ဖူးငုံကြွေ
19-Jun-2020 ကျွန်မအမည် ‘ဆီဒါ’
ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွာကလေးတစ်ရွာမှာနေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သတို့သမီးဖြစ်ခဲ့ရသူပါ။
အပျိုဖော်ဝင်စ
အသက် ၁၄ နှစ်သမီးအရွယ်မှာ ကျွန်မကို ယောကျ်ားအပေးစားခံခဲ့ရတယ်။ ယောကျ်ားက ‘ဆူမွန်’
တဲ့။ ကျွန်မထက် အသက် ၄ နှစ်ကြီးပါတယ်။ ကျွန်မတို့မှာ ‘ဟာဘီယာ’ ဆိုတဲ့ ရှစ်လသမီးလေးရှိပါတယ်။
ကျွန်မ ယောကျ်ားက
လယ်သမားပါပဲ။ သူတို့က ကျွန်မတို့ရွာကို ရွှေ့ပြောင်းလာခဲ့တာ မကြာသေးပါဘူး။ မင်္ဂလာမဆောင်မီအထိ
သူ့ကို မသိဘူး၊ မမြင်ဖူးဘူး။
ကျောင်းသူကလေး
ကျွန်မကျောင်းမှာ
ပျော်တယ်။ သင်္ချာတွက်ရတာပျော်တယ်။ ကျွန်မ အကြိုက်ဆုံးဘာသာရပ်ပေါ့။ ၈ တန်းတက်နေဆ ဲ ရှိသေးတယ်။ မိဘတွေက ပြောတယ်။ နင့်ကို ကျောင်းနုတ်တော့မယ်တဲ့။
ကျွန်မတက္ကသိုလ်ဝင်တန်းအောင်ဖို့ ၂ နှစ်ပဲလိုတော့တာ။ ကျောင်းမထွက်ချင်ပါဘူး။ ကျွန်မ
ကျောင်းဆရာမလေးဖြစ်ချင်တယ်လို့ အိမ်မက်မက်နေတာ။ ကျွန်မပညာဆက်သင်ပါရစေ။
ကျွန်မရဲ့ သူငယ်ချင်းတွေ
ကျောင်းကိုသွားကြတာကို လမ်းဘေးမှာ ထိုင်ကြည့်နေရင်း စိတ်ဆင်းရဲရတယ်။ ဒါပေမယ့် မိဘစကားကို
ကျွန်မ မပယ်ရှားဝံ့ပါဘူး။
ယောကျ်ားယူရတော့မယ်
ကျောင်းထွက်လို့
လေး-ငါးရက်ကြာတော့ ဘာတွေစီစဉ်ထားတယ်ဆိုတာ အဘွားက ရှင်းပြတယ်။ ကြားရတာ ကိုယ့်နားတောင်
ကိုယ်မယုံနိုင်ဘူး။ ယောကျ်ားယူရမယ်။ တကယ်ကြီးလား။ ဒါပေမယ့် ကျွန်မ စကားတစ်ခွန်းမျှ
ပြန်မပြောနိုင်ဘဲ နှုတ်ဆွံ့နေခဲ့ပါတယ်။
ကျွန်မသိပ်ကြောက်တာပဲ။
ကျွန်မရဲ့ ယောက္ခမတို့၊ ယောင်းမတို့ဆိုတာတွေက ဘယ်လိုလာမှာလဲ။ မစဉ်းစားဝံ့ဘူး။ ဘယ်လိုဆက်ဆံနေထိုင်ရမှာလဲ။
သူတို့ကကော ကျွန်မကို ဘယ်လိုမျှော်လင့်ထားကြသလဲ။
မင်္ဂလာဆောင်တဲ့အထိ
ကျွန်မ ယောကျ်ားဖြစ်လာမယ့်သူကို မတွေ့ရသေးဘူး။ သူတို့ကတော့ သူဟာလူကောင်းပါလို့ ပြောတာပဲ။
တစ်နေကုန်တစ်နေခန်းရွာရိုးကိုးပေါက်လျှောက်ပြီး လေပန်းနေသူမဟုတ်ဘူး။ အလုပ်နဲ့ အကိုင်နဲ့ပါတဲ့။
