Print

ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာ

  23-Oct-2019
Preview Image

          နေ့စေ့လစေ့ သန္ဓေသား၏ အရွယ်သည် မျိုးဥအရွယ်နှင့် နှိုင်းယှဉ်လျှင် အဆပေါင်း နှစ်ထောင်ရှစ်ရာခန့်၊ အလေးချိန်အားဖြင့် အဆပေါင်းတစ်သန်းခန့် လေးလာသည်။

          သန္ဓေသား ဘဝတစ်လျှောက်လုံး နေထိုင်ခဲ့ရသည့် သားအိမ်သည် ကြွက်သားစိုင်ဖြင့်သာ တည်ဆောက်ထားသည်။ သန္ဓေသား ကြီးထွားလာသည်နှင့် အမျှ သားအိမ်အသားစိုင်လည်း အလိုက်သင့်ကြီးလာရသည်။


          သန္ဓေလနုစဉ် သားအိမ်အသားစိုင် ကလာပ်စည်းတို့ ပွားများထားကြသည်။ လရင့်လာသည်နှင့်အမျှ ပွားထားသည့်သားအိမ်သားကလာပ်စည်းတို့ ဆန့်ထွက်ရှည်လျားကာ ကြီးလာသည့် သန္ဓေသား ကျပ်ညပ်မနေစေရန် ဖန်တီးပေးသည်။


          သားအိမ်ကြွက်သား ကလာပ်စည်း၏ ဆန့်ထွက်နိုင်အားသည် အကန့်အသတ်ရှိကြသည်။ ထို့ကြောင့် ကြွက်သားကလာပ်စည်းတို့ ဆန့်မထွက်နိုင်တော့သည့်အချိန်၌ သားအိမ်ညှစ်အားစဖြစ်ပေါ်လာတတ်သည်။ ပထမတွင် အားသိပ်မပါသကဲ့သို့ တစ်ချိန်နှင့် တစ်ချိန်ကြား ကြာမြင့်တတ်သည်။ သန္ဓေသား ဘဝကူးခါနီးတွင်မူ သားအိမ်ညှစ်အားသည် အားပိုပါလာသည်။ အကြိမ်စိပ်လာတတ်သည်။ ညှစ်ချိန် ကြာလာတတ်သည်။


          သန္ဓေသား၏ ဘဝကူးခရီးအစပိုင်းမတိုင်မီကတည်းက သားအိမ်ညှစ်နေပြီဖြစ်၍ မိခင်လောင်းအနေဖြင့် ဗိုက်နာလေ့ရှိသည်။ သားအိမ်ညှစ်သည်ဆိုရာတွင် သားအိမ်တစ်ခုလုံး အင်တိုက်အားတိုက် ညှစ်နေခြင်းမဟုတ်ပဲ သားအိမ်အပေါ်ပိုင်းမှ ညှစ်အား ပိုကောင်းပြီး တစ်ကြိမ်နှင့်တစ်ကြိမ် သားအိမ်အပေါ်ပိုင်း ထူထူလာကာ အထက်အောက်အလျားတိုလာလေ့ရှိသည်။ တစ်နည်းအားဖြင့် သားအိမ်အောက်ပိုင်းကို ဆွဲမကာ သန္ဓေသားထံမှ သားအိမ်ကို ဆွဲချွတ်မတင်နေသကဲ့သို့ ဖြစ်စေသည်။ ပိတ်နေသည့် သားအိမ်အပေါက်ဝကိုလည်း ကျယ်ကျယ်လာစေသည်။


          တဖြည်းဖြည်း သားအိမ်ခေါင်းလုံးဝကျယ်လာပြီး မွေးလမ်းကြောင်း၊ သားအိမ်ခေါင်း၊ သားအိမ်တို့ တစ်ဖြောင့်တည်းဖြစ်လာသည်။ လေးလက်မအကျယ်ရှိသော ပြွန်ကျယ်ဖြစ်လာကာ သန္ဓေသားထွက်ရာ လမ်းကြောင်းဖြစ်လာသည်။

