Print

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

  05-Mar-2020
Preview Image

(၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ


၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ (၇၇) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။


၂။ ထိုသို့ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် နေထိုင်သော အသက် (၂၇) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ (၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ မူဆယ်မြို့နယ်စပ်ဝင်ထွက်ဂိတ်၌ ကျန်းမာရေး ဝန်ထမ်းများမှ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ကိုယ်အပူ ချိန်မြင့်တက် လျက်ရှိကြောင်းတွေ့ရှိရသဖြင့် လူနာအားစစ်ဆေးခဲ့ရာ (၂-၃-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်းသိရှိရသည့်အတွက် မူဆယ်ပြည်သူ့ ဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအားစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအမျိုးသမီး၌ လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။


၃။ (၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲအဖြေပြန်ကြားချက်အရ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော -


(က) ဝေဘာဂီ အထူးကုဆေးရုံမှ အသက် (၃၂) နှစ် အရွယ် အမျိုးသမီး (၁) ဦး နှင့်


(ခ) မူဆယ်ပြည်သူ့ဆေးရုံမှ အသက် (၉) နှစ်အရွယ် အမျိုးသား (၁) ဦး၊ စုစုပေါင်း (၂) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။


၄။ ယနေ့ (၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၃) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။


၅။ ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုခံယူနေသော အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ယနေ့၊ ညနေစစ်ဆေးချက်များအရ ကျန်းမာရေးအခြေအနေကောင်းမွန်ပါသည်။


၆။ (၅-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၇) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။


Credit : ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18