ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်းများ အပိုင်း(၂)
03-May-2017၂။ကိုယ်ဝန်ဆောင်နောက်ပိုင်း ၆လအတွင်းသွေးဆင််းခြင်း
ကိုယ်ဝန်ဆောင်နောက်ပိုင်း ၆လအတွင်း သွေးဆင်းခြင်းသည် မိခင်ရော ကလေးကိုပါ အသက်အန္တရာယ် ထိခိုက်စေပါသည်။ ကိုယ်ဝန်ဆောင်နေစဉ် သွေးဆင်းလျှင် ချက်ချင်း ဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။ ဖြစ်နိုင်သော အခြေအနေများမှာ-
(၁) အချင်းအနေအထားမမှန်ခြင်း
အချင်းရှေ့ရောက်ခြင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီး အယောက်၂ဝဝတွင် ၁ ယောက်ခန့် ဖြစ်လေ့ရှိသည်။ အချင်းသည် သန္ဓေသားရှေ့ကိုရောက်နေပြီး မွေးလမ်းကြောင်းအဝတွင် အပြည့်ပိတ်နေခြင်း (သို့မဟုတ်) တစ်ဝက်တစ်ပျက် ပိတ်နေခြင်းများတွင် သွေးဆင်းခြင်းဖြစ်တတ်သည်။ တယ်လီဗေးရှင်းဓာတ်မှန် ရိုက်ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကိုယ်ဝန်ဆောင် နောက်ပိုင်း ၆ လ အတွင်း သွေးဆင်းခြင်းဖြစ်လျှင် အရေးပေါ်ကုသမှု ခံယူရမည် ဖြစ်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြသသင့်သည်။
(၂)အချင်းကွာခြင်း
မွေးဖွားနေချိန်နှင့် မမွေးဖွားမီအချိန်တွင် သားအိမ်နံရံမှ အချင်းကွာသွားခြင်းဖြစ်သည်။ကိုယ်ဝန်ဆောင် မိခင် ၁၀၀ တွင် ၁ယောက်ခန့် ဖြစ်တတ်သည်။ အချင်းသည် သားအိမ်နံရံမှ ကွာပြီး သားအိမ်နှင့် အချင်းကြားတွင် သွေးများအိုင်နေတတ်သည်။ မိခင်နှင့်သန္ဓေသားအတွက် အန္တရာယ်များသော အခြေအနေဖြစ်သည်။ အခြားလက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ သွေးနှင့် သွေးခဲများဆင်းခြင်း၊ သားအိမ်ကိုက်ခြင်း၊ ကျောအောင့်ခြင်းများနှင့် လာတတ်သည်။
(၃)သားအိမ်ကွဲထွက်ခြင်း
သားအိမ်ရှိ ယခင်ခွဲမွေးဖူးသော ခွဲကြောင်းဒဏ်ရာသည် ကိုယ်ဝန်ဆောင်နေစဉ် ကာလတွင် ကွဲထွက်နိုင်သည်။ ဝမ်းဗိုက်အတွင်း သွေးယိုစိမ့်မှုဖြစ်၍ မိခင်ရော ကလေးပါ အသက်အန္တရာယ် ထိခိုက်နိုင်သော အခြေအနေဖြစ်သည်။ ရောဂါလက္ခဏာများမှာ သွေးဆင်းခြင်းအပြင် ဗိုက်အောင့်ခြင်း၊ဗိုက်ဖောင်းလာခြင်း၊ သွေးပေါင်ကျခြင်း ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ သတိလစ်ခြင်းများပါ ဖြစ်နိုင်သည်။
(၄)လမစေ့ဘဲမွေးခြင်း
ကိုယ်ဝန်လရင့်စဉ်သွေးဆင်းခြင်းသည် ကလေးမွေးဖွားတာလည်း ဖြစ်နိုင်သည်။ ကလေးမမွေးဖွားမီ ရက်အနည်းငယ်အလိုခန့်တွင် အဖြူဆင်းခြင်း၊ အချွှဲဆင်းခြင်း၊ ခါးကိုက်ခြင်းတို့အပြင် သွေးအနည်းငယ်ပါ ဆင်းနိုင်သည်။ ခေါင်းချွှဲဆင်းသည်ဟု ခေါ်သည်။ အထက်ပါလက္ခဏာများသည် ကိုယ်ဝန် ၃၇ ပတ် မရောက်ခင်ဖြစ်လျှင် လမစေ့ဘဲ မွေးဖွားခြင်း ဖြစ်နိုင်သည်။ ထိုအခြေအနေတွင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရန်လိုအပ်သည်။
(၅)အခြားသောအခြေအနေများ
မွေးလမ်းကြောင်း ထိခိုက်ဒဏ်ရာရခြင်း၊ မွေးလမ်းကြောင်းရှိ အသားလုံးများနှင့် ကင်ဆာများကြောင့် သွေးဆင်းခြင်း တို့ပဲဖြစ်ပါသည်။
Dr Moon (7887 Healthcare call center)
Ref:Web Md