ဗိုက်ခွဲမွေးဖွားခြင်း
25-Feb-2020ဗိုက်ခွဲမွေးမယ့် မိခင်အနေနဲ့ ဆေးရုံကြိုတင်ဖို့ ဘာကြောင့် လိုအပ်ပါသလဲ။
အရေးပေါ်မဟုတ် နေ့ကောင်းရက်သာရွေးပြီး ခွဲတော့မယ် ဆုံးဖြတ်ပြီးလို့ရှိရင် မခွဲခင် အနည်းဆုံး တစ်ရက်၊ နှစ်ရက်၊ သွေးတိုးတို့၊ ကိုယ်ဝန်ဆိပ်တက်တာတို့ဆိုရင် တစ်ပတ်၊ နှစ်ပတ်လောက် ဆေးရုံကြိုတင်တက်ရပါတယ်။ ဘာပြဿနာမှ မရှိရင်တောင် မနက်ဖြန် ခွဲမယ်ဆိုရင် တစ်ရက်လောက်တော့ ကြိုတင် တက်ရပါတယ်။ ဆေးရုံနဲ့အသားကျစေရန်၊ မွေးဖွားရန်လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်ရန်၊ သန့်ရှင်းရေး၊ သွေးအုပ်စုရှာဖွေခြင်း၊ အစာမစားဘဲ ရှောင်ကြဉ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း (နှလုံး၊ အဆုတ်၊ ဆီး၊ သွေး စသည် ) တို့ ပြုလုပ်နိုင်စေရန်ဖြစ်သည်။
ဗိုက်ခွဲမွေးဖွားတဲ့အခါမှာ မေ့ဆေး၊ ထုံဆေးနှစ်မျိုးအနက် ဘာကို ရွေးချယ်လေ့ရှိပါသလဲ
ခွဲပေးမယ့် သားဖွားမီးယပ်ပါရဂူနဲ့ မေ့ဆေးဆရာတို့ နှစ်ဦးစလုံး ရဲ့ဆန္ဒသက်သက်နဲ့ မေ့ဆေး၊ ထုံဆေးရွေးချယ်တာမျိုး မဟုတ်တော့ဘဲ လူနာရဲ့ သဘောဆန္ဒကို အတတ်နိုင်ဆုံး လိုက်လျောပေးတာမျိုး ရှိလာပါပြီ။ လူနာများကို ထုံဆေးအာသီသရှိသလား၊ မေ့ဆေးအာသီသ ရှိသလား၊ မေးလေ့ရှိပါတယ်။ မေ့ဆေးပေးဖို့ အခြေအနေမျိုးလုံးဝ မရှိတဲ့လူနာက မေ့ဆေးပေးဖို့ တောင်းဆိုရင် မေ့ဆေးဆရာဝန်က လုံးဝ မေ့ဆေးပေးမှာတော့ မဟုတ်ပါဘူး။
ဗိုက်ခွဲမွေးဖွားတဲ့အခါမှာ အချိန်ဘယ်လောက်ကြာလေ့ရှိပါသလဲ
ပထမဆုံးအကြိမ် ခွဲမွေးတာလည်း ဖြစ်မယ်ဆိုရင် မိနစ် ၄၀ ကနေ အလွန်ဆုံး တစ်နာရီကျော်ကျော်လောက်ပဲ ကြာလေ့ရှိပါတယ်။ သမားရိုးကျကတော့ တစ်နာရီလောက် မှန်းထားပြီး သိပ်ခက်ရင် တစ်နာရီခွဲ၊ နှစ်နာရီကြာမယ်လို့ မှန်းထားလို့ရပါတယ်။ သုံးခါမြောက် သားကြောပါ ဖြတ်တယ်။ အထဲမှာ တော်တော်လေး ရှင်းလင်းယူရင် တစ်နာရီခွဲ၊ နှစ်နာရီ ကြာသွားတတ်ပါတယ်။
ဗိုက်ခွဲမွေးတဲ့ လူနာအနေနဲ့ ဘယ်အချိန်မှာ အစာရေစာ ပြန်စားလို့ရပါသလဲ။
ထုံဆေးနဲ့ခွဲရင် အချိုရည်၊ ကော်ဖီ၊ မာတိုဗာ၊ အိုဗာတင်း ချက်ချင်းသောက် လို့ရတယ်။ တချို့ ဘီစကွတ်မုန့်တွေ စားလို့ရပါတယ်။ ခွဲစိတ်ပြီး ငါးနာရီအကြာလောက်ဆိုရင် ထမင်းတောင်စားလို့ရပါတယ်။
မေ့ဆေးနဲ့ခွဲတဲ့လူကျတော့ အရင်ဆုံး မေ့ဆေးပြေအောင် စောင့်ရပါတယ်။ တော်တော်လေး သတိကောင်းကောင်းရလာပြီး နှစ်နာရီကြာ၊ သုံးနာရီကြာမှ ဇွန်းလေးနဲ့ ရေတိုက်ပေးရပါတယ်။ မအန်တော့ဘူး၊ မမူးတော့ဘူးဆိုမှ တစ်ဇွန်းကနေ၊ နှစ်ဇွန်း၊ သုံးဇွန်းစသဖြင့် တိုက်ရပါတယ်။ မအန်တာ တော်တော်လေးကြာမှ အစားအသောက် စစားရပါတယ်။
နို့တိုက်မိခင်များအနေနဲ့ မီးတွင်းမှာရော၊ မီးထွက်မှာရော အာဟာရပြည့်ဝအောင် အစုံအလင်စားရပါမယ်။ စားတာမှ ပုံမှန်စားနေကျထက် ပိုစားရပါမယ်။