အဲလိုဆိုပေမယ့်
စိတ်က အလွယ်တကူလက်ခံဖို့ ခက်နေပါတယ်။ ကျွန်မကို စိုးမိုးနေတဲ့အတွေးကတော့ ငါ့လွတ်လပ်မှုတွေအားလုံး
ရေစုန်မျောတော့မယ်ဆိုတာပါ။ မင်္ဂလာဆောင်ဖို့က နီးနီးလာပြီ။ ကျွန်မ ဘာမှမလုပ်ရဘဲ အိမ်ထဲပဲ
အောင်းနေရတယ်။ ငိုပြီးရင်းငို၊ မျက်ရည်နဲ့ မျက်ခွက်ပေါ့။
သတို့သမီးဆိုတာဘာလဲ
နည်းနည်းပဲ ကျွန်မသိတယ်။ အဘွားလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချထားခံခဲ့ရတာ။ အခု
ကျွန်မထက်တောင်ငယ်သေးတယ်။ အဘွားက ကျွန်မကိုပြောတယ်၊ အိမ်ထောင်မှုတွေက ကိုယ့်တာဝန်တဲ့၊
ကိုယ့်လင်သားကို ပြုစုရမယ်၊ သူ့မိသားစုအတွက်လည်း လိုအပ်တာ လုပ်ပေးရမှာတဲ့။
အင်း . . . ပြီးတော့
မင်္ဂလာဦးညမှာ ကြုံတွေ့ရမှာတွေကိုလည်း အဘွားက အနည်းအပါး ပြောပြတယ်။
မင်္ဂလာဆောင်ကြတဲ့နေ့
ရေချိုးရတယ်။ အလှအပတွေ
လိမ်းခြယ်ပေးတယ်။ ဝတ်ကောင်းစားလှတွေ ဝတ်ရတယ်။ မင်္ဂလာအခမ်းအနားမှာ သူများတွေက ကကြခုန်ကြ။
ကျွန်မက မတ်တတ်ရပ်လို့။ လက်ကောက်တွေ၊ လက်ကြပ်တွေ ဆင်မြန်းပေးတယ်။ ရိုးရာအတိုင်း နှာခေါင်းကို
ဖောက်ပြီး ကွင်းဆင်တယ်။
ထိမ်းမြားလက်ထပ်လို့
တရားဝင် ဇနီးမယားဖြစ်သွားချိန်မှာ ကျွန်မ ငိုချလိုက်ပါလေရော။
မင်္ဂလာဆောင်မှာ
လူတိုင်းကတော့ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်ယှက်ခက်နေတယ်။ ဧည့်ခံကျွေးမွေးဖို့ အစားအသောက်တွေ
ပြင်ဆင်စီစဉ်သူက စီစဉ်၊ သတို့သားရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကို ကောင်းကောင်းမွန်မွန် ဧည့်ခံရမယ်တဲ့လေ။
မင်္ဂလာဆောင်မှာ
အခြားသူတွေက စားကြသောက်ကြချိန် ကျွန်မနဲ့ ကျွန်မ အမျိုးသားကို အိမ်ခန်းထဲ ခေါ်ချသွားတယ်။
တရားဝင် ထိမ်းမြားလက်ထပ်ပေးဖို့တဲ့။ ခုတင်ပေါ်မှာ နှစ်ယောက်သား ထိုင်ရတယ်။ ပြီးတော့
နို့နဲ့ ထမင်းကို ခွံ့ကျွေးတယ်။ အဲဒီအချိန်ကျမှ ကိုယ့်ယောကျ်ားဖြစ်မယ့်သူကို စမြင်ဖူးတော့တာပဲ။
ကျွန်မသူ့ကို ငေးကြည့်ရင်း တွေးနေမိတယ်။ ကျွန်မကကော သူမျှော်လင့်ထားသလို ဟုတ်ပါရဲ့လား။
ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်
စကားတစ်ခွန်းမျှ မပြောမိကြဘူး။ မင်္ဂလာဦးညမှာ နှစ်ယောက်အတူတူ အထီးကျန်ရတာ ဘဝမှာ ပထမဦးဆုံးပါပဲ။
ကိုယ်ဝန်ရှိခြင်း
လူတွေ ဘယ်နည်းဘယ်ပုံ
ကိုယ်ဝန်ရှိတယ်ဆိုတာမျိုးတွေ အဲဒီအချိန်က နကန်းတစ်လုံးမျှ ကျွန်မမသိပါဘူး။ ကျွန်မ ရာသီပန်းပွင့်နေကျ
မလာတော့တာလည်း လအနည်းငယ်ကြာမှ ကျွန်မ သတိထားမိတယ်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီဆိုတာကို
ကျွန်မရဲ့ အစ်မကို ဖွင့်ပြောလိုက်တယ်။ နေလို့ထိုင်လို့ တော်တော်ဆိုးတယ်။ လူက မူးဝေနေပြီး
အချိန်နဲ့အမျှ ထိုးထိုးအန်နေတော့တာ။ ပြီးတော့ မစားချင်၊ မသောက်ချင်ဖြစ်တယ်။
အဘွားက ပိုက်ဆံထုတ်ပေးလို့
ဆေးခန်းသွားပြတယ်။ ကျွန်မ ကိုယ်ဝန်သုံးလခွဲရှိနေပြီလို့ သူတို့က ပြောတာပဲ။ တကယ်ကို
အရုပ်ကြိုးပြတ်ပါ။ ကျွန်မ ကိုယ်တိုင်က ကလေးပဲရှိသေးတာ။ မိခင်တစ်ယောက်ရဲ့ တာဝန်တွေ ကျွန်မ
ဘာမှမသိသေးဘူး။ ဒါတွေ ဘယ့်နှယ်လုပ်ရပါ့။ တကယ်လို့များ ကျွန်မရဲ့ကလေးကို ကျွန်မ မချစ်ခဲ့ရင်
. . ။ ကိုယ်ဝန်ဆောင်တဲ့ကာလအတွင်းမှာ တစ်ခါတစ်ရံ အစ်မနဲ့ တိုင်ပင်တယ်။ မလွယ်ဘူး။
ကျွန်မကတော့ အတွေးဝင်္ကပါထဲမှာ
ချာလပတ်လည်လို့ပေါ့။ ကျွန်မမှာ ကိုယ်ဝန်ဆောင်ရတာ တော်တော်ဒုက္ခကြီးတယ်။ အရမ်းနာတယ်။
နေမကောင်းဖြစ်တယ်။ နာတာက သေလုမြောပါးပါ။ ဆေးခန်းပြဖို့ ငွေတွေ သောက်သောက်လဲ ကုန်တယ်။
ဆေးခန်းပြနိုင်သေးတာပဲ ကံကောင်းတယ်။
မွေးခါနီး ဖွားခါနီးရက်မှာ
ဗိုက်ထဲကကလေးက မလှုပ်တော့ဘူး။ ကလေးအသက်ရှိသေးတဲ့လက္ခဏာ မတွေ့ရတာ ၂ ရက်အကြာမှာတော့ အမေက
ကျွန်မကို ဆေးရုံခေါ်ချသွားတယ်။ ကျွန်မအဲဒီမှာ သတိလစ်သွားတယ်။ ရေမြွှာက ပေါက်သွားပြီ။
တကယ်လို့ အိမ်မှာသာဆိုရင် ကျွန်မဖြစ်ဖြစ် ကလေးဖြစ်ဖြစ်အသက်ရှင်ဖို့ မလွယ်ဘူးတဲ့။ အဲ့ဒီလို
ကြားရတာ ကြောက်လိုက်တာ။ ဘဝက လူမဆန်ဘူး။
မီးဖွားခြင်း
ကျွန်မ ဒါမှမဟုတ်
ကလေးလေးသေနိုင်တယ်လို့ ယောကျ်ားကို ပြောလိုက်တယ်။ သူ အရမ်းစိတ်ပူသွားတယ်။ သူက ကျွန်မတို့ကို
အဆုံးရှုံးမခံနိုင်ဘူးတဲ့။ ဒါကြောင့် ကျွန်မကို ဆေးရုံတင်တာတဲ့။ ကျွန်မနဲ့ ကလေးအတွက်
အသက်အန္တရာယ်ရှိတယ်ဆိုပဲ။ အတွေးတွေက ခေါင်းထဲမှာ ဒလက်နဲ့ မွှေနေသလိုပဲ။ တကယ်တော့ ကလေးလေးအတွက်လည်း
ပြုစုစောင့်ရှောက်ပေးမယ့် မိခင်မရှိရင် အသက်ရှင်ဖို့ ခက်သလို ကျွန်မအတွက်လည်း ကလေးလေးမရှိရင်
သေမှာပါ။ ဒီလိုဟာတွေ တွေးနေမိပါတယ်။
ဆရာဝန်တွေကိုတော့
ကျွန်မတို့ နှစ်ယောက်လုံးကံကောင်းကြတယ်လို့ ပြောမိတယ်။
သမီးလေး ဟာဘီဘာကို
ဗိုက်ခွဲမွေးရတာပါ။ ဘုရားမလို့ အသက်ရှင်ကြတာ။
အနာဂတ်ခရီး
ကျွန်မ ကျရာဘဝမှာ
နေသားကျသွားပြီ။ ဇနီးမယားတစ်ယောက်အနေနဲ့ လက်နဲ့အလုပ် မပြတ်အောင် တာဝန်တွေ များလှတယ်။
သောကတွေလည်း ခေါင်းထဲအပြည့် ငွေအတွက် ပူရတယ်၊ ယောကျ်ားအတွက် ပူရတယ်။ ကလေးအတွက် ပူရတယ်။
ကမောက်ကမ ကျွန်မဘဝအတွက် ပူရတယ်။ ပြီးတော့ သမီးလေးအတွက် ပူရတယ်။ သမီးလေးဟာ တစ်ချိန်ချိန်မှာ
ကျွန်မလိုပဲ အရွယ်မရောက်ခင်မှာ ယောကျ်ားအပေးစား ခံရမှာလား။
အမေတစ်ယောက်အနေနဲ့တော့
သမီးလေးကိစ္စမှာ ကျွန်မ သြဇာကိတ္တိမ ရှိကောင်းရဲ့ ထင်ရတာပဲ။ ကျွန်မလို အဖြစ်ဆိုးတော့
မကြုံရတန်ကောင်းဘူး မျှော်လင့်ပါတယ်။
ရပ်ကြပါတော့
အမေ့နို့နံ့တောင်မှ
မစင်ကြသေးခင်မှာ ကလေးတွေကို ထိမ်းမြားလက်ထပ်ပေးကြတဲ့ ဓလေ့ရပ်တန်းက ရပ်စေချင်ပါပြီ။
ကျွန်မ ငယ်ငယ်ရွယ်ရွယ်နဲ့ မီးဖွားရတဲ့နေ့က သင်္ချိုင်းကို အကြိမ်ကြိမ် မျက်စောင်းထိုးခဲ့ရတာပါ။
ဒီအတွေ့အကြုံမျိုး ဘယ်သူ့ကိုမျှ ထပ်မရကြစေချင်တော့ဘူး။ ဖခင်တွေအနေနဲ့ ဒါကို သိကြစေချင်တယ်။
သမီးလေးတွေကို အရွယ်မတိုင်ခင် လင်မပေးစားချင်ကြပါနဲ့။
တစ်နေ့နေ့တော့
ကျွန်မ ဒီအကြောင်းတွေကို လူများများသိအောင် ဟောပြောခွင့်ရမယ်လို့ ယုံကြည်ပါတယ်။ သာယာဖြောင့်ဖြူးတဲ့ဘဝကို
ရကြဖို့ ဆင်းရဲတွင်းက လွတ်ကြစေချင်တယ်။ ကျွန်မ ကျောင်းပြီးဖို့ဆိုတဲ့ အိပ်မက်ကတော့
ပျက်ပြယ်သွားပြီ။
ကမ္ဘာတစ်ဝန်းက အမျိုးကောင်းသမီးလေးတွေ
သူတို့အိပ်မက်တွေအကောင်အထည်ဖော်ခွင့်ရကြပါစေ။
Credit : ကျော်ရင်မြင့်