          ထိုအချိန်တွင် သားအိမ်အဝ၌ ရေမြွှာအိတ် ပြူးထွက်လာပြီး ပေါက်ပြဲကာ ရေမြွှာအိတ်များ ထွက်ကျလာလေ့ရှိသည်။ သန္ဓေသားလည်း အောက်ဘက်အနည်းငယ် လျှောကျလာတတ်ပါသည်။ ထို့နောက်ပိုင်း သားအိမ်ညှစ်အားသည် သန္ဓေသားအား အပေါ်မှ တွန်းချသကဲ့သို့ ဖြစ်လာသည်။


          ရေမြွှာအိတ် စောပေါက်ပြီး အရည်ဆုံးရှုံးမှု များသွားခဲ့လျှင် သားအိမ်သည် သန္ဓေသားနှင့် ထိကပ်နေလိမ့်မည်။ ညှစ်လာသည့် သားအိမ်အသားစိုင်သည် သန္ဓေသားကို ဆုပ်ကိုင်ညှစ်ထားသကဲ့သို့ ဖြစ်စေတတ်သည်။ ထိုအခါ မွေးထွက်လာရန် အခက်အခဲ ဖြစ်စေတတ်သည်။ သားအိမ်ထွက်ပေါက် လုံးဝပွင့်ကျယ်သွားလျှင် သန္ဓေသား၏ ဘဝကူးခရီးဒုတိယပိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။


          ထိုအချိန်တွင် သားအိမ်ညှစ်အားပိုကောင်းလာပြီး ညှစ်ချိန်လည်း ပိုကြာလာလေ့ရှိသည်။ သန္ဓေသားအပေါ်တွန်းချနေသည့် သားအိမ်ညှစ်အားသည် တဖြည်းဖြည်း ပိုစိပ်လာသည်။ မွေးထွက်လာခါနီးတွင် သန္ဓေသားကို တွန်းချနေသည့် ညှစ်အားသည် တစ်မိနစ်တစ်ကြိမ်၊ သုံးမိနစ်တစ်ကြိမ် တွန်းချနေတတ်သည်။ ထိုသို့ ခပ်စိပ်စိပ် အားပါပါတွန်းချခံလိုက်ရသဖြင့် သန္ဓေသားသည် ပွင့်ကျယ်နေပြီးဖြစ်သော မွေးလမ်းကြောင်း အတွင်းသို့ သက်ဆင်းဝင်ရောက်လာရသည်။


          အတွေ့ရများသည့် ဇောက်ထိုးအနေအထားတွင် သန္ဓေသား၏ ဦးခေါင်းကို အင်္ဂါဇာတ်အပေါက်ဝမှ မြင်လာရပြီဖြစ်သည်။ အတင်း တွန်းချခံလိုက်ရချိန်တွင် ပိုပြူတစ်လာတတ်သည်။

          ဤကဲ့သို့ ပြူတစ်လာလိုက် ပြန်ပြီးဝင်သွားလိုက်ဖြစ်နေစဉ် တစ်ချိန်တွင် ဦးခေါင်းပိုင်းသည် ပြန်ဝင်သွားခြင်းမရှိဘဲ အပေါက်ဝ၌ တစ်နေတော့သည်။ နောက်တစ်ကြိမ် ညှစ်အားနှင့်အတူ များသောအားဖြင့် သန္ဓေသား မွေးထွက်လာလေ့ရှိသည်။


          သားအိမ်အတွင်းမှ အတင်းတွန်းချခံလိုက်ရသည့် သန္ဓေသား မွေးလမ်းကြောင်းအတွင်းမှ အတင်းတိုးထွက်လာရပုံသည် အလွန်ပင် ကျပ်တည်းလွန်းလှသည်။