ဗိုက်ခွဲမွေးတဲ့ မိခင်အတွက် အစားအသောက်ပိုင်းအပြင် အနေအထိုင် အဝတ်အစားပိုင်းနဲ့ ပတ်သက်လို့ရော သိသင့်တာလေးတွေ ရှိပါသလား။
ခွဲပြီး ၂၄ နာရီနောက်ပိုင်းမှာ ဖြီးလိမ်းဝတ်စားတာအပြင် အထိုင်အထလုပ်တာ၊ တွဲပြီး လမ်းလျှောက်တာ လုပ်ပေးရပါတယ်။ မိခင်က ထိုင်လို့၊ ထလို့၊ သွားလို့၊ လာလို့ ချုပ်ရိုးပြုတ်တာ မရှိပါဘူး။ ရဲရဲတင်းတင်းသာ လှုပ်ရှားပါ။ ချုပ်ရိုးက ခုနှစ်ထပ် ခုနှစ်လွှာ ချုပ်ထားတာဆိုတော့ ဘာမှစိုးရိမ်စရာ မရှိဘူး။
ဗိုက်ခွဲမွေးတဲ့မိခင်ရဲ့ နို့တိုက်ကျွေးခြင်းနည်းလမ်း
ပထမဆုံးရက်မှာ နို့ဦးရည်တိုက်တာအင်မတန် အကျိုးရှိတဲ့အတွက် မွေးပြီးတာနဲ့ ကလေးကို နို့ဦးရည် တိုက်လို့ရပါပြီ။ ကလေးကို ချုပ်ရိုးပေါ် တင်လို့ရပါတယ်။ ကလေးအလေးချိန် ဘာမှမဖြစ်ဘူး။ ကွဲထွက်စရာအကြောင်းလဲမရှိဘူး။ ရဲရဲတင်းတင်းသာ တင်ပြီးတိုက်ပါ။
ခွဲမထားတဲ့ မိခင်များတိုက်သလို ကိုယ့်ဘေးနားမှာ ကလေးကို လှဲသိပ်ပြီးပဲဖြစ်ဖြစ် အနေအထားအမျိုးမျိုးနဲ့ နို့တိုက်ရပါတယ်။ ခွဲထားတာကြောင့် ဆိုပြီး ဆင်ခြင်စရာ မလိုပါဘူး။ ဘယ်သူမှလည်း မေးစရာလည်း မလိုဘူး။
အဲဒီချုပ်ရိုးကို ဘယ်အချိန်မှာ ဖြုတ်ပေးပါသလဲ
များသောအားဖြင့် ခုနစ်ရက်နေရင် အကုန်ဖြုတ်ပါတယ်။ တချို့လူနာက ဝတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ် ခွဲတယ်ဆိုရင် ခြောက်ရက်မှာ တစ်ချောင်းဖြုတ်ပြီးတော့ ရှစ်ရက်၊ ကိုးရက်မှာ အကုန်ဖြုတ်ပါတယ်။
ဗိုက်ခွဲမွေးတဲ့ မိခင်ဟာ ဆေးရုံမှာ ဘယ်နှရက်လောက် ဆက်နေရပါသလဲ။
ကလေးမွေးတဲ့ မိခင်များက ခွဲရသည်ဖြစ်စေ၊ မခွဲရသည်ဖြစ်စေ၊ မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန်ပြည့်စုံနေမှ နှစ်ဦးစလုံးစုံမှ ဆေးရုံမှဆင်းရပါတယ်။ ကလေးက အသားဝါနေလို့ ဖျားနေလို့ အရေပြားအနာပေါက်လို့၊ အဆုတ်မကောင်းလို့ အမေက အနာမကျက်လို့၊ ချုပ်ရိုးမကျက်လို့ အဖျားဝင်လို့၊ နို့ နာတာရှိလို့ စောင့်ရတာလည်း ရှိပါတယ်။
တချို့ကလေးကျ မွေးပေါင်မပြည့်ဘူး။ သုံးပေါင်ခွဲ၊ လေးပေါင်မွေးတယ်။ လေးပေါင်ကနေ ငါးပေါင်ပြည့်မှ ဆင်းရတာမျိုး ရှိပါတယ်။
အသက်ရလာတဲ့ ဗိုက်ခွဲမွေးထားတဲ့ မိခင်တစ်ဦးက သူ့အသက် အရွယ်ကြောင့်လည်းတစ်ကြောင်း၊ သားထောက်သမီးခံ နည်းလွန်းတာလည်း တစ်ကြောင်းကြောင့် သိပ်လမခြားဘဲ ကလေးနောက်တစ်ယောက် ထပ်ယူချင်တယ်ဆိုရင် ဘယ်လိုလုပ်ရပါမလဲ။
အကြောင်းအမျိုးမျိုးကြောင့် ကလေးမြန်မြန်ယူချင်သော်လည်းပဲ သားအိမ်ခွဲကြောင်းကို အနားပေးတဲ့ အနေနဲ့ တစ်နှစ်တော့ သားဆက်ခြားရပါတယ်။ ခြောက်လအတွင်း ကိုယ်ဝန်ထပ်ရှိလို့မဖြစ်ပါဘူး။
ဗိုက်ခွဲမွေးလို့ ခွဲကြောင်းရှိနေရင် တစ်နှစ်၊ သို့တည်းမဟုတ် နှစ်နှစ်သားဆက်ခြားစေချင်တယ်။
Credit : ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင်