအလုံးအကြိတ်တွေ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သားအိမ်ခေါင်းနဲ့ သားအိမ်အတွင်းနံရံတွေမှာတွေ့ရတတ်ပါတယ်။ ပေါလစ်ပ် အလုံးအကြိတ်တွေက နံရံကနေ တွဲကျနေတဲ့အလုံးတွေအဖြစ် တွေ့ရပါတယ်။ ဒီအလုံးအကြိတ်တွေရဲ့လှုပ်ရှားမှုကြောင့် ဘေးနားက သားအိမ်အသားစတွေ၊ နံရံတွေကနေ သွေးကြောလေးတွေ ပျက်စီးပြီး သွေးဆင်းတာ ဖြစ်ပါတယ်။ 


(၅) မိန်းမကိုယ်စုတ်ပြဲခြင်း

 လိင်ဆက်ဆံခြင်း၊ အထူးသဖြင့် ပြင်းပြင်းထန်ထန် ဆက်ဆံခြင်း ပြုလိုက်ပါက မိန်းမကိုယ်အရေပြားပွန်းပဲ့ခြင်း၊ စုတ်ပြဲခြင်း အစရှိတာဖြစ်နိုင်ပါတယ်။ ပိုဖြစ်နိုင်တဲ့အချိန်တွေက မိန်းမကိုယ်ခြောက်သွေ့နေတဲ့ အခြေအနေတွေ ဥပမာ-မီးယပ်သွေးဆုံးခြင်း၊ နို့တိုက်ခြင်း၊ သို့မဟုတ် တခြားအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ 


(၆) ကင်ဆာရောဂါ

 အတူနေပြီးသွေးဆင်းတဲ့အပြင် ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းရောဂါလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် မိန်းမကိုယ်ကင်ဆာရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင်ကို မီးယပ်သွေးဆုံးပြီးအမျိုးသမီးတွေ အမျိုးသားနှင့်အတူနေပြီးသွေးဆင်းပါက သားအိမ်ကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်တဲ့အခြေအနေများ အတူနေပြီးသွေးဆင်းခြင်းက သွေးမဆုံးခင်အမျိုးသမီးဖြစ်တဲ့အပြင် အနည်းငယ်သာဆင်းပါက စိုးရိမ်စရာမရှိပါ။ ဒါပေမယ့် အတူနေပြီးသွေးဆင်းတာအပြင် အောက်ပါရောဂါလက္ခဏာတွေ ခံစားရလျှင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ 


၁။ မိန်းမကိုယ်ယားယံခြင်း၊ ပူခြင်း

၂။ ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်ခြင်း

၃။ ဆက်ဆံစဉ်နာကျင်ခြင်း

၄။ သွေးဆင်းများခြင်း

၅။ ဝမ်းဗိုက်ပြင်းထန်စွာနာကျင်ခြင်း

၆။ ခါးကိုက်ခြင်း

၇။ ပျို့အန်ခြင်း

၈။ ပုံမှန်မဟုတ်ပဲ သွေးဆင်းခြင်း အစရှိတဲ့ လက္ခဏာတွေပါ တွဲဖြစ်လာလျှင် ဆရာဝန်နဲ့ မလွဲမသွေ 

သွားရောက်ပြသသင့်ပါတယ်။ 


 ကဲ…အမျိုးသားနဲ့အတူနေပြီး သွေးဆင်းခြင်းရဲ့ အကြောင်းအရင်းတွေလည်း သိတန်သိလောက်သိကြပြီလို့ ယူဆပါတယ်။ သွေးမဆုံးခင်အမျိုးသမီးအများစုက အတူနေပြီးသွေးဆင်းတာ ဖြစ်တတ်တဲ့အတွက် မစိုးရိမ်ရတဲ့အလျောက် သွေးဆုံးပြီးအမျိုးသမီးဆိုလျှင်တော့ အတူနေပြီးမှမဟုတ် အချိန်မရွေး သွေးဆင်းပါက ဆရာဝန်နဲ့သွားရောက်ပြသသင့်တာကို သိထားဖို့လည်း အရေးကြီးလှပါတယ်။ 


ဒေါက်တာကောင်း

Ref: healthline.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18