          သန္ဓေသား မွေးဖွားတိုးထွက်လာကြရသည့် လမ်းကြောင်းသည် အသားလွှာပါးဖြစ်ပြီး ချွဲများရှိနေသဖြင့် သန္ဓေသား တွန်းတိုးထွက်လာရသည်မှာ အပန်းမကြီးလှပေ။ သို့သော် မွေးလမ်းကြောင်းသည် တင်ဆုံရိုးကွင်းအတွင်းမှ ဖြတ်သွားသဖြင့် တင်ဆုံရိုးကွင်းအဝကျယ်၏ ခွင့်ပြုသမျှသာ လှည့်ပြောင်းတွန်းတိုးထွက်လာနိုင်ပေသည်။


          တင်ဆုံရိုးကွင်း၏ ဝမ်းဗိုက်ခေါင်းဘက် အပေါက်ဝသည် ကန့်လန့်ဖြတ်(ဘေးတိုက်) ပိုကျယ်လေ့ရှိသည်။ သန္ဓေသား၏ ဦးခေါင်းသည် ထိပ်တည့်တည့်မှကြည့်လျှင် ဘဲဥပုံ ရှည်မျောမျောဖြစ်ပြီး ရှေ့နောက် အတိုင်းအတာသည် ဘေးတိုက် အတိုင်းအတာထက် ပိုကြီးသည်။ ထို့ကြောင့် တင်ဆုံရိုးကွင်း၏ ဝမ်းဗိုက်အပေါက်ဝကို ဖြတ်ထွက်စဉ်မှာ များသောအားဖြင့် သန္ဓေသား၏ မျက်နှာသည် ဘေးဘက်သို့ လှည့်နေကြရသည်။


          သန္ဓေသား တိုးထွက်လာရသည့် မွေးလမ်းကြောင်းသည် ထက်အောက်ဖြောင့်တန်းနေခြင်းမရှိဘဲ ရှေ့ဘက်သို့ အနည်းငယ် လှည့်နေသည့် ပြွန်ကွေးသဖွယ် ဖြစ်နေသောကြောင့် သန္ဓေသား၏ ဦးခေါင်းသည် ဘေးတိုက်အနေအထား၌ အမြဲရှိမနေနိုင်ပေ။ မွေးလမ်းကြောင်းတစ်လျှောက် တိုးထွက်စဉ်အနေအထား လှည့်ပြောင်းရသည်။


          ပထမဆုံး ပြောင်းလဲမှုသည် ခေါင်းငုံ့လာမှု FLEXION ဖြစ်သည်။ သန္ဓေသား၏ နောက်ဆုံးလများ၌ ခေါင်းငုံ့အနေအထားတွင် ရှိနေသည့်တိုင် တွန်းချနေသည့် သားအိမ်ညှစ်အားကြောင့် သန္ဓေသားမေးစေ့သည် သူ့ရင်ဘတ်နှင့် ထိသည်အထိ ငုံ့သွားစေသည်။


          သန္ဓေသားဦးခေါင်းသည် တင်ဆုံရိုးကွင်းအတွင်း ဖြတ်လျှိုသွားပြီးသည့်အခါ မွေးလမ်းကြောင်း၏ ကွေးနေသောအပိုင်းသို့ ရောက်ရှိလာသည်။ ထိုအချိန်၌ပင် သန္ဓေသား၏ပခုံးသည် တင်ဆုံရိုးကွင်းအဝတွင် နေရာယူထားမည်ဖြစ်သည်။ မွေးလမ်းကြောင်းသည် ထက်အောက်တည့်မနေဘဲ ကွေးနေသည့်အတွက် သားအိမ်ညှစ်အား၏ တွန်းချမှုခံနေရသော သန္ဓေသားသည် အောက်ဘက်သို့ တည့်တည့်ဆင်းမလာနိုင်ပေ။ ထွက်ပေါက်ရှိရာ အရှေ့ဘက်သို့ အတင်းတိုးထွက်လာကြရသည်။


