ဘာကြောင့် သားဆက်ခြားချင်တာလဲ
05-Jul-2019ဆရာခင်ဗျား
ဘယ်အကြောင်းအရာကို ခေါင်းစီးတင်ပြောဖို့ ဆရာ စဉ်းစားထားပါသလဲဆရာ
သားဆက်ခြားခြင်း အကြောင်းပါပဲ။ ဒီအကြောင်းကို ကျွန်တော်ကဘာကြောင့် လိုလိုလားလားနဲ့ ပြောချင်သလဲဆိုတော့ တစ်ချိန်ကဆို ကျွန်တော်တို့ နိုင်ငံအနေနဲ့ သားဆက်ခြားခြင်းကိစ္စကို တရားဝင် ပြည့်ပြည့်ဝဝ လုပ်ဆောင်ခြင်းမရှိခဲ့ဘူး။ ယနေ့အချိန်မှာတော့ သားဆက်ခြားခြင်းဆိုတာကို လူဦးရေ ကန့်သတ်ထိန်းချုပ်တယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ မိခင်နဲ့ ကလေးကျန်းမာရေးကို အဓိကထားပြီး တော့ နိုင်ငံတော်က တရားဝင် ခွင့်ပြုနေပါပြီ။
ဆိုလိုတာက မိသားစုတစ်ခုမှာ ဘယ်လောက်ယူယူ
ယူပိုင်ခွင့်ရှိတယ်။ တစ်ခြားနိုင်ငံတွေမှာလို မိသားစုတစ်စု၊ တစ်ယောက်နှစ်ယောက်ထက် ပိုမယူရဘူးလို့
တားထားတာမျိုးလည်း မဟုတ်ဘူး။ ဒီမိသားစုမှာ မိသားစုဝင် ဘယ်နှယောက်ပဲရှိရှိ ကိုယ်ဝန်တစ်ခုနဲ့တစ်ခု
သိပ်မစိပ်ရင် မိခင်ရဲ့ကျန်းမာရေးရော၊ ကလေးရဲ့ ကျန်းမာရေးရော အကျိုးကျေးဇူးရနိုင်တယ်ဆိုတဲ့
အဓိကရည်ရွယ်ချက်နဲ့ သားဆက်ခြားခြင်းကို ကျွန်တော်တို့ နိုင်ငံတော်က ခွင့်ပြုထားတယ်။
အားပေးတယ်။ ဒီအကြောင်းကို မီဒီယာများမှတဆင့် ရေးကြတယ်။ ပြောကြတယ်။ အသိပေးကြတယ်။ သို့သော်
ကျွန်တော်အနေနဲ့ပြောဖို့ ကျန်နေတာလေးတွေ တွေ့ရလို့ ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်လို့
ဒီကနေ့ တွေ့ဆုံခန်းမှာ ဒီအကြောင်းပြောပြဖို့ ရည်ရွယ်ထားပါတယ်။
သင့်မြတ်ပါတယ်ဆရာ။
ဆရာ့အနေနဲ့ ဆေးပညာရှုထောင့်၊ လူမှုရေးရှုထောင့်တွေကနေပြီး သားဆက်ခြားခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို
ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြစေချင်ပါတယ်။
ဆေးပညာအရကြည့်ရင် သားဆက်ခြားတာဟာ အရေးကြီးပါတယ်။
သားဆက်ခြားနည်းမမှန်ကန်လို့ အပြင်မှာ ခြောက်လ၊ ဗိုက်ထဲမှာ သုံးလဖြစ်နေရင် မိခင်နဲ့ကလေးကျန်းမာရေးဟာ
အများကြီး ထိခိုက်ကျဆင်းသွားမယ်။ မွေးဖွားလာတဲ့ကလေးဟာ ဉာဏ်ရည်ဉာဏ်သွေးရော၊ ခန္ဓာကိုယ်အရပါ
ဖွံ့ဖြိုးကြီးထွားမှုမှာ ညံ့သွားမယ်။ စပါးနဲ့နှိုင်းပြောရရင်တော့ အဖျင်းအလှေးတွေများလာမယ်။