          တင်ဆုံရိုးကွင်း၏ အောက်ဘက်အပေါက်ဝသည် ဝမ်းဗိုက်ဘက်အဝကဲ့သို့ ဘေးတိုက် ပိုကျယ်မှုမရှိဘဲ ရှေ့နောက် အတိုင်းအတာသည် ဘေးတိုက်အနေအထားထက် ပိုကျယ်နေပြန်သည်။ ထို့ကြောင့် တိုးထွက်လာနေသော သန္ဓေသား၏ ဦးခေါင်းပိုင်းသည် ဘေးသို့ လှည့်နေရာမှ ရှေ့နောက် အနေအထားသို့ အလိုက်သင့် လှည့်ပြောင်းရပြန်ပါသည်။


          မိခင်ရှေ့ဘက် ကျောပေးတည်နေကြသည့် သန္ဓေသားတို့တွင် ဦးခေါင်းပိုင်းနောက်စေ့သည် ယခုအချိန်၌ မိခင်၏ ဆီးခုံရိုးအောက်နားတွင် ကပ်နေတတ်သည်။ သန္ဓေသား၏ လည်ကုပ်သည် မိခင်၏ ဆီးခုံရိုးအတွင်းဖက် မျက်နှာပြင်နှင့် ထောက်နေတတ်သည်။


          နောက်တစ်ကြိမ် သားအိမ်ညှစ်လိုက်သည့်အခါ သန္ဓေသား၏ လည်ကုပ်ပိုင်းသည် ဆီးခုံရိုးနှင့် ထောက်နေသဖြင့် လည်ကုပ်နေရာသည် ပတ္တာကဲ့သို့ဖြစ်လာပြီး ထွက်လာသည့် ဦးခေါင်းပိုင်းသည် ဇက်လန်ခေါင်းလျှိုထွက်လာသကဲ့သို့ ဖြစ်လာသည်။


          မိခင်အပြင်ဘက် ထွက်လာသည့်ဦးခေါင်းပိုင်းသည် သူ၏အနေအထားကို ကန့်သတ်ပေးမည့် အစိတ်အပိုင်းတို့ ရှိမနေတော့သဖြင့် ခန္ဓာကိုယ်နှင့် အလိုက်သင့်အနေအထားသို့ အလွယ်တကူပြောင်းလဲသွားလေ့ရှိသည်။


          သန္ဓေသားဦးခေါင်းပိုင်း မွေးထွက်ပြီးလျင် ကိုယ်လုံးပိုင်း တိုးထွက်မွေးဖွားလာရန်သာ ရှိသည်။ ကိုယ်လုံးပိုင်းတိုးထွက်လာရသည့် မွေးလမ်းကြောင်းသည် ဦးခေါင်းပိုင်း တွေ့ကြုံခဲ့ရသည့် လမ်းကြောင်းပင်ဖြစ်ရာ ဦးခေါင်းပိုင်း လှည့်ပြောင်းရသကဲ့သို့ ကိုယ်လုံးပိုင်းလည်း လှည့်ပြောင်းရသည်။ မွေးလမ်းအတွင်း ကိုယ်လုံး လှည့်ပြောင်းလှုပ်ရှားမှုနှင့် အလိုက်သင့် ဦးခေါင်းပိုင်းလည်း လိုက်ပြီး လှည့်ပြောင်းရပေသည်။


          တင်ဆုံရိုးကွင်း၏ ထွက်ပေါက်ဘက်အဝသည် ရှေ့နောက် ပိုကျယ်သဖြင့် သန္ဓေသားပခုံးသည်လည်း ရှေ့နောက် တန်းနေသည့် အနေအထားနှင့် တိုးထွက်လာရသည်။ ပခုံးတစ်ဖက်သည် ဆီးခုံရိုးအောက်ဘက်နားမှ မွေးထွက်လာသကဲ့သို့ ကျန်ပခုံးတစ်ဖက်သည် စအိုပေါက်ဖက်မှ မွေးထွက်လာမည်ဖြစ်သည်။