အရည်အသွေး ပေမမီ ထောက်မမီ ဖြစ်ကြမယ်။ အနာဂတ် ပုခုံးပြောင်းတာဝန်ထမ်းရမယ့် လူငယ်တွေက
ဒီလိုမျိုး ပေမမီ ထောက်မမီ ဖြစ်နေရင် တိုင်းပြည်နစ်နာမယ်။ ဒါတွေနဲ့ဆက်စပ်ကြည့်လိုက်ရင်
သားဆက်ခြားခြင်းမှာ တန်ဖိုးတွေအများကြီးရှိပါတယ်။
အခြေအနေပေးလို့၊ ကိုယ်ကျွေးနိုင်လို့ ယူတာ
ယူနိုင်ပါတယ်။ ဒါပေမယ့် သားဆက်ခြားတာမလုပ်ရင် ထိခိုက်စရာအကြောင်းတွေက အများကြီးရှိတယ်။
မိသားစုတိုင်းမှာ အိမ်ရှင်မတိုင်းဟာ တစ်ကြိမ်ကိုယ်ဝန်ဆောင်ပြီး တစ်ကြိမ်မွေးဖူးရင်
တစ်ကြိမ်ဆို ဆိုသလောက် ဒုက္ခကြီးတာကို သိတယ်။ နောက်တစ်ခါ နို့တိုက်မိခင်အနေနဲ့ အိပ်ရေးပျက်တာ၊
အစားအသောက်ပျက်တာ၊ ကလေးပြုစုရတာ၊ ကလေးနေမကောင်းရင် ဘယ်လောက်စိတ်ပူရတာ၊ ဒါတွေအားလုံး
တစ်ခါတည်းသိသွားပါတယ်။ သို့ရာတွင် ဖိုမဆက်ဆံရေးနဲ့ သွေးသားဆန္ဒအရ ဘာမှမကာကွယ်ဘဲနဲ့ အတူတူနေလိုက်ကြတဲ့အခါ
အခုနပြောခဲ့တဲ့ အပြင်ခြောက်လ၊ ဗိုက်သုံးလဆိုတဲ့ ပြဿနာမျိုး မြန်မြန်ကြုံရတော့တာပဲ။
ဒါကြောင့်လည်း ယခုအချိန်မှာ သင်ကြားရေးဆေးရုံတွေမှာ
ပြည်နယ်နဲ့ တိုင်းအလိုက် မြို့နယ် တိုက်နယ်ဆေးရုံတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်
ကလေးမွေးပြီဆိုရင် ရှောရှောရှူရှူနဲ့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ဆေးရုံကဆင်းသွားတာဟာ
ဇာတ်လမ်းဆုံးတာ မဟုတ်တော့ဘူး။ နောက်ထပ် (၄၂)ရက်မှာ ပြန်ခေါ်ပြီး သူ့ကျန်းမာရေးကြည့်တဲ့အခါမှာ
ဒီသားဆက်ခြားတဲ့လုပ်ငန်းကို လုပ်ချင်လာဖို့၊ လုပ်ဖြစ်အောင်လို့လည်း ကျွန်တော်တို့က
တိုက်တွန်းအားပေးပြီး မဖြစ်မနေလုပ်ရမယ့် လုပ်ထုံးလုပ်နည်းတစ်ခုအနေနဲ့ ဒီ (၄၂) ရက် ပြန်ခေါ်တဲ့
အခါမှာ ဆောင်ရွက်ပေးနေပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် ကျွန်တော်တာဝန်ယူနေတဲ့ မြောက်ဥက္ကလာ
ဆေးရုံကြီးမှာပဲ သီးခြား ရုံးခန်းတစ်ခုထားပြီး “မိတ်ဆွေ သင့်အတွက် ကူညီပါရစေ” ဆိုပြီးတော့
မိမိနဲ့သင့်လျော်မယ့် စားဆေး၊ ထိုးဆေး၊ သားအိမ်ထည့်တဲ့ပစ္စည်းတွေကို ဒီမှာ အခမဲ့ ပေးထားတယ်လို့
စာရေးပြီးတော့ကို ကမ်းလှမ်းထားတယ်။ တချို့အဖွဲ့အစည်းတွေက အခမဲ့ရထားတာတွေလည်း ဒီမှာရှိတယ်။