          သန္ဓေသား၏ ခန္ဓာကိုယ်တွင် ဦးခေါင်းနှင့် ပခုံးအစိပ်အပိုင်းသည် အကျယ်ဆုံးဖြစ်သဖြင့် သူတို့ မွေးထွက်ပြီးလျှင် ကျန်ကိုယ်လုံးသည် အခက်အခဲမရှိမွေးထွက်လာလေ့ရှိသည်။ များသောအားဖြင့် လက်နှစ်ဖက် ပိုက်ထားသည့်သဏ္ဍာန်နှင့် မွေးလာတတ်ပြီး လက်ဖဝါးပိုင်းသည် မေးစေ့နားတွင် ရှိနေတတ်သည်။


          ဤသည်ကား ခေါင်းငုံ့ဇောက်ထိုးမျက်နှာနောက်လှည့်အနေအထားရှိ သန္ဓေသား မွေးထွက်လာပုံအဆင့်ဆင့် ဖြစ်သည်။

          တစ်နည်းအားဖြင့် ကျဉ်းမြောင်းကျပ်တည်းလှသော မွေးလမ်းကြောင်းတစ်လျှောက် သန္ဓေသားသည် မိခင်က အတင်းညှစ်ချ၍ လျှောခနဲ မွေးထွက်လာခြင်းမဟုတ်ဘဲ ဟိုလှည့် ဒီလှည့်နှင့် အတင်း တိုးထွက်လာရခြင်း ဖြစ်ပေသည်။


          သန္ဓေသား၏ ဘဝကူးခရီးတွင် အချို့လွယ်ကူ မြန်ဆန်ကြသော်လည်း အချို့ ကြာတတ်ကြသည်။ သားအိမ်ဝစကျယ်သည်မှ အချင်းမွေးထွက်လာပြီးသည့်အချိန်သည် သားဦးသန္ဓေနှင့် သားနှောင်းသန္ဓေတို့၌ မတူညီကြချေ။ များသောအားဖြင့် သားဦးသန္ဓေသည် ပိုကြာတတ်ကြသည်။


          ယေဘုယျအားဖြင့် သန္ဓေသား၏ ဘဝကူးခရီးကား ရှစ်နာရီမှ ဆယ့်ခြောက်နာရီထိ ကြာသည်က များသည်။ နှိုင်းရသဘောအားဖြင့် အမြန်ရထားကြီး ရန်ကုန်မှ မန္တေလေးသို့ မိုင်ပေါင်း လေးရာနီးနီး ခရီးတွင်သည့်အချိန်တွင် တစ်ပေပင်မပြည့်သည့် မွေးလမ်းကြောင်းတစ်လျှောက် သန္ဓေသားသည် အတင်းရုန်းကန် တိုးထွက်လာရသည်ဟု ဆိုနိုင်သည်။


          သန္ဓေသား၏ ဘဝကူးခရီးသည် အချိန်အတိုင်းအတာအားဖြင့် မနီးလှဟု ဆိုရမည်ပင်။ သန္ဓေသား၏ ဘဝကူးခရီးသည် အချိန်အတိုင်းအတာအားဖြင့် မနီးလှဟု ဆိုရမည်ပင်။

          သန္ဓေသား၏ ဘဝကူးခရီး မည်မျှပင်ခက်ခဲကြန့်ကြာသည်ဖြစ်စေ သူ့ဘဝကူးခရီး ပြီးမြောက်အောင်မြင်သည့်အခါ သန္ဓေသား ကြွေးကြော်လေ့ရှိသည်မှာကား

          အူဝဲ . . အူဝဲ ပင်တည်း။

          သန္ဓေသားဘဝမှ ကလေးငယ်ဘဝသို့ ကူးပြောင်းသွားချိန်တွင် သန္ဓေသား၏ ဒိုင်ယာယီသည်လည်း အဆုံးသတ်လေတော့သည်။

Credit : ဒေါက်တာ မြင့်သန်း(သန္ဓေသား)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18