တချို့ဈေးသက်သက်သာသာနဲ့ ပေးထားတာတွေလည်း ရှိတယ်။ ဆိုလိုတာက အပြင်ခြောက်လ ဗိုက်သုံးလအဖြစ်မျိုး
မိခင်တိုင်း မကြုံစေရဘူး။ ခြားကိုခြားမှ ဖြစ်မယ်။
ဘယ်လောက်ခြားထားချင်သလဲဆိုတော့ အနည်းဆုံး
နှစ်နှစ်ပါ။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး နှစ်နှစ်ခြားစေချင်ပါတယ်။
နှစ်နှစ်ခြားချင်တဲ့
သဘောကိုလည်း ရှင်းပြပေးစေချင်ပါတယ် ဆရာ။
ဒီအမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်တဲ့အခါ
သူ့ကလေးကို သူ့အသွေးအသား မျှပေးရတယ်။ မွေးတဲ့အခါမှာလည်း သွေးထွက်တယ်။ ပြီးတော့ နို့တိုက်ပြီဆိုရင်
နို့အရောင်ကသာ ဖြူနေတာ။ အဲဒီအထဲမှာ အသားဓာတ်တို့၊ သံဓာတ်တို့ အများကြီးပါသွားတယ်။ တစ်နည်းပြောရရင်
မိခင်ဘက်က ကလေးကိုပေးလိုက်ရလို့ ကုန်သွားတာပေါ့။ အဲဒီလိုအများကြီး ဆက်ကုန်သွားတော့
ကိုယ်ဝန်စရှိတဲ့အချိန်မှသည် နို့ဖြတ်တဲ့အချိန်အထိ နှစ်နှစ်တာကာလအတွင်း အမျိုးသမီးတစ်ယောက်ရဲ့
ခန္ဓာကိုယ်ထဲမှာရှိတဲ့ သံဓာတ်ဟာ တစ်ခါတည်း ဆုံးပါးသွားတယ်။
ဘယ်လောက်ထိလျော့နည်းဆုံးပါးသွားသလဲဆိုတော့
သွေးထဲမှာရှိတဲ့ သံဓာတ်ပါ မလောက်တော့ဘဲ ခန္ဓာကိုယ်တွင်းမှာ စုထားတဲ့ သံဓာတ်စုထားတဲ့စုဘူးတွေပါ
တစ်ခါတည်း လျော့သွားတယ်။ ဥပမာ အသည်းတို့၊ ဘေလုံးတို့၊ ရိုးတွင်းခြင်ဆီတို့ကနေပြီး သံဓာတ်ကိုယူရတယ်။
အဲဒီလို ယူရတာဖြစ်တဲ့အတွက်ကြောင့် သားသမီးတစ်ယောက် မွေးပြီးလို့ ဒီလိုကုန်ခမ်းသွားတဲ့
အသွေးအသား၊ အသည်း၊ ဘေလုံး၊ ရိုးတွင်းခြင်ဆီတွေထဲမှာ သံဓာတ်ပြန်ပြည့်ဖို့ရာ သင့်တင့်မျှတတဲ့
အစားအသောက်တွေ စားရင်တောင်မှ နှစ်နှစ်လောက်နေမှ အသွေးအသားထဲမှာရော စုဘူးတွေရောပြန်ပြည့်သွားမယ့်သဘော
ရှိတယ်။
အဲဒီလို အနည်းဆုံး နှစ်နှစ်မခြားဘဲ အခုန
ကျွန်တော်ပြောခဲ့သလို အပြင်ခြောက်လ ဗိုက်သုံးလနဲ့ ဆက်စခန်းသွားလိုက်လို့ရှိရင် ငွေရေးကြေးရေး
အကြွေးတင်သလိုပေါ့လေ။ ကုန်လိုက်၊ အကြွေးတင်လိုက်၊ ရတာလေးနဲ့ ပြန်ဆပ်လိုက်၊ ပြန်ချေးလိုက်၊
အကြွေးထပ်တင်လိုက်နဲ့ ဘယ်တော့မှ အကြွေးမကျေတော့ဘဲ လိပ်ပတ်မလည်ဘဲ ကရွတ်ကွင်းလျှောက်သလို
ဖြစ်တော့မယ်။ စုဘူးထဲက လျော့သွားတဲ့ သံဓာတ်တွေမပြည့်သလို အသွေးအသားမှာရှိတဲ့ သံဓာတ်တွေလည်း
ဘယ်တော့မှ မပြည့်နိုင်တော့ဘူး။
ဆေးပညာရှုထောင့်အရ ခန္ဓာကိုယ်မှာ သံဓာတ်မပြည့်ခြင်း၊
ပြည့်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်း ဘာဆိုင်သလဲဆိုရင် သံဓာတ်မပြည့်တဲ့အခါကျတော့ Iron
deficiency anaemia ဆိုတဲ့ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါပေါ့လေ။ ဒီအမျိုးသမီးမှာ
ဒီရောဂါရလာမယ်။
သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါရတဲ့
မိခင်ဟာ မောမယ်၊ ရင်တုန်မယ်၊ ခြေကုန်လက်ပန်းကျမယ်။ ခြေထောက်တွေထုံမယ်၊ ကျဉ်မယ်၊ အောက်ပိုင်းတွေအေးနေမယ်။
လုပ်ငန်းကိုင်ငန်းကိစ္စ၊ အိမ်မှုကိစ္စ၊ အချုပ်အလုပ်၊ အချက်အပြုတ်တို့မှာ အာရုံစိုက်လို့
မရဘူး။ ဒီလိုမျိုး ဖြစ်လာမယ်။ တစ်ခါ ဒီကြားထဲက ကလေးနို့တိုက်တာ၊ နို့စွဲတာနဲ့ အိပ်ရေးပျက်မယ်၊
အစားအသောက်ပျက်မယ်ဆိုရင် မျက်တွင်းတွေဟောက်ပက်၊ ချိုင့်၊ ဆံပင်တွေကျွတ်နဲ့ ယောကျ်ားတောင်ထွက်ပြေးချင်လောက်အောင်
ပုံစံပြောင်းသွားနိုင်တယ်။
ဒါ့အပြင် စုဘူးများမှာနဲ့ အသွေးအသားများမှာ
သံဓာတ်တွေမပြည့်ဘဲနဲ့ ကိုယ်ဝန်ဆောင် နောက်ထပ်ရှိလာရင် ပိုဆိုးပါလေရော။ ဘယ်လိုပိုဆိုးသွားမလဲဆိုတော့
သန္ဓေသားရဲ့ သဘောသဘာဝကလည်း အမေမှာ စုဘူးလျော့နေတာတွေ ပြန်မကြည့်တော့ဘဲ သူလိုသလောက်တော့
အပြည့်အဝ စုပ်ယူတော့တာပဲ။ Parasite ခေါ်တဲ့ ကပ်ပါးများလိုပေါ့။ အဲဒီလို နဂိုကလည်း စုဘူးထဲမှာလျော့နေ၊
ဒီကြားထဲ သန္ဓေသားကလည်း အပြည့်ယူဆိုတဲ့အခါ မိခင်မှာ အသွေးအသားတွေခန်းသထက်ခန်းလာမယ်။
ဒီတော့ မိခင်ဟာအအေးမိလွယ်မယ်။ နေမကောင်းဖြစ်လွယ်မယ်။ ရောဂါပိုးဝင်လွယ်မယ်။ ကိုယ်ခံအားကျမယ်။
ရင်တုန်မယ်။ ထိုင်ရာကထရင် မူးမယ်။ ဒါတွေ အကုန်ဖြစ်တော့တာပဲ။ ကုန်ကုန်ပြောရရင် အိမ်ထောင်ဘက်တောင်
လက်မခံချင်တော့ဘူး။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြစ်နေဦးတော့ လက်ခံချင်စိတ်ကို မရှိတော့တာ။
လက်တွေ့မှာ ပြဿနာတွေ တစ်သီတစ်တန်းကြီး ဆက်ဖြစ်တော့တာပဲ။ ဒါကြောင့်လည်း သားဆက်ခြားစေချင်တာပါ။
Credit :
ